Thursday, March 21, 2013

မိတ္ထီလာမြို့ရှိ ရွှေဆိုင်တစ်ဆိုင်တွင် ဖြစ်ပွားခဲ့သည့် သာမန်ခိုက်ရန်ဖြစ်ပွားမှုမှ အစပြုကာ ဘာသာရေးအဓိကရုဏ်းအသွင် ဖန်တီးမှုများ ရှိခဲ့သော်လည်း သက်ဆိုင်ရာက ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီး ထိန်းသိမ်းခဲ့


w1-21-3-1

မိတ္ထီလာမြို့ နယူးဝိန့်စိန်ရွှေဆိုင်ရှေ့တွင် အဓိကရုဏ်းဖြစ်ပွားနေမှုအား မတ်လ ၂၀ ရက်နေ့ ညနေပိုင်းက တွေ့ရစဉ်

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့တွင် မတ်လ ၂၀ ရက်နေ့က ရွှေဆိုင်တစ်ဆိုင်တွင် ဖြစ်ပွားခဲ့သည့် သာမန်ခိုက်ရန်ဖြစ်ပွားမှုမှ အစပြုကာ ဘာသာရေးအဓိကရုဏ်းအသွင် ဖန်တီးမှုများ ရှိခဲ့သော်လည်း သက်ဆိုင်ရာက ပုဒ်မ ၁၄၄ ထုတ်ပြန်ကာ ထိန်းသိမ်းခဲ့ကြောင်းမိတ္ထီလာမြို့ရှိ Eleven Media Group သတင်းထောက်၏ သတင်းပေးပို့ချက်အရ သိရသည်။

မိတ္ထီလာမြို့ရှိ ရွှေဆိုင်တစ်ဆိုင်တွင် မတ်လ ၂၀ ရက်နေ့ နံနက် ၁၀  နာရီက သာမန် ခိုက်ရန်ဖြစ်ပွားမှု တစ်ခုမှအစပြုကာ ဘာသာရေးအဓိကရုဏ်းအသွင် ဖန်တီးမှုများ ရှိလာခြင်းအပေါ် ယင်းနေ့ ည ၉ နာရီကျော်တွင် သက်ဆိုင်ရာက ပုဒ်မ ၁၄၄ ထုတ်ပြန်ကာ ထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မတ်လ ၂၀ ရက်နေ့ နံနက် ၉ နာရီခွဲအချိန် မိတ္ထီလာမြို့၊ ဈေးအရှေ့ ပြင်ရပ်ရှိ နယူးဝိန့်စိန် ရွှေဆိုင်သို့ မိတ္ထီလာမြို့နယ်၊ ပြွန်ကောက်ရွာနေ လေထိုးကျွတ်ဖာလုပ်ငန်း လုပ်ကိုင်သည့် ဦးခင်မောင်ဝင်း(၄၅)နှစ်၊ ၎င်း၏ဇနီး ဒေါ်အေးနိုင်(၄၆)နှစ်နှင့် မညိုညိုသန်း (၃၆)နှစ်တို့ သုံးဦးမှ ငွေလိုအပ်သဖြင့် ငွေကျပ် ၁၄၀၀၀၀ ခန့် တန်ဖိုးရှိ ရွှေဆံညှပ်တစ်ခုအား သွားရောက်ရောင်းချခဲ့ကြောင်း သိရသည်။

ထိုသို့ သွားရောက်ရောင်းချရာ ဆိုင်ရှင်ဒေါ်တင်အေး၏ သမက် ထွန်းထွန်းဦး(ခ)အာရှစ်(၂၃)နှစ်မှ ငွေကျပ် ၁၀၅၀၀၀ သာ ပေးမည်ဖြစ်ကြောင်းပြောကြား၍ မှတ်ကျောက်တင်ရန် ဈေးအတွင်းသို့ ယူဆောင်သွားခဲ့ကြောင်း၊ ဆိုင်သို့ပြန်ရောက်စဉ် ရွှေဆံထိုးမှာပဲ့နေသဖြင့် ထွန်းထွန်းဦး(ခ)အာရှစ်မှ တန်ဖိုး ငွေကျပ် ၅၀၀၀၀ သာ ပေးမည်ဖြစ်ကြောင်း ပြောကြားရာမှ နှစ်ဖက်အချင်းများခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ် ဖွဲ့ ၏ Facebook  ဖြစ်သည့် ရဲဇာနည် Facebook တွင် ဖော်ပြထားချက်အရ သိရသည်။

