Thursday, March 21, 2013

ပြည်သူလက်ဝယ်သုံးစွဲနေသော FEC ယူနစ်ပေါင်းသန်း ၃၀ ကျော်ကို ဒေါ်လာ(သို့) ကျပ်ငွေဖြင့် လဲလှယ်ပေးမည့် အစီအစဉ်ကို ပြည်ထောင်စုလွှတ်တော် အတည်ပြု

အများပြည်သူလက်ဝယ် လှည့်လည်သုံးစွဲလျက်ရှိသည့် FEC ယူနစ်ပေါင်း ၃၀ ဒသမ ၉၂ သန်းကျော်ကို တန်ဖိုးညီမျှသော အမေရိကန်ဒေါ်လာ (သို့မဟုတ်)မြန်မာကျပ်ငွေဖြင့် လဲလှယ်ပေးမည့် အစီအစဉ်ကို ပြည်ထောင်စုလွှတ်တော်က မတ် ၂၀ ရက် တွင် အတည်ပြုခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နိုင်ငံတော်၏ စီးပွားရေးစနစ်အတွင်း ကြားခံအဖြစ် သတ်မှတ်သုံးစွဲလျက်ရှိသော FEC အား ပြန်လည်ရွေးနုတ်မည့် အစီအစဉ်နှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်သို့ သ၀ဏ်လွှာပေးပို့ခဲ့ပြီး ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက် ရယူရာတွင် လွှတ်တော်ကိုယ်စားလှယ် အားလုံး၏ သဘောတူညီချက်ဖြင့် အတည်ပြုခဲ့ခြင်း ဖြစ်သည်။
    
နိုင်ငံတော်သမ္မတ၏ သ၀ဏ်လွှာတွင် ''၂၇-၁-၁၉၉၃ တွင် ကျင်းပသော အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၄/၉၃)၏ သဘောတူခွင့်ပြုချက်ဖြင့်  ၄-၂-၁၉၉၃ ရက်နေ့မှစ၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံတော်၏ကိုယ်စား နိုင်ငံခြားငွေလက်မှတ်(FEC) များ ထုတ်ဝေခဲ့ပါသည်။ FEC တစ်ယူနစ် သည် အမေရိကန်တစ်ဒေါ်လာနှင့် တန်ဖိုးတူညီပြီး ၃၁-၁၂-၂၀၁၂ ရက်ရှိ အများပြည်သူလက်ဝယ် လှည့်လည် သုံးစွဲလျက်ရှိသည့် FEC ယူနစ်မှာ ၃၀ ဒသမ ၉၂ သန်းရှိပါသည်'' ဟူ၍ ပါရှိပါသည်။
    
ထို့ပြင် ''နိုင်ငံခြားငွေ လဲလှယ်နှုန်း စနစ်သစ်အရ နိုင်ငံခြားငွေ လက်ဝယ်ထားရှိခြင်း၊ ကိုင်တွယ်သုံးစွဲခြင်း၊ လွှဲပြောင်းပေးချေခြင်းများ ပြုလုပ်နိုင်သဖြင့် နိုင်ငံတော်၏ စီးပွားရေးစနစ်အတွင်း FEC အား ကြားခံအဖြစ် သုံးစွဲရန် မလိုအပ်တော့ကြောင်း တွေ့ရှိရပါသည်။ FEC ကို ကြားခံထားခြင်းကြောင့် နိုင်ငံခြားငွေလဲလှယ်နှုန်း အမျိုးမျိုးကို ဖြစ်ပေါ်စေသဖြင့် တန်ဖိုးညီမျှသော အမေရိကန်ဒေါ်လာ(သို့မဟုတ်) မြန်မာကျပ်ငွေဖြင့် ပြန်လည်လဲလှယ်ပေးပြီး ပြည်သူများလက်ဝယ်ရှိ FEC များကို ပြန်လည်ရွေးနုတ်ယူသင့်ကြောင်း၊ ထိုသို့ ဆောင်ရွက်မည့် အစီအစဉ်ကို ၂၀၁၃ ခုနှစ် မတ်လတွင် အများပြည်သူသို့ အသိပေးကြေညာသင့်ကြောင်း၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့၏ မေခရို စီးပွားရေးအခြေအနေ စောင့်ကြည့်အကဲဖြတ်မည့် အစီအစဉ်က အကြံပြုခဲ့ပါသည်။

FEC များ ပြန်လည်ရွေးနုတ်ယူခြင်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကဘဏ်များနှင့် ဆက်စပ်အဖွဲ့အစည်းများ ပူးပေါင်းလျက် စနစ်တကျ ဆောင်ရွက်မည်ဖြစ်ပါသည်''ဟု ပါရှိသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။