Thursday, March 21, 2013

ပြည်သူလက်ဝယ်သုံးစွဲနေသော FEC ယူနစ်ပေါင်းသန်း ၃၀ ကျော်ကို ဒေါ်လာ(သို့) ကျပ်ငွေဖြင့် လဲလှယ်ပေးမည့် အစီအစဉ်ကို ပြည်ထောင်စုလွှတ်တော် အတည်ပြု

အများပြည်သူလက်ဝယ် လှည့်လည်သုံးစွဲလျက်ရှိသည့် FEC ယူနစ်ပေါင်း ၃၀ ဒသမ ၉၂ သန်းကျော်ကို တန်ဖိုးညီမျှသော အမေရိကန်ဒေါ်လာ (သို့မဟုတ်)မြန်မာကျပ်ငွေဖြင့် လဲလှယ်ပေးမည့် အစီအစဉ်ကို ပြည်ထောင်စုလွှတ်တော်က မတ် ၂၀ ရက် တွင် အတည်ပြုခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နိုင်ငံတော်၏ စီးပွားရေးစနစ်အတွင်း ကြားခံအဖြစ် သတ်မှတ်သုံးစွဲလျက်ရှိသော FEC အား ပြန်လည်ရွေးနုတ်မည့် အစီအစဉ်နှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်သို့ သ၀ဏ်လွှာပေးပို့ခဲ့ပြီး ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက် ရယူရာတွင် လွှတ်တော်ကိုယ်စားလှယ် အားလုံး၏ သဘောတူညီချက်ဖြင့် အတည်ပြုခဲ့ခြင်း ဖြစ်သည်။
    
နိုင်ငံတော်သမ္မတ၏ သ၀ဏ်လွှာတွင် ''၂၇-၁-၁၉၉၃ တွင် ကျင်းပသော အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၄/၉၃)၏ သဘောတူခွင့်ပြုချက်ဖြင့်  ၄-၂-၁၉၉၃ ရက်နေ့မှစ၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံတော်၏ကိုယ်စား နိုင်ငံခြားငွေလက်မှတ်(FEC) များ ထုတ်ဝေခဲ့ပါသည်။ FEC တစ်ယူနစ် သည် အမေရိကန်တစ်ဒေါ်လာနှင့် တန်ဖိုးတူညီပြီး ၃၁-၁၂-၂၀၁၂ ရက်ရှိ အများပြည်သူလက်ဝယ် လှည့်လည် သုံးစွဲလျက်ရှိသည့် FEC ယူနစ်မှာ ၃၀ ဒသမ ၉၂ သန်းရှိပါသည်'' ဟူ၍ ပါရှိပါသည်။
    
ထို့ပြင် ''နိုင်ငံခြားငွေ လဲလှယ်နှုန်း စနစ်သစ်အရ နိုင်ငံခြားငွေ လက်ဝယ်ထားရှိခြင်း၊ ကိုင်တွယ်သုံးစွဲခြင်း၊ လွှဲပြောင်းပေးချေခြင်းများ ပြုလုပ်နိုင်သဖြင့် နိုင်ငံတော်၏ စီးပွားရေးစနစ်အတွင်း FEC အား ကြားခံအဖြစ် သုံးစွဲရန် မလိုအပ်တော့ကြောင်း တွေ့ရှိရပါသည်။ FEC ကို ကြားခံထားခြင်းကြောင့် နိုင်ငံခြားငွေလဲလှယ်နှုန်း အမျိုးမျိုးကို ဖြစ်ပေါ်စေသဖြင့် တန်ဖိုးညီမျှသော အမေရိကန်ဒေါ်လာ(သို့မဟုတ်) မြန်မာကျပ်ငွေဖြင့် ပြန်လည်လဲလှယ်ပေးပြီး ပြည်သူများလက်ဝယ်ရှိ FEC များကို ပြန်လည်ရွေးနုတ်ယူသင့်ကြောင်း၊ ထိုသို့ ဆောင်ရွက်မည့် အစီအစဉ်ကို ၂၀၁၃ ခုနှစ် မတ်လတွင် အများပြည်သူသို့ အသိပေးကြေညာသင့်ကြောင်း၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့၏ မေခရို စီးပွားရေးအခြေအနေ စောင့်ကြည့်အကဲဖြတ်မည့် အစီအစဉ်က အကြံပြုခဲ့ပါသည်။

FEC များ ပြန်လည်ရွေးနုတ်ယူခြင်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကဘဏ်များနှင့် ဆက်စပ်အဖွဲ့အစည်းများ ပူးပေါင်းလျက် စနစ်တကျ ဆောင်ရွက်မည်ဖြစ်ပါသည်''ဟု ပါရှိသည်။

အိန္ဒိယ-အာဆီယံ လွတ်လပ် ကုန်သွယ်မှုကိစ္စ မြန်မာနယ်စပ်ရှိ NGO အဖွဲ့များ စိုးရိမ်

အိန္ဒိယနှင့် အာဆီယံနိုင်ငံများအကြား ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက သဘောတူခဲ့ကြသည့် လွတ်လပ်စွာ ကုန်သွယ်မှု (FTA)မှာ ပိုမိုပွင့်လင်းသော လုပ်ငန်းစဉ် ရှိရန် မြန်မာ နယ်စပ်ရှိ အိန္ဒိယ လူမှုအဖွဲ့အစည်းများက
တောင်းဆိုလိုက်ကြသည်။

မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပြည်နယ်များရှိ The North East Peoples Alliance ၊ Forum for Indigenous Perspectives and Action ၊ Center for Organization, Research and Education နှင့် Women in Governance (WinG) တို့က ထိုင်းအစိုးရ ဝန်ကြီးချုပ်ရုံး အမြဲတမ်း ကိုယ်စားလှယ်
ဒေါက်တာ Nalinee Taveesin ထံသို့ FTA ညှိနှိုင်း ဆွေးနွေးမှုတရပ်ကို တင်ပြခဲ့ကြကြောင်း မဏိပူရပြည်နယ် အခြေစိုက် Imphal Free Press သတင်းစာက ရေးသားထားသည်။

ပိုမိုပွင့်လင်းမြင်သာမှု ရှိမှသာ ညှိနှိုင်းဆွေးနွေးထားမှုနှင့် ကွာဟမှုကို အများပြည်သူသို့ သိရှိစေပြီး ၎င်းတို့၏ စိုးရိမ် ပူပန်မှုများကို အပြည့်အဝ နားလည်သဘောပေါက်မည်ဟု ၎င်းတို့က ဆိုသည်။

အထိန်းအကွပ်မဲ့ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပုံစံဖြင့် ဖွံ့ဖြိုးတိုးတက်မှုကို အာမခံစေခြင်းသည် လူထုဘဝနှင့် ၎င်းတို့၏ ဝန်းကျင်တွင် ကသောင်းကနင်း ဖြစ်နိုင်ကြောင်း ထောက်ပြထားသည်။

မြန်မာနိုင်ငံသည် အာဆီယံနှင့် အိန္ဒိယ အပါအဝင် တောင်အာရှနိုင်ငံများအကြား ပေါင်းကူး ကုန်းမြေတရပ်အဖြစ် တည်ရှိနေသည်။

အိန္ဒိယနှင့် အာဆီယံနိုင်ငံများအကြား စီးပွားရေး ဆက်ဆံမှုများ ပိုမို အားကောင်းလာစေရေး အတွက် အခရာကျလှသည့် ဝန်ဆောင်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတွင် လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီမှု (FTA) တရပ်ကို ယမန်နှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့က အပြီးသတ် ဆွေးနွေးနိုင်ခဲ့ကြသည်။

