Tuesday, May 21, 2013

PET/ CT scanစက်ဖြင့် ရောဂါစစ်ဆေးရှာဖွေနိုင်တော့မည်

ရန်ကုန် ပြည်သူ့ဆေးရုံကြီး၌    PET/CT ( Position Emission Tomography/Computed Tomography ) scan စက်ကို ပထမဆုံး အကြိမ် စတင်တပ်ဆင် အသုံးပြုတော့မည့်  ဖြစ်ကြောင်း သိရှိရသည်။

 

PET/ CT scan စက်ဖြင့် ရောဂါရှာဖွေ စစ်ဆေးမှု ပြုလုပ်နိုင်ပါက လက်ရှိ CT scan စက်များ၊ MRI စက်များကို  အသုံးပြုရန်ပင် မလိုအပ်တော့ကြောင်း  ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ အနုမြူရောင်ခြည် ဆေးပညာဌာနမှုး၊ ပါမောက္ခ ၊ဆရာဝန်ကြီး ဒေါက်တာကျင်မြင့်က ပြောကြားသွားသည်။

 

တပ်ဆင်အသုံးပြုတော့မည့် PET/ CT scan စက်ကို ရောဂါရှာဖွေရာတွင်  သက္ကရာဇ် ၂၀၀၀ခန့်က စတင် အသုံးပြုခဲ့ကြကြောင်း၊ စင်္ကာပူနိုင်ငံတွင် ၂၀၀၃ခုကပင် သုံးစွဲနေခဲ့ကြောင်း၊ ယခင်က  မြန်မာနိုင်ငံတွင် ဤစက်ကို အသုံးမပြုနိုင်ခဲ့သည့်အတွက် ကင်ဆာရောဂါများကို ရှာဖွေကုသရာတွင် ထိရောက်မှု အားနည်းခဲ့ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ အနုမြူရောင်ခြည် ဆေးပညာဌာနမှုး၊ ပါမောက္ခ ဒေါက်တာ ကျင်မြင့်က ကန်တော်ကြီးဟိုတယ်တွင် မေလ ၁၉ ရက်နေ့ပြုလုပ်ခဲ့သော Health care Program တွင်ပြောကြားခဲ့ခြင်းဖြစ်သည်။

 

ထို့ကြောင့် Nuclear Medicine( အနုမြူရောင်ခြည် ဆေးပညာ ) ကို  Unclear Medicine ( မသေချာ,မရေရာသည့် ဆေးပညာ) ဟုပင် ပြောဆိုဝေဖန်မှု ခံခဲ့ရကြောင်း၊ PET/CT scanစက်ဖြင့် တိကျစွာ ရောဂါ ရှာဖွေ စမ်းသပ်မှု ခံယူလိုပါက အိမ်နီးချင်း ယိုးဒယားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ စင်္ကာပူနိုင်ငံများသို့ သွားရောက်ကုသနေရသည့်  ဒုက္ခမှ ကင်းဝေးနိုင်တော့မည်  ဖြစ်၍ ယခု အစီအစဉ်ကို ဖြစ်မြောက်အောင် ခွင့်ပြု အကောင်အထည် ဖေါ်ပေးခဲ့သော  နိုင်ငံတော် အစိုးရနှင့် ကျန်းမာရေးဝန်ကြီးဌာနကို အထူးပင် ကျေးဇူးတင်ရှိ ပါကြောင်း ပြောကြားသည်။

 

" မနှစ်က ကျွန်မကို  Memogram ရိုက်ရမယ်  ဆိုတော့ အပြင်မှာ အရင်စုံစမ်းတယ်။ အဲဒီ စက်က ရန်ကုန်ဆေးရုံကြီး  မှာ တစ်လုံး၊ နောက်, ဆာကူရာအထူးကုဆေးရုံကြီးမှာပဲ တစ်လုံးရှိတယ်လို့ သိရတယ်။ ဆာကူရာမှာ မေးတော့ ရိုက်ခ, ရှစ်သောင်း ကျမယ် ဆိုတာနဲ့ မတတ်နိုင်လို့ ရန်ကုန်ဆေးရုံကြီးမှာ သွားရိုက်တာ။ ငွေသွင်းတဲ့ဆီ မှာ အကြာကြီး စောင့်ရ  တယ် ။ အခုလည်း ဒီလောက် ကောင်းတဲ့ စက်ကြီး ရောက်တော့မယ် ကြားရတာ ၀မ်းတော့သာပါတယ် စက်ကို မြန်မြန်တပ်ပြီး သွားရင် ကောင်းပါတယ်"ဟု ရင်သားကင်ဆာရှိ၊မရှိ စစ်ဆေးရန်အတွက် Memogram ရိုက်ကူးစစ်ဆေးရန် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ဓါတ်မှန်ဌာနသို့ သွားရောက်ဖူးခဲ့သူ မမြမြကြည်က ပြောသည်။

