Tuesday, May 21, 2013

ကုန်သွယ်မှု တိုးမြှင့်နိုင်ရန် ထိုင်းနိုင်ငံမှ စီးပွားရေး စင်္ကြန်အဖြစ် ဆောင်ရွက်ပေးမည်

ရန်ကုန် (မဇ္ဈိမ)။        ။ ပြည်တွင်းရှိ စီးပွားရေး လုပ်ငန်းရှင်များကို ထိုင်းနိုင်ငံတွင် သာမက အာဆီယံဈေး ကွက် အတွင်း၌ပါ ကုန်သွယ်မှု တိုးမြှင့်နိုင်ရန် ထိုင်းနိုင်ငံမှ စီးပွားရေးစင်္ကြန် အဖြစ် ဆောင်ရွက်ပေးမည်
ဖြစ်ကြောင်း ထိုင်းနိုင်ငံ ညီလာခံနှင့် ပြပွဲဆိုင်ရာ အဖွဲ့အစည်း (TCEB)မှ ပြပွဲ ဒါရိုက်တာ မစ္စ ဆူပါဝန်တီရာရက် ကပြောသည်။

၎င်းက "ထိုင်းနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ ကုန်သွယ်မှု ပြပွဲများမှာ ပါဝင်ပြသခြင်းဟာ ထိုင်းလုပ်ငန်းရှင်များနဲ့ပါ ကွန်ရက်ချိတ်ဆက် နိုင်မဲ့ အခွင့်အလမ်းတွေ ရရှိလာစေမှာ ဖြစ်ပါတယ်။ ဒီနည်းအားဖြင့် မြန်မာ့စီးပွားရေး လုပ်ငန်းတွေဟာ ထိုင်းနိုင်ငံရဲ့ ပြပွဲဆိုင်ရာ နည်းလမ်းက တဆင့် ၎င်းတို့ရဲ့ ကုန်သွယ်မှု တန်ဖိုးတွေကို တိုးမြှင့်နိုင်မှာ ဖြစ်ပါတယ်" ဟု ဆိုသည်။

အဆိုပါ (TCEB) သည် ပြည်တွင်းရှိ စီးပွားရေး အခွင့်အလမ်းများကို မြှင့်တင်ရန်နှင့် နှစ်နိုင်ငံအကြား
ပြပွဲလုပ်ငန်းတွင် ကွန်ရက်တည်ဆောက်ခြင်းဖြင့် ဆက်သွယ်မှုကို ပိုမိုတိုးမြှင့်ရန် UMFCCI နှင့်ပူးပေါင်း ပြီး ပထမဆုံး တရားဝင် ပြပွဲများ လှည့်လည် ပြသမှုကို ပြည်တွင်း၌ ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ ထို့နောက်
ပြည်တွင်းရှိ လုပ်ငန်းရှင်များကို ထိုင်းနိုင်ငံတွင် ပြပွဲများ ပါဝင်ပြသရန် ဖိတ်ခေါ်သွားမည် ဖြစ်သည်။

မြန်မာလုပ်ငန်းရှင်များ အနေဖြင့် မိမိတို့၏ စီးပွားရေး လုပ်ငန်းများကို ပြည်တွင်းသာမက ပြည်ပတွင်ပါ ထိုးဖောက်နိုင်ရန်မှာ နိုင်ငံတကာ ပြပွဲများတွင် ၀င်ရောက်ပြသရန် လိုအပ်ကြောင်း၊ ထိုသို့ ပြသခြင်းဖြင့် အခြားနိုင်ငံများမှ စီးပွားရေး လုပ်ငန်းရှင်များနှင့် ချိတ်ဆက်မိပြီး အခွင့်အလမ်းကောင်းများ ရရှိလာမည်
ဖြစ်ကြောင်း UMFCCI ပြပွဲကော်မတီ အတွင်းရေးမှူး ဦးမျိုးသန့်က ပြောသည်။

UMFCCI ဥက္ကဌ ဦးဝင်းအောင်က "အာဆီယံဟာ ၂၀၁၅ခုနှစ်မှာ အပြည့်အဝ ပေါင်းစည်းနိုင်ဖို့ နီးကပ်လာ ချိန်မှာ ကျွန်တော်တို့အတွက် ပိုမိုများပြားတဲ့ အခွင့်အလမ်းတွေက စောင့်ကြိုနေပြီဖြစ် ပါတယ်။ ဒီပြပွဲဟာ ထိုင်းမြန်မာ အပြန်အလှန် ကုန်သွယ်မှုနဲ့ ပြပွဲလုပ်ငန်းအတွက် ကောင်းမွန်တဲ့ အစပြုခြင်း ဖြစ်ပါလိမ့်မယ်" ဟုဆိုသည်။

ထို့အပြင် ထိုင်းနိုင်ငံ၏ ကုန်သွယ်မှု ပြပွဲများသည် စားသောက်ကုန်နှင့် လယ်ယာ စိုက်ပျိုးရေး ၀န်ဆောင်မှု များ၊ ဆေးဘက်ဆိုင်ရာနှင့် ကျန်းမာရေး စောင့်ရှောက်မှု စသည့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးဆဲ လုပ်ငန်းနယ်ပယ်များ အတွက် ကုန်သွယ်မှု ဈေးကွက် အဖြစ်လည်း ဆောင်ရွက်ပေးမည် ဖြစ်သည်။

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံ၏ ထိပ်တန်း ကုန်သွယ်ဖက် သုံးဦးတွင် အပါအဝင် ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ
နိုင်ငံခြား ကုန်သွယ်မှုဌာန၏ စာရင်းဇယားများအရ ၂၀၁၂ခုနှစ်တွင် နှစ်နိုင်ငံအကြား ကုန်သွယ်မှု ပမာဏ သည် အမေရိကန်ဒေါ်လာ ၇၂၈၇ သန်းခန့်ရှိခဲ့ပြီး ၂၀၁၃ခုနှစ် ပထမနှစ်လအတွင်း အမေရိကန် ဒေါ်လာ ၁၃၂၆သန်းထိ ရှိနေပြီး ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။