"အိန္ဒိယ အရှေ့မြောက်တလျှောက် လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက် (FTA) ကို ၁၉၉၅ အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး အတွေ့အကြုံ သတင်းအချက်အလက်များ ပေးရပါမည်။ ထို အတွေ့အကြုံအရ ဒေသတွင်း ထုတ်ကုန်အရင်းခံများ ပျက်စီးမှု ကြုံခဲ့ရသည်။ အိန္ဒိယ-အာဆီယံ FTA အကောင်အထည်မဖေါ်မီ တူညီသော အကဲဖြတ် ဆောင်ရွက်မှုတခု လုပ်ရပေမည်" ဟု ဖေါ်ပြသည်။

ဇီဝမျိုးကွဲနှင့် ယဉ်ကျေးမှု၊ သတ္တု၊ ရေအား စွမ်းအင် အရင်းအမြစ်များအရ အိန္ဒိယ အရှေ့မြောက်သည် မျိုးကွဲ အစုံလင်ဆုံး ဒေသတခုဖြစ်ပြီး သဘာဝရင်းမြစ်များ ထုတ်ယူ သုံးစွဲသော လုပ်ငန်းများနှင့် ရေအရင်းအမြစ် စွမ်းအင် ထုတ်ယူမှုများကြောင့် ဒေသခံများ ရွှေ့ပြောင်းမှုများနှင့် အသက်မွေးဝမ်းကျောင်း ထိခိုက်ရမှုများ ရှိလာနိုင်သည်ကို ယင်းတင်ပြချက်တွင် မီးမောင်းထိုးပြခဲ့သည်။ အတိတ်ကာလက ဧရာမ ဆည်ကြီးများကြောင့် ဒေသတွင်း သဘာဝ ဝန်းကျင် ထိခိုက်ခဲ့ရမှုများကိုလည်း အသားပေး ဖေါ်ပြထားသည်။

ထို့ကြောင့် နိုင်ငံတကာ လူ့အခွင့်အရေး စံများအရ လူမှုကဏ္ဍ တင်းကျပ်မှုများ လိုအပ်ကြောင်း တင်ပြချက်က ဆိုသည်။

လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီမှု လုပ်ငန်းစဉ်နှင့် ယင်းကို အကောင်အထည် ဖေါ်ခြင်းကို ကုလသမဂ္ဂ၏
ဒေသခံလူထု အခွင့်အရေးဆိုင်ရာ ကြေညာချက်၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်(ILO) ၁၆၉၊ ကုလသမဂ္ဂ၏ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ လက်ရှိ ညွှန်ကြားချက်တို့ကို စောင့်ထိန်းသည့်အနေဖြင့် အရှေ့မြောက်ဒေသ လူထု အခွင့်အရေးများအရ အသိပေးရမည်ဟုလည်း အိန္ဒိယ NGO အဖွဲ့များ၏ တင်ပြချက်တွင် ထပ်မံဖေါ်ပြထားသည်။

လက်ရှိ အိန္ဒိယ-အာဆီယံ ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၈ဝ ဘီလီယံ ရှိနေပြီး လွတ်လပ်စွာ ကုန်သွယ်မှု
နောက် ၂ဝ၁၅ ခုနှစ်တွင် နှစ်ဖက် ကုန်သွယ်မှုကို ဒေါ်လာ ၁ဝဝ ဘီလီယံ ရောက်ရန် ရည်ရွယ်ထားကြသည်။

မြန်မာနှင့် အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးမှာ လက်ရှိ ဘဏ္ဍာနှစ်တွင် လျာထားချက်ထက် ကျော်လွန်ခဲ့သည်ဟု မဇ္ဈိမက စုံစမ်းသိရှိရသည်။ မတ်လ ကုန်အထိ ဒေါ်လာ ၂၂ သန်း ကုန်သွယ်နိုင်ရန် လျာထားခဲ့ရာ မတ်လ ၁ ရက်နေ့တွင်ပင် လျာထားချက် ကျော်စွာ ကုန်သွယ်နိုင်ခဲ့ကြောင်း တမူး နယ်စပ်ကုန်သွယ်ရေးစခန်းမှ တာဝန်ရှိသူတဦးက ပြောဆိုသည်။

ထို့ပြင် ၁၉၈၈ မိုင် ရှည်လျားသည့် အိန္ဒိယ-မြန်မာ-ထိုင်း အဝေးပြေး ကားလမ်းမကြီးကို ၂၀၁၆ ခုနှစ်တွင် အပြီး
ဖောက်လုပ်ရန် အိန္ဒိယဘက်မှ စိုင်းပြင်းလျက်ရှိသည်။

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ရေး ရှမ်းနှင့် ကယား ညီလာခံ ဆွေးနွေး

ချင်းမိုင်(မဇ္စျိမ)။   ။ တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေး ရရန်အတွက် လက်ရှိ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို
ပြင်ရန်လိုအပ်ကြောင်း ယနေ့ စတင်ကျင်းပနေသည့် ရှမ်းနှင့် ကယားပြည်နယ်ရှိ လက်နက်ကိုင်နှင့် နိုင်ငံရေးပါတီများ ညီလာခံတွင် ဆွေးနွေးသဘောတူညီခဲ့ကြသည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)က ပြောသည်။

'ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲ' တွင် အဖွဲ့အစည်းပေါင်း အနည်းဆုံး ၇ ဖွဲ့ခန့်
ဆွေးနွေးခဲ့ကြပြီး အကျိုးရလဒ်အဖြစ် ငြိမ်းချမ်းရေး အမှန်တကယ် လိုလားနေခြင်းကို တွေ့ရှိရကြောင်း ဦးဆောင် စီစဉ်သည့် SNLD ပြောခွင့်ရပုဂ္ဂိုလ် ဦးစိုင်းလိတ် က ပြောသည်။

"အားလုံးဆွေးနွေးတာက ဖွဲ့စည်းပုံ ဥပဒေကို မဖြစ်မနေပြင်ဖို့ ဆိုတာ တွေ့ရတယ်။ ငြိမ်းချမ်ရေး လမ်းစပေါ်
နေတယ်ဆိုတာ ကျနော်တွေ့ရပါတယ်။ ဖွဲ့စည်းပုံဥပဒေ ပြင်နိုင်ဖို့ လမ်းစပေါ်နေတယ်လို့ ဒါက ကောင်းတဲ့အချက်လို့ ကျနော် သုံးသပ်လို့ ရပါတယ်" ဟု မဇ္စျိမကို ပြောသည်။

ထို့ပြင် ရေရှည် တည်တံ့သည့် ငြိမ်းချမ်းရေး ဖြစ်ပေါ်ရေးအတွက် သက်ဆိုင်သူများအကြား ခိုင်မာသည့် ယုံကြည်မှု တည်ဆောက်ရန် လိုကြောင်း ဦးခွန်ထွန်းဦး က ၎င်း၏ အဖွင့်မိန့်ခွန်းတွင် ပြောဆိုသွားခဲ့သည်ဟု ညီလာခံ တက်ရောက်ခဲ့သူ ဦးစိုင်းလိတ်က ပြောသည်။