 

မြန်မာနိုင်ငံတွင် ယခု အသုံးပြုလျက်ရှိသော CT scan စက်များမှာ ဓါတ်မှန်ရောင်ခြည်ကို လူ့ခန္ဓာကိုယ်အား ဖြတ်သန်းစေပြီး စစ်ဆေးမှုဖြစ်၍ ချောင်းကြည့်ရသည်နှင့် တူသောကြောင့် ရောဂါအခြေ အနေကို ခန့်မှန်းရုံ သာ ဖြစ်ကြောင်း၊ ယခုတပ်ဆင် အသုံးပြုတော့မည့် PET/ CT scanစက်မှာမူ လူ့ခန္ဓာကိုယ်ထဲသို့ ရေဒီယို သတ္တိကြွ ပစ္စည်းကို သွေးကြောထဲသို့ ထိုးသွင်းပြီး စက်ဖြင့် စစ်ဆေးခြင်းဖြစ်၍ လူကိုယ်တိုင် ၀င်ရောက် စမ်းသပ် ရှာဖွေ စစ်ဆေးသည်နှင့် တူညီသောကြောင့်  ရောဂါလက္ခဏာများကို စောစီးစွာ တိတိကျကျ အဖြေရှာနိုင်မည် ဖြစ်ကြောင်း  သိရှိရသည်။

 

မြန်မာ နိုင်ငံတွင် အဆိုပါ PET/ CT scanစက်ကို  Philips ကုမ္ပဏီမှ  တင်သွင်းပြီး Snow Everest Co,Ltd နှင့် JJ-Pun Co,Ltd တို့က ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

 

ယခုတပ်ဆင်မည့် PET/ CT scanစက်ကို Philips Healthcare ကုမ္ပဏီသည် ကျန်းမာရေးဝန်ကြီးဌာန၏ တင်ဒါခေါ်ယူမှုဖြင့် တင်သွင်းခြင်းဖြစ်သည်။

 

စက်ကို ၂၀၁၄ခု နှစ်ဦးပိုင်း သို့မဟုတ် နှစ်လယ်ပိုင်းခန့်တွင် တပ်ဆင်  ပြီးစီးနိုင်မည်ဟု ဆိုသည်။ မြန်မာတစ်နိုင်ငံလုံးတွင် ကျွမ်းကျင်သော အနုမြူရောင်ခြည် ဆေးပညာရှင် (၇)ဦး သာ ရှိနေကြောင်း၊ ထို့ကြောင့်  PET/ CT scanဖြင့် ပုံရိပ်ဖတ်ခြင်းနည်းပညာ ကျွမ်းကျင်သူများ ၊ စက်ကို ကျွမ်းကျင်စွာ ကိုင်တွယ် နိုင်မည့် ၀န်ထမ်းများ၊ တိကျစွာ အဖြေထုတ်ပေးနိုင်မည့် ဆေးပညာရှင်များ ပြည့်စုံစေရန် အတွက် Philips ကုမ္ပဏီမှ ပညာပေးအစီအစဉ်များ၊နည်းပညာအကူအညီများ၊ သြစတေးလျ၊ အိန္ဒိယ၊ စင်္ကာပူ နှင့် ထိုင်းနိုင်ငံ တို့မှ ဆေးပညာရှင် များ နှင့် မြန်မာနိုင်ငံမှ ဆေးပညာရှင်များကို တွေ့ဆုံဆွေးနွေး မှုများ၊ သင်တန်းများ စီစဉ် ပံ့ပိုးလျက် ရှိကြောင်း သိရသည်။


No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။