"ဖွဲ့စည်းပုံဥပဒေရဲ့ မှားယွင်းချက်ကြောင့် တိုင်းရင်းသား အချင်းချင်းကြား မညီညွတ်ဖြစ်ပြီး တိုက်ပွဲတွေ ဖြစ်ပေါ်တယ်။
ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ဖြစ်ပေါ်ဖို့ ဆိုရင် တိုင်းရင်းသား အချင်းချင်းကြားမှာရော၊ တိုင်းရင်းသားနဲ့ အစိုးရကြားမှာ ခိုင်မာတဲ့ ယုံကြည်မှု တည်ဆောက်ရမယ်။ ဒါမှ အားလုံးမျှော်မှန်းတဲ့ ဖယ်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်
ရးအတွက်ကို ဖွဲ့စည်းပုံအခြေခံ ဥပဒေတရပ် ရေးဆွဲပြီးတော့မှ ရှေ့ဆက်လှမ်းနိုင်မယ်" ဟု ပြောပြသည်။

လားရှိုးမြို့တွင် ကျင်းပသည့် အဆိုပါ ညီလာခံသို့ လူဦးရေ စုစုပေါင်း ၁၈၄ ဦး တက်ရောက်နေပြီး နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ ဆွေးနွေးခဲ့သည်ဟု သိရသည်။ 

ဦးခွန်ထွန်းဦး အပြင် ဝန်ကြီးဦးအောင်မင်း၊ နိုင်ငံရေးပါတီများ ကိုယ်စား ဦးအေးသာအောင်၊ လက်နက်ကိုင် အဖွဲ့အစည်းများ ကိုယ်စား SSPP မှ ဗိုလ်ချုပ်ဆေထင်က အဖွင့် မိန့်ခွန်းများ ပြောကြားခဲ့သည်။ 

ဝန်ကြီး ဦးအောင်မင်းက ငြိမ်းချမ်းရေး ရရှိရန် အထူးလိုအပ်နေသဖြင့် အခက်အခဲ ကြုံတွေ့နိုင်သော်လည်း တိုင်းရင်းသားများနှင့် တပ်မတော်အစိုးရကပါ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းတွင် ပါဝင်ပူးပေါင်းရန် လိုအပ်သည်ဟု ပြောကြားခဲ့သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီနှင့် ကော်မရှင်များ ဖွဲ့စည်းရေး အရေးကြီး အဆိုကို မတ်လ ၁၅ ရက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အတည်ပြုခဲ့ပြီး ဖြစ်သည်။

ယနေ့ ညီလာခံသို့ လေ့လာသူများအဖြစ် အဖွဲ့အစည်းပေါင်း ၁၉ ဖွဲ့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး အင်္ဂလန်၊ အမေရိကန်၊ အင်ဒိုနီးရှာ၊ ဘရူနိုင်း သံရုံးများမှ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြသည်။

ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်အတွင်းရှိ လားဟူ၊ ကိုးကန့်၊ ရှမ်း၊ ဝ၊ တအောင်း(ပလောင်)၊ ဓနု၊ အင်း၊ ပအိုဝ်း၊ ကယန်း၊ ကရင်နီ စသည့် တိုင်းရင်းသား လူမျိုးပေါင်းစုံ ပါဝင်သည့် နိုင်ငံရေးပါတီနှင့် လက်နက်ကိုင် အဖွဲ့အစည်းများမှ အဖွဲ့ပေါင်း ၂၅ ဖွဲ့ ဖိတ်ခေါ်ခဲ့ရာမှ ၂၁ ဖွဲ့ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီမှ မြို့နယ်အဆင့် ကိုယ်စားလှယ်သာ တက်ရောက်ခဲ့ပြီး ဝ ဒီမိုကရက်တစ်ပါတီ၊ ပအိုဝ့် အမျိုးသားလွတ်မြောက်ရေးအဖွဲ့ PNLO နှင့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP တို့ တက်ရောက်နိုင်ခြင်း မရှိခဲ့ပေ။ 

PNLO မှာ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် ပြင်ဆင်မှုများ ရှိနေသဖြင့် ထိုညီလာခံသို့ တက်ရောက်လာခြင်း မရှိကြောင်း အဖွဲ့မှ ဥက္ကဋ္ဌ နိုလ်မှူးကြီး ခွန်ဥက္ကာ က မဇ္စျိမကို ပြောဆိုထားသည်။

အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပြီးသော KNPP ပါတီကမူ ထိုညီလာခံ၏ ရည်မှန်းချက် အသေးစိတ်မသိရ သဖြင့် တက်ရောက်ခြင်း မရှိကြောင်း ပါတီ၏ အထွေထွေအတွင်းရေးမှူး(၁) ခူဦးရယ် က ပြောသည်။

"တကယ်တန်း ညီလာခံရဲ့ ရည်ရွယ်ချက်၊ ဘယ်ပုံစံနဲ့ သွားကြမယ်။ ဘယ်လို ရှိတယ်ဆိုတာ ကျနော်တို့ အဆက်အစပ် မရှိဘူး။ နောက်ပြီး သူတို့က ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ပံ့ပိုးဖြစ်မယ်ဆိုတဲ့ ရည်ရွယ်ချက်တော့ ပြောပါတယ်။ သို့သော် ဘယ်လိုသွားမယ်ဆိုတာ အသေးမသိတဲ့ အခါကျတော့ မသေချာ မရေရာဘဲ၊ တစုံတရာ ဂဃနဏ မသိဘဲ ကျနော်တို့ သွားတာမျိုး မဖြစ်သင့်ဘူးဆိုပြီး မတက်တာပါ" ဟု မဇ္စျိမကို ရှင်းပြသည်။ 

အစိုးရထဲမှ ဝန်ကြီး ဦးအောင်မင်း အပြင် လျှပ်စစ်စွမ်းအားဝန်ကြီး ဦးခင်မောင်စိုး၊ သစ်တောဝန်ကြီး ဦးဝင်းထွန်းတို့ အပြင် ငြိမ်းချမ်းရေး စင်တာမှ အကျိုးဆောင် ဦးလှမောင်ရွှေ၊ ဒါရိုက်တာအဖွဲ့ဝင် ဒေါက်တာမင်းဇော်ဦးနှင့် ဦးအောင်နိုင်ဦးတို့လည်း တက်ရောက်ကြသည်။ 

၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလအတွင်းကလည်း ရှမ်း နိုင်ငံရေးပါတီနှင့် လက်နက်ကိုင် အဖွဲ့အစည်းများ ပါဝင်သော ပထမဆုံး ညီလာခံတရပ်ကို ရန်ကုန်မြို့တွင် "ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း" ခေါင်းစဉ်ဖြင့် ကျင်းပခဲ့သည်။ ယခုတကြိမ် ညီလာခံသည် ဒုတိယအကြိမ် ကျင်းပနေခြင်း ဖြစ်ပြီး ကယား အဖွဲ့အစည်းများပါ ဖိတ်ခေါ်ကျင်းပခြင်း ဖြစ်သည်။

ပထမ ညီလာခံ ပြီးနောက် ဒီဇင်ဘာလအတွင်း SNLD ပါတီ အဖွဲ့ဝင်များ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်သို့
လေ့လာရေးခရီးစဉ်သွားရောက်စဉ် ဒေသခံ ပြည်သူများနှင့် တွေ့ဆုံခဲ့ရာ ကယား ပြည်သူလူထုနှင့် ရှမ်းပြည်သူလူထု၏ လိုအပ်ချက်၊ နိုင်ငံရေး ရည်မှန်းချက်များ ထပ်တူ ခံစားနေရသည်ကို တွေ့ရှိရ၍ ယခုကဲ့သို့ ပူးပေါင်း၍ ညီလာခံကို ကျင်းပရခြင်း ဖြစ်သည်ဟု ဦးစိုင်းလိတ်က မဇ္စျိမကို မကြာမီက ပြောဆိုခဲ့သည်။

ညီလာခံ ဒုတိယနေ့ဖြစ်သည့် ကြာသပတေးနေ့တွင် ချင်းမိုင်အခြေစိုက် ရှမ်းသံတော်ဆင့် သတင်းဌာနမှ အယ်ဒီတာချုပ် ဦးခွန်ဆိုင်း၊ ရှေ့နေများကွန်ယက်မှ တရားလွှတ်တော်ရှေ့နေ ဦးလှထွန်း၊ မြန်မာ ငြိမ်းချမ်းရေး စင်တာ မှ ဒေါက်တာမင်းဇော်ဦးတို့ ဆွေးနွေးကြမည် ဖြစ်သည်။

ဦးအောင်မင်းနှင့် PNLO ရန်ကုန်မြို့မှာ ဆွေးနွေးမည်

ချင်းမိုင်(မဇ္စျိမ)။   ။ အပစ်အခတ် ရပ်စဲဖြစ်ပြီးသော ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ PNLO နှင့် အစိုးရ ငြိမ်းချမ်းရေးအဖွဲ့တို့ မတ်လ ၂၂ နှင့် ၂၃ ရက်နေ့များတွင် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးမည် ဖြစ်သည်။

ရန်ကုန်မြို့ရှိ ငြိမ်းချမ်းရေးစင်တာတွင် ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ်များနှင့် PNLO ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာ ပါဝင်သော ကိုယ်စားလှယ်အဖွဲ့တို့
ဆွေးနွေးမည်ဟု ဗိုလ်မှူးကြီး က ပြောသည်။ 

"ကျနော်တို့ ပြည်ထောင်စုအဆင့် တွေ့ဖို့ ရှိတယ်။ ဦးကြီး ဦးအောင်မင်းဆီက ဖိတ်စာရောက်လာလို့ ကျနော်တို့ ထွက်လာတာ။ သူတို့ အစိုးရဘက်က လာကြိုတယ်။ ခု သထုံရောက်ပြီ။ မနက်ဖြန် ရန်ကုန်ဝင်မယ်။ ကိုယ်စားလှယ် ၁၅ ယောက် တက်မယ်။ ၅ ယောက်က ရန်ကုန်မှာ ရောက်နေပြီ" ဟု PNLO ဥက္ကဋ္ဌ က မဇ္ဈိမကို ပြောသည်။ 

ထိုဆွေးနွေးပွဲအတွက် ပြင်ဆင်မှုများ ပြုလုပ်နေရသဖြင့် ယနေ့ လားရှိုးမြို့တွင် စတင်ကျင်းပနေသော ရှမ်းနှင့်ကယား ပါတီအဖွဲ့အစည်းများ ညီလာခံသို့ တက်ရောက်နိုင်ခြင်း မရှိကြောင်း သူက မဇ္စျိမကို ပြောသည်။ 

PNLO သည် အစိုးရ ငြိမ်းချမ်းရေးအဖွဲ့နှင့် ထိုင်းနိုင်ငံတွင် အလွတ်သဘော နှစ်ကြိမ် တွေ့ဆုံပြီးနောက် ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့က ပြည်နယ်အဆင့် ပထမဆုံးအကြိမ် အပစ်အခတ် ရပ်စဲရေးသဘောတူ လက်မှတ်ရေးထိုးခဲ့ သည်။ 

သဘောတူညီချက်အရ PNLO ၏ ဆက်ဆံရေးရုံးများကို ရှမ်းပြည်နယ်ရှိ တောင်ကြီး၊ မောက်မယ်နှင့် ဆီဆိုင်မြို့များတွင် ဖွင့်လှစ်ရန် သဘောတူခဲ့ပြီး မွန်ပြည်နယ်ရှိ သထုံမြို့တွင် ဆက်ဆံရေးရုံး ဖွင့်လှစ်ရန် ဆွေးနွေးပွဲတွင် ညှိနှိုင်းသွားရန် ရှိသည်။ 

ထို့ပြင် အပစ်အခတ် ရပ်စဲမှု ခိုင်မာရေး၊ နှစ်ဖက် တပ်ဖွဲ့ဝင်များ လိုက်နာရမည့် စည်းကမ်းချက်များ သတ်မှတ်နိုင်ရေး၊ ဆက်ဆံရေးရုံး လုပ်ငန်း လည်ပတ်နိုင်ရန်အတွက် ကူညီပံ့ပိုးရေး၊ PNLO/PNLA တပ်ဖွဲ့ဝင်များ၏ တပ်တည်နေရာ ညှိနှိုင်းရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတွင် ပူးပေါင်းဆောင်ရွက်ရေး စသည်တို့ကို ဆွေးနွေးရန် သဘောတူ ထားကြပြီး ဖြစ်သည်။

PNLO ကို ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလတွင် ပြုလုပ်သည့် ပအိုဝ်း အမျိုးသား ညီလာခံမှ စတင် ဖွဲ့စည်းခဲ့ပြီး ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် နယ်စပ်တွင် လှုပ်ရှားလျက် ရှိကာ လက်နက်ကိုင် တပ်ဖွဲ့ဝင် အင်အား ၂၀၀ ကျော် ရှိကြောင်း သိရသည်။ ထို့အပြင် တိုင်းရင်းသား တန်းအခွင့်အရေး အတွက် ဖွဲ့စည်းထားသော လက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့ပါ ညီညွတ်သော တိုင်းရင်းသားလူမျိုးများကောင်စီ UNFC တွင် အဖွဲ့ဝင် ဖြစ်သည်။

ဂါလံ ၅၀၀ ထုတ်ပေးနိုင်သည့် ဒီဇယ်ဖြူ ပြီးနောက် ဓါတ်ဆီဖြူ လာတော့မည်

ဒီဇယ်မှဒီဇယ်ဖြူ(White Diesel)ပြောင်းလဲထုတ်လုပ်လိုပါက တစ်ရက်လျှင် ဂါလံ ၅၀၀ခန့် ပြည်တွင်း၌ပင် ထုတ်ပေးနိုင်ကြောင်း စက်မှုနှင့် စက်သုံးဆီထုတ်လုပ်ရေးအင်ဂျင်နီယာသုတေသီများထံက သိရသည်။

 

ရွေ့လျားဒီဇယ်ဖြူ (White Diesel)ထုတ်စက်အား မည်သည့်နေရာဒေသတွင် မဆို လိုအပ်၍ ခေါ်ယူလိုပါ ထုတ်လုပ်ပေးနိုင်ကြောင်းကိုလည်း အင်ဂျင်နီယာသုတေသီဦးကျာ်ကျော်က ဆိုသည်။

 

"အခုထုတ်မဲ့စနစ်က မော်တော်ကားပေါ်မှာ ဒီဇယ်ဖြူထုတ်စက်ကို တင်ထားပြီးတစ်ဘက်က ဒီဇယ်ထည့်လိုက်ရင် နောက် တစ်ဘက်ကနေသူ့အချိန်၊ သတ်မှတ်တဲ့ မိနစ်ပြည့်ပြီဆိုတာနဲ့ ဒီဇယ်ဖြူအဖြစ် ပြန်ထုတ်ပေးမှာပါ၊ တစ်ရက်ကိုဂါလံ ၅၀၀ စပြီး၊ ထုတ်ပေးနေပါပြီ၊ မန္တလေးက ခေါ်မယ်ဆို မန္တလေးကို ဒီကား ရွှေ့သွားယုံဘဲ၊ ဘယ်ကခေါ် ခေါ် အလွယ်တကူသွားလို့ ရပါတယ်"ဟု အင်ဂျင်နီယာသုတေသီ ဦးကျော်ကျော်က ပြောသည်။

 

အဆိုပါ ဒီဇယ်ဖြူကို သုံးစွဲခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရာရောက်သည့်အပြင်ဒီဇယ်ဂါလံ ၁၀၀ အပ်လျှင်ပြောင်းလဲပြီးဒီဇယ်ဖြူ ၁၂၅ ဂါလံရရှိမှာဖြစ်သည့်အတွက် ဂါလံအရေအတွက်များလျှင် အပ်နှံသူ ဘက်မှ ပို၍တွက်ခြေကိုက်ကြောင်း သိရသည်။

 

"မီးရထား၊ သင်္ဘော၊ ကားတွေကနေ နေ့စဉ်ထွက်လာတဲ့အဆိပ်ငွေ့တွေ ကာဗွန်ဒိုင်အောက်ဆိုဒ်ရှိမယ်၊ ကာဗွန်မို နော့ဆိုဒ်၊ ကာဗွန်ဟိုက်ဒြောဆိုဒ် အားလုံးကို ဒီဇယ်ဖြူက လျှော့ချပေးနိုင်တယ်၊ ဒါ့အပြင် ဒီဇယ်ဂါလံ ၁၀၀၀ လာအပ်ရင် ဒီဇယ်ဖြူ ၁၂၅၀ ဂါလံရမယ်၊ဒီဇယ်ပေပါ အလုံး ၁၀၀ အပ်ရင် ဒီဇယ်ဖြူ ၁၂၅ လုံးပြန်ရမယ်၊ ကိုယ်က ၁ ဂါလံ Convert လုပ်ခ ၂၅၀- ၃၀၀ ပဲယူမယ်၊ လာအပ်တဲ့သူကိုလည်း ကိုယ့်ထက်ပိုများများရစေ ချင်တယ်"ဟု အင်ဂျင်နီယာသုတေသီဦးကျော်ကျော်မှပြောသည်။

 

အဆိုပါ White Diesel ထုတ်စက်နှင့် နည်းပညာများကိုမြန်မာပြည်တွင်း၌သာ ပြုလုပ်ခြင်းဖြစ်ပြီး ဒီဇယ်မှ ဒီဇယ်ဖြူ ရရှိစေရန် ရေ၊ဒီဇယ်နှင့်သဘာဝအော်ဂဲနစ်မှထုတ်ယူထားသည့်ဓာတု ပစ္စည်းပါဝင်ကြောင်းနှင့် ကားများ မီးစက် များ လယ်ထွန်စက်များအား ဒီဇယ်လုံးဝမသုံးဘဲ၊ ပြောင်းလဲထားသော ဒီဇယ်ဖြူ တစ်မျိုးထဲနှင့်သာ စမ်းသပ်   မောင်းနှင်ပြီးဖြစ်ကြောင်း သိရသည်။

 

"ပထမဆုံး White Diesel နဲ့ တစ်လုံးအင်ဂျင်ကိုမောင်းတယ်၊အဲ့ဒီ့ကနေတဆင့်ထပ်မြှင့်ပြီး ၂၀၀၀ CC လိုက်ထရပ် ဇုန်ထုတ်ကားကို မောင်းတယ်၊ မုံရွာမှာ သီဟထွန်းကုမ္ပဏီက ထုတ်တဲ့မြင်းကောင်ရေ ၂၂ ကောင်အားရှိတဲ့ လယ်ထွန်စက်မှာသုံးတဲ့ အင်ဂျင်ကိုဘာ ဒီဇယ်မှမပါပဲ ဒီဇယ်အကုန်ဖောက်ချပြီး White Diesel အင်ဂျင်ထဲ ထည့်ပြီး မောင်းပြခဲ့တယ်"ဟု အင်ဂျင်နီယာသုတေသီတစ်ဦးက ပြောသည်။

 

ဒီဇယ်ဖြူကို ၂၀၁၀ ခုနှစ် ဇူလိုင်လမှစတင်၍ စမ်းသပ်မူများပြုလုပ်ခဲ့ပြီး ယခုအခါ အောင်မြင်စွာအသုံးပြုနှိင်ပြီ ဖစ်ကြောင်းနှင့် များမကြာမီကာလအတွင်း ဓာတ်ဆီဖြူပေါ်ထွက်လာတော့မည်ဖြစ်ကြောင်း အင်ဂျင်နီယာ သုတေသီအသိုင်းအ၀ိုင်းမှသိရသည်။

 

"အဓိကကတော့ တွင်တွင်ကျယ်ကျယ်အသုံးပြုနှိင်အောင် လုပ်နှိင်ရင်တော့ ကောင်းပါတယ်၊ဒီဇယ်ဖြူနဲ့မောင်းလို့ ရတယ်ဆိုပေမဲ့ အင်ဂျင်ကို ထိခိုက်မှုရှိတယ်မရှိဘူးဆိုတာ သေသေချာချာသိအောင် လုပ်ပေးဖိုတော့လိုမယ် ၊ ဈေးသက်သာတယ် ဆိုရင် သယ်ယူပိုဆောင်စရိတ်သက်သာမယ်၊ ဒါဆိုကုန်ပစ္စည်းဈေးနှုန်းလည်း ကြလာနှိင်တယ်" ဟု အဝေးပြေးကုန်တင်ကားမောင်းသူကိုဝင်းမောင်က ဆိုသည်။

 

အဆိုပါဒီဇယ်ဖြူအားအိမ်နီးချင်းနိုင်ငံများဖြစ်သည့်ထိုင်းနှင့် စင်္ကာပူတွင်ကျယ်ပြန့်စွာအသုံးပြုလျှက်ရှိပြီး ဂျပန်၊ အမေရိကန်၊ ဂျာမနီစသောနိုင်ငံကြီးများ၌လည်း လွန်ခဲ့သောနှစ်ပေါင်း (၄၀) မှ စတင်အသုံးပြုခြင်းဖြစ်သည်။

 

ရဲဆေးစာ အချိန်မီမရသော်လည်း ဆေးရုံများသို့ တက်ရောက်၍ အရေးပေါ်ကုသနိုင်

မော်တော်ယာဉ်တိုက်မှုအပါအဝင် ခိုက်ရန်ဖြစ်ပွားမှုများအား ပြစ်မှုဆိုင်ရာဥပဒေပါ ရဲအရေးယူခွင့်‌ရှိ သည့် ပြစ်မှုတွင် အကျုံးဝင်သည့် ထိခိုက်ဒဏ်ရာရသူများအတွက် ရဲဆေးစာအချိန်မီမရလျှင်လည်း လူနာအသက် မဆုံးရှုံးစေရေး   ပြည်သူ့ဆေးရုံကြီး၊ အရေးပေါ်ဌာနသို့ အချိန်မဆိုင်းဘဲ ပို့ဆောင်ကုသပေးရန် လိုအပ်ကြောင်း  ဥပဒေပညာရှင် များနှင့်ကျန်းမာရေးဝန်ထမ်းများက သုံးသပ်ကြသည်။

 

 "ယာဉ်တိုက်မှုလိုမျိုး ထိခိုက်ဒဏ်ရာရရင် ရဲစခန်းတို့ ယာဉ်ထိန်းရဲတို့ကို စောင့်မနေပဲ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနကို ခေါ်လာလို့ ရပါတယ်၊ ဒီမှာက မှုခင်းရဲတွေ အချိန်ပြည့်ရှိနေပြီး ဆောင်ရွက်ပေးပါတယ်"ဟု ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

 

ပြည်သူအများစုမှာ ယာဉ်မတော်တဆဖြစ်ပွားပါက သက်ဆိုင်ရာ ယာဉ်ထိန်းရဲအား စောင့်ဆိုင်းခြင်း၊ ရဲတပ်ဖွဲ့ဝင် များအား ရဲဆေးစာရရှိရန် စောင့်ခြင်းတို့ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများမှာ ဆေးရုံသို့ အချိန်မီ မရောက်ရှိနိုင် ပဲ သေဆုံးရသည့်အဖြစ်များ ဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။

 

မြန်မာနိုင်ငံတွင် ယာဉ်တိုက်မှုဖြစ်ပါက ဘေးပတ်ဝန်းကျင်မှသူများမှာ အမှု၌ ပါဝင်ပတ်သက်မည်ကို စိုးရိမ်စိတ် ဖြင့် ထိခိုက်ဒဏ်ရာရရှိသူများအား ကူညီရမည်ကို တွန့်ဆုတ်လေ့ရှိသည်ဟု မတ်လ(၁၇)ရက်နေ့က ကြည့်မြင် တိုင်မြို့နယ် ၌ ဖြစ်ပွားခဲ့သောယာဉ်တိုက်မှုတစ်ခုတွင် မျက်မြင်သက်သေ ဦးထွန်းထွန်းဦး က ပြောသည်။

 

'ကျွန်တော်မရောက်ခင် နာရီဝက်နီးပါလောက်က တိုက်ထားတာ၊ စောစောက လူတစ်ယောက်က ပုဆိုးကို   ရေစွတ်ပြီး သွေးသုတ်ပေးဖို့လုပ်တော့၊ ဘေးကလူက မင်းအမှုပါတ်မယ်လို့ပြောတယ်၊ ဒါနဲ့သူလည်း လုပ်မပေး ရဲတော့ဘူး၊ တာဝန်ရှိသူတွေ အချိန်မှီရောက် မလာတော့ သွေးလွန်ပြီး လူနာလည်းသေနိုင်တယ်၊ တိုက်တဲ့ ကားသမားလည်း ယာဉ်တိုက်မှုကနေ လူသေမှုအထိ နှစ်မှုဖြစ်သွားတာပေါ့'ဟု ယာဉ်တိုက်မှုတစ်ခုတွင် မျက်မြင်သက်သေတစ်ဦးဖြစ်သော ဦးထွန်းထွန်းဦးက ဆိုသည်။

 

ယဉ်မတော်တဆဖြစ်ပွားမှု၌ ပါဝင်ကူညီလိုသူများမှာ ငွေကုန်၊ အချိန်ကုန်သောကြောင့် လူအများစုမှာ အကူအညီ ပေးရမည်ကို ၀န်လေးနေခြင်းဖြစ်ကြောင်း အဌားကားမောင်းသူ ဦးသိန်းအောင်က ဆိုသည်။

 

" ကျွန်တော်တို့ကားနဲ့ လိုက်ပို့ရင် စစ်ချက်ရေးဖို့ ဆိုပြီးခေါ်ထားတာ တော်တော်နဲ့မပြန်ရဘူး၊ ကျွန်တော်တိုက အချိန်နဲ့ အလုပ်လုပ်ရတဲ့လူတွေဆိုတော့ ဒုက္ခရောက်တာပေါ့၊ တခါတလေ ဒါနဲ့မပြီးဘူး ရုံးချိန်းလည်းသွား ရသေး တော့ ငွေကုန်လည်းကုန်ပြီး လူပါ ပင်ပန်းတယ် မကူညီချင်လိုတော့ မဟုတ်ပါဘူး စားဝတ်နေရေးက ရှိသေး တယ်လေ" ဟု အဌားကားမောင်းသူ ဦးသိန်းအောင်က ဆိုသည်။

 

မတ်လတတိယပတ်အတွင်းကပြုလုပ်သော  ပြည်သူ့လွှတ်တော်ဆဋ္ဌမပုံမှန်အစည်းအဝေး၌ ကန်ပက်လက် မဲဆန္ဒနယ်၊ သူရဦးအောင်ကိုက မြန်မာနိုင်ငံတစ်ဝှမ်းတွင်ဖြစ်ပွား နေသော ယာဉ်မတော်တဆမှု၊ ထိခိုက်မှုအပါ အဝင် အခြားမတော်တဆဖြစ်ပွားမှုများကြောင့်လည်းကောင်း၊ ခိုက်ရန်ဖြစ်ပွားမှုများကြောင့် လည်းကောင်း ရရှိသည့် ထိခိုက်ဒဏ်ရာရ လူနာများအား အချိန်မီဆေးကုသနိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းနှင့် ပြဋ္ဌာန်းချက် များ မရှိသေးပါက လိုအပ်သည့် လုပ်ထုံးလုပ်နည်းများကို ဆောလျင်စွာ ထုတ်ပြန်ပေးရေးအတွက် အရေးကြီး အဆိုအဖြစ် ပြည်သူ့လွှတ်တော်၌ တင်သွင်းခဲ့ကြောင်း သိရှိရသည်။

 

အဆိုပါအရေးကြီးအဆိုနှင့်ပတ်သက်၍ ရှေ့နေချုပ်ရုံး ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦးကလည်း မော်တော် ယာဉ်တိုက်ခိုက်မှုအပါအဝင် ခိုက်ရန်ဖြစ်ပွားမှုများမှာ  ပြစ်မှုဆိုင်ရာ ဥပဒေပါ ရဲအရေးယူပိုင်ခွင့်‌ရှိတဲ့ ပြစ်မှုတွင်  အကျုံးဝင်သောကြောင့် ထိခိုက်ဒဏ်ရာရရှိသူကို ဆေးရုံမှာ ဆေးကုသမှုခံယူရာမှာ သက်ဆိုင်ရာ ရဲစခန်း၏ ပြစ်မှုနှင့်သက်ဆိုင်တဲ့ ဆေးစာပါရှိမှသာ ဆေးရုံက လက်ခံ ကုသပေးနိုင်သည်ဟု သာမန်အားဖြင့် နားလည် နေကြကြောင်း၊ အမှန်မှာ ရဲဆေးစာ အချိန်မီမရောက်လည်း အရေးပေါ်ကုသပေးရန် လိုအပ်ပါက ဆေးရုံများမှ အမြန်ဆုံးကုသပေးရန် လိုအပ်ကြောင်း ပြည်သူများသာမက ဆေးရုံများကပါ ကျယ်ကျယ် ပြန့်ပြန့်သိရှိ အောင် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ပြည်သူ့လွှတ်တော်၌ ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

 

ထို့ပြင် အလားတူ ပြစ်မှုနှင့်‌ အကျုံးဝင်တဲ့ ထိခိုက်ဒဏ်ရာလူနာများကို ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများအနေဖြင့် လည်း ကုသခွင့်မရှိဘူးဟု နားလည်နေကြောင်း၊ ပုဂ္ဂလိက ကျန်းမာရေး လုပ်ငန်းဆိုင်ရာ ဥပဒေ ပုဒ်မ ၂၅ ပုဒ်မခွဲ (ဆ)မှာ မည်သည့် အရေးပေါ်လူနာကိုမဆို အသက်ကယ်လုပ်ငန်းများ ဆောင်ရွက်ကုသပေးခြင်းနှင့် လိုအပ်ပါ က ညွှန်းပို့ခြင်းဆိုတာ ပြဋ္ဌာန်းထားပြီးဖြစ်သောကြောင့် အဆိုပါအချက်ကိုလည်း  ပုဂ္ဂိုလ်ကဆေးရုံများအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိရန်လိုအပ်ကြောင်း ဆွေးနွေးခဲ့သည်။

 

ထို့ပြင် မြန်မာနိုင်ငံတွင် ကြက်ခြေနီအသင်းခွဲပေါင်း ၃၃၀ ၀န်းကျင်ရှိနေကြောင်းနှင့် လိုအပ်သည့် အချိန်၌   ခေါ်ယူနိုင်ကြောင်း ရှေးဦးသူနာပြုစုနည်းဖြင့် ကုသ၍ အမြန်ဆုံးဆေးရုံသွားနိုင်ရန် အကူအညီပေးနေကြောင်း ကိုလည်း သိရသည်။

 

'မြို့နယ်တိုင်းနီးပါးမှာ ကြက်ခြေနီအသင်းတွေရှိပါတယ်၊လိုအပ်ရင် နီးစပ်ရာမြို့နယ်က ကြက်ခြေနီအသင်းကို အကြောင်းကြားနိုင်ပါတယ်၊ လူနာရှိတဲ့နေရာကို အမြန်ဆုံးရောက်အောင် သွားပြီး ပြုစုပေးပါတယ်၊ဒါပေမယ့် ကျွန်မတို့မှာ လူနာတင်ယာဉ်မရှိတဲ့အတွက် ဆေးရုံပို့ဖို့ကိုတော့ အခက်အခဲရှိတယ်၊ကျွန်မတို့  ကြက်ခြေနီ အသင်း ဆေးရုံပို့ပေးတဲ့အခါမှာ ရဲဆေးစာကို စောင့်စရာမလိုပါဘူး'ဟု မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

 

Tuesday, March 19, 2013

မန်းတွင် စခန်းမှူးတစ်ဦး ကိုယ့်ကိုယ်ကို ဆွဲကြိုးချသတ်သေမှုဖြစ်ပွား

မန်းတိုင်းဒေသကြီး စဥ့်ကူးမြို့နယ် စခန်းမှူး ရဲအုပ် ထွန်းအောင်ကျော် (၄၀)နှစ်မှာ မိမိနေအိမ်တွင် ယခု လ၁၂၇က်က ဆွဲကြိုးချသေဆုံးခဲ့ ကြောင်းသိရသည်။ ဖြစ်စဉ်မှာ ယခုလ ၁၂ရက်နေ့မနက် ၁၀နာရီခန့်တွင် ရဲအုပ်ထွန်းအောင် ကျော်မှာ မိမိနေအိမ်တွင် နိုင်လွန် ကြိုးဖြင့် ဆွဲကြိုးချသေဆုံးနေကြောင်း သိရသဖြင့် မြို့နယ်တရားသူကြီး၊ စဥ့်ကူးမြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် မှုခင်းဆရာဝန်တို့ သွားရောက်စစ်ဆေးရာ မိမိကိုယ် ကိုယ်ကို သက်သေခြင်းသာဖြစ်ပြီး တရားပြင်ပဒဏ်ရာ မတွေ့ရှိရကြောင်း သိရသည်။ အဆိုပါစခန်းမှူး ရဲအုပ် ထွန်းအောင်ကျော်သည် သေဆုံးချိန်တွင် ဇနီးသည် တစ်ဦးနှင့် သူငယ်တန်း တက်ရောက်နေသည့် ကလေး ငယ်တစ်ဦးရှိကြောင်း ဇနီးသည်နှင့် ကလေးမှာဘုန်း ကြီးကျောင်းသို့ ယဉ်ကျေးလိမ္မာ သင်တန်းသွား ရောက်တက်နေစဉ် ယခုလိုဖြစ်ပွားခဲ့ပြီး သေဆုံးသူ တွင် တခြားရောဂါမရှိဘဲ မသေဆုံးမီ ၁၀ရက်ခန့်တွင် ညပိုင်းမအိပ်ခြင်းများရှိကြောင်း သေဆုးံသူ မိသားစုဝင် များက ပြောသည်။ ရဲအုပ်ထွန်းအောင်ကျော်မှာ လူမှုရေးအရှုပ်အရှင်းမရှိခြင်း အောက်လက်ငယ်သားများနှင့် အထက်အရာ ရှိများနှင့် အဆင်ပြေခြင်းများ ရှိကြောင်း မန်းလေးတိုင်းဒေသကြီး တိုင်းရဲမှူး ဦးစိုးငြိမ်းက Popular news ဂျာ နယ်သို့ ပြောသည်။ သူက အောက်လက်ငယ်သားတွေနဲ့လည်း အဆင်ပြေတယ်။ တခြားလူမှုရေးအရှုပ်ရှင်းလည်းမရှိဘူး။ သူဖာသာပဲနေတာ။ တခြား စိတ်ခံစားမှုတစ်ခုခုကြောင့်ပ ဖြစ်မှာပါ ဟု ဦးစိုးငြိမ်းက ပြောသည်။ 

အိမ်သာအတွင်း အမျိုးသမီးတစ်ဦး မီးလောင်သေဆုံးမှုဖြစ်ပွား


နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်၊တိုက်အမှတ် (၄၃၁၇)၊ အခန်းအမှတ် (၂၃)တွင် မတ် ၁၇ရက်က မီးလောင်မှု ဖြစ်ပွားခဲ့ရာ အိမ်သာအတွင်း အမျိုးသမီးတစ်ဦး မီးလောင်သေဆုံး နေသည်ကိုတွေ့ ရကြောင်းမြန်မာနိင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။ မီးလောင် မှုဖြစ်ပွားရာသို့သတင်းအရ နေပြည်တော် အမှတ်(၉)ရဲ စခန်းမှ တပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးရာ သ တင်းနှင့်နည်းပညာ ၀န်ကြီးဌာန၊ ဗဟိုစာတိုက်ကြီးမှ ဦး---၏ဇနီးဖြစ်သူ ဒေါ်----(၃၃)နှစ်အား နေအိမ်တိုက် ခန်း အိမ်သာအတွင်း မီးလောင်ဒဏ်ရာ များဖြင့်သေ ဆုံးနေ သည်ကိုတွေ့ရှိရကြောင်း၊ ခင်ပွန်းဖြစ်သူ ဦး--မှာ ဇနီးသည် မီးလောင်နေသည်ကို ငြှိမ်းသတ်စဉ် ၀ဲ/ယာလက်တို့တွင် မီးလောင်ဒဏ်ရာများ ရရှိခဲ့သဖြင့် နေပြည်တော် ကုတင်(၁၀၀၀)ဆေးရုံသို့ပို့ အပ်ခဲ့ ကြောင်းသိရသည်။

မြန်မာနိုင်ငံသို့ သြစတြေးလျက ဒေါ်လာသန်း ၂၀ ထောက်ပံ့သွားမည်


မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်သည် ၁၉၇၄ မှစ၍ သြစတြေးလျသို့  ပထမဆုံး လာရောက်သော နိုင်ငံ့ အကြီးအကဲ အဖြစ် ရောက်လာခဲ့ပြီးနောက် ကင်ဘာရာတွင် ၀န်ကြီးချုပ် ဂျုလီယာ ဂေးလော့ဒ်နှင့် တွေ့ဆုံကာ နှစ်နိုင်ငံ ဆက်ဆံရေး အတွက် ကဏ္ဍ ပေါင်းစုံကို ဆွေးနွေးခဲ့သည်။ ကင်ဘာရာတွင် မြန်မာ သံရုံး ပြင်ပနှင့် အဆောက်အအုံ ပြင်ပ၌ လူ့အခွင့်အရေး လှုပ်ရှား တက်ကြွသူများက မြန်မာနှင့် သြစတြေးလျ နှစ်နိုင်ငံ စလုံးသည် လူ့အခွင့်အရေး ချိုးဖောက်မှုများကို မျက်ကွယ်ပြုနေကြောင်း ဆန္ဒပြခဲ့ကြသည်။
 theinsein1

မန်းကျုံးဘေးတွင် သင်္ကြန်မဏ္ဍပ်လျှောက်ထားသူ ၁၇၂ခုရှိ


ယခုနှစ် မန်းတွင် သင်္ကြန်မဏ္ဍပ် လျှောက်ထား သူများမှာ ကျုံးဘေး တွင်သာ အများ ဆုံးဖြစ်ပြီး ဌာနဆိုင်ရာ မဏ္ဍပ်များ အပါအ၀င် ၁၇၂ခုရှိကြောင်း သိရသည်။ သင်္ကြန်မဏ္ဍပ် လျှောက်ထား လိုသူများသည် မန်းစည်ပင် အခွန် ဌာနသို့ ယခုလ ၈ ရက်နေ့တွင် နောက်ဆုံးထား လျှောက်ထား စေခဲ့ပြီး လျှောက်ထား လိုသူများမှာ အာမခံကြေး ငါးသိန်း ပေးသွင်း ခဲ့ရပြီး ကျုံးပတ် လည်တွင် တစ်ဖက်လျှင် မဏ္ဍပ် ၁၀ ခုသာ လက်ခံမည် ဖြစ်သောကြောင့် ကျုံးဘေး လျှောက်ထားလို သူများအား မဲနှိက် နေရာချ ထားပေးမည်ဖြစ်ပြီး မဲမပေါက်ပါက အာမခံကြေးငါးသိန်းမှ လေးသိန်းပြန်လည် ပေးမည် ဖြစ်ကြောင်း မြို့ထဲနှင့် အခြားနေရာ လျှောက်ထား လိုသူများသည် အာမခံကြေး ပေးသွင်းရန် မလိုကြောင်း အခွန်ဌာနမှ တာဝန်ရှိုသူ တစ်ဦးက ပြောသည်။

ဘုရားသုံးဆူမြို့ကို ဆက်သွယ်ရေး ကောင်းမွန်အောင် လုပ်ဆောင်မည်


ထိုင်း-မြန်မာ နယ်စပ်ရှိ ဘုရား သုံးဆူ မြို့ကို လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်ရန် လေ့လာ ကွင်းဆင်းမှု စတင် ပြုလုပ် ပြီဟု သိရသည်။ ၁၉၉ဝ ခုနှစ် ကစ၍ အစိုးရ အုပ်ချုပ် မှုသို့ ပြန်လည် ရောက်ရှိ လာခဲ့သည့် အဆိုပါ မြို့မှာ လူဦးရေ ၁ သိန်းကျော် နေထိုင် နေပြီး နှစ် ၂ဝ ကျော်သည် အထိ အစိုးရ အကြီး အကဲတို့ ရောက်ရှိမှု မရှိခဲ့ရာ ၄င်းမြို့ကို ပိုမို တိုးတက် စေလိုသည့် အပြင် ငြိမ်းချမ်းရေးလည်း ရရှိနေ သည့်အတွက် ယခုကဲ့သို့ သက်ဆိုင်ရာ ဝန်ကြီး ဌာန တို့က ဆောင်ရွက် ခြင်း ဖြစ်သည်ဟု လေ့လာ သူအဖြစ် လိုက်ပါ သွားသူ Myanmar Peace Centre မှ ဒေါက်တာ မင်းဇော်ဦးက ပြောသည်။

ရန်ကင်းအိမ်ရာ အပါအဝင် ဝန်ထမ်းအိမ်ရာ ၁၁ ခု အသစ်ပြန်ဆောက်မည်


စင်္ကာပူ နိုင်ငံကို စံန မူနာယူ ဖွံဖြိုး တိုးတက်ရန် လုပ်ဆောင်မည့် ရန်ကုန် မြို့တော်တွင် ရန်ကင်း အိမ်ရာ အပါ အဝင် သက်တမ်းရင့် ဝန်ထမ်း အိမ်ရာ ၁၁ ခုကို ခေတ်နှင့် အညီ အသစ် ပြန်လည် တည်ဆောက်ရန် စီစဉ် လျက်ရှိကြောင်း မြို့ရွာ နှင့်အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီး ဌာနမှ အကြီးတန်း အရာရှိ တစ်ဦးက The Voice Weekly သို့ ပြောကြားသည်။
အသစ် ပြန်လည် တည်ဆောက်မည့် အိမ်ရာ များတွင် ၅၁ လမ်း အိမ်ရာ၊ လမ်းသစ် အိမ်ရာ၊ ရွှေဂုံ အိမ်ရာ၊ ဦးဝိ စာရ (မင်းမနိုင်) အိမ်ရာ၊ ဝေဠုဝန် အိမ်ရာ၊ ရန်ကင်း မြို့နယ်မှ ဝန်ထမ်း အိမ်ရာ အပါအဝင် စုစုပေါင်း ဝန်ထမ်း အိမ်ရာ ၁၁ ခု ပါဝင်ကြောင်း အဆိုပါ ဌာနထံမှ သိရသည်။

မောင်းမကန်ကမ်းခြေ၏ တောင်ဘက် ၆ မိုင်အကွာရှိ ပင်လယ်ကမ်းစပ်တွင် ဒဏ်ရာဖြင့် သေဆုံးနေသော ဝေလငါး အသေတစ်ကောင် သောင်တင်



3.19.1
ကမ်းပနီရွာအနီး ပင်လယ်ကမ်းစပ်ရှိ ဝေလငါးအသေအား လာရောက်ကြည့်ရှုနေသူများကို မတ်လ ၁၈ ရက်နေ့ကတွေ့ရစဉ်
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ရှိ မောင်းမကန် ကမ်းခြေ၏ တောင်ဘက် ၆ မိုင်ခန့်အကွာ ကမ်းပနီရွာအနီးရှိ ပင်လယ်ကမ်းတွင် မတ်လ ၁၇ ရက် နေ့ နံနက်ပိုင်းက ဝေလငါးအသေ တစ်ကောင် မျောပါလာပြီး ကမ်းစပ်တွင် သောင်တင်နေကြောင်း သတင်းရရှိသည်။

ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အပါအဝင် ဖွံ့ဖြိုးရေး ကဏ္ဍများတွင် ကုလသမဂ္ဂ အဖွဲ့ခြောက်ဖွဲ့မှ အစိုးရနှင့် ပူးပေါင်းဆောင်ရွက်မည်


ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အပါအဝင် ဖွဲ့ဖြိုးရေး ကဏ္ဍများတွင် ကုလသမဂ္ဂ အဖွဲ့ခြောက်ဖွဲ့မှ မြန်မာအစိုးရနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း အဆိုပါ အဖွဲ့ခြောက်ဖွဲ့၏ မြန်မာနိုင်ငံ ခရီးစဉ်အပြီး မတ်လ ၁၈ ရက်နေ့က ထုတ်ပြန်ခဲ့သော ကြေညာချက်အရ သိရသည်။

လစာတိုး သတင်းကြောင့် ရွှေနှင့် ဒေါ်လာဈေး မငြိမ်


အစိုးရက လာမည့် ဧပြီလမှစတင်ပြီး အစိုးရ၀န်ထမ်းများအားလုံးကို လစာ ၂၀၀၀၀ ကျပ်တိုးမြှင့်ပေးမည်ဟု တရားဝင် သတင်း ထုတ်ပြန် ပြီးနောက် ပြည်တွင်းစီးပွားရေးဈေးကွက်တွင် ရွှေဈေးနှုန်းနှင့် အမေရိကန်ဒေါ်လာ ဈေးနှုန်းများ အတက်အကျ မတည်မငြိမ် ဖြစ်နေကြောင်း သိရှိရသည်။