ဆိုင်ရှင် မမြင့်မြင့်အေးက ရွှေဆံညှပ်အား လွှင့်ပစ်ပြီး ထွန်းထွန်းဦး(ခ) အာရှစ်နှင့် ဆိုင်လုပ်သား ညီညီ(ခ)မင်းအောင်တို့မှ ဦးခင်မောင်ဝင်းအား လက်သီးဖြင့် ထိုး၊ သစ်သားတုတ်နှင့် ရိုက်၍ ဦးခင်မောင်ဝင်းတွင် ဒဏ်ရာများရရှိခဲ့သဖြင့် မိတ္ထီလာဆေးရုံသို့ တင်ပို့ ကုသခဲ့ကာ ဦးခင်မောင်ဝင်း၏ ဇနီးဖြစ်သူ ဒေါ်အေးနိုင်မှ တိုင်တန်းသဖြင့် ထွန်းထွန်းဦး(ခ)အာရှစ်၊ ညီညီ(ခ)မင်းအောင်နှင့် မြင့်မြင့်အေးတို့ သုံးဦးအား မိတ္ထီလာ အမှတ်(၂)ရဲစခန်း (ပ)၇၄/၂၀၁၃၊ ပြစ် မှုပုဒ်မ၃၂၆/၂၉၄/ ၄၂၇/၁၁၄ဖြင့် ဖမ်းဆီးအမှုဖွင့် အရေးယူခဲ့ကြောင်း တရားဝင်ထုတ်ပြန်ချက်များအရ သိရသည်။

လူ ၂၀၀ ခန့်က မွန်းလွဲ ၂ နာရီ ၁၅ မိနစ်အချိန်တွင် ထွန်းထွန်းဦး(ခ) အာရှစ်၏ ဆိုင်ပတ်ဝန်းကျင်ရှိ ဈေးအ ရှေ့ဘက် တိုက်သုံးလုံး၌ရှိသော ဆိုင်ခန်းခြောက်ခန်းအား ခဲဖြင့်ထု၊ ဆိုင်အတွင်းဝင်၍ ပစ္စည်းများ ရိုက်ခွဲခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဟန်းသံဃာများနှင့် ရပ်မိရပ်ဖများမှ လူစုခွဲတားဆီးခဲ့ကြောင်း၊ မွန်းလွဲ ၂ နာရီခွဲအချိန်တွင် အဆောက်အဦ ဖျက်ဆီးမှုများ ရပ်တန့်သွားခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် အဆိုပါ ဆိုင်ခန်းခြောက်ခန်း ပျက်စီးခဲ့ကြောင်း၊ ညနေ ၃ နာရီဝန်းကျင်တွင် ၎င်းလူအုပ်စုမှ အဆိုပါတိုက်သုံးလုံးအား ဆက်လက်ဖျက်ဆီးလျက်ရှိသဖြင့် မိတ္ထီလာ ခရိုင်ရဲတပ်ဖွဲ့မှူး ဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များဖြင့် လုံခြုံရေး ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။

ညနေ ၅ နာရီခွဲ ၀န်းကျင်အချိန်တွင် ဈေးအနောက်ဘက်ရှိ ပါကစ္စတန် ဂျာမေ့ဗလီအား မီးရှို့ခဲ့ရာ လူထုမှဝိုင်းဝန်း ငြှိမ်းသတ်ခဲ့သဖြင့် မီးငြိမ်းသွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရဲဇာနည် facebook စာမျက်နှာတွင် ဖော်ပြထားချက်အရ သိရသည်။
ယခုကဲ့သို့ သာမန် ခိုက်ရန်ဖြစ်ပွားမှုအပေါ်တွင် အစပြုကာ လူအချို့က ဘာသာရေး အဓိကရုဏ်း အသွင်ဆောင်သည့် ဖန်တီးမှုများ ရှိခဲ့သော်လည်း သက်ဆိုင်ရာက ပုဒ်မ ၁၄၄ ထုတ်ပြန်၍ ထိန်းသိမ်းခဲ့ကြောင်း မိတ္ထီလာမြို့ခံအချို့ထံမှ သိရသည်။ 
လူစုလူဝေးမပြုလုပ်ရန်နှင့် တာဝန်ကျရဲတပ်ဖွဲ့ဝင်များအား အနှောင့် အယှက်မပေးရန် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မိတ္ထီလာမြို့တွင် သိရိမင်္ဂလာဗလီနှင့် အခြားဗလီအချို့ မီးလောင်မှုဖြစ်ပွားခဲ့ပြီး အပြန်အလှန်မီးရှို့မှုများ ဖြစ်ပေါ်ခဲ့ကြောင်း နေရာအနှံ့မီးလောင်မှုများအား ည ၈ နာရီအချိန်တွင် ငြိမ်းသတ်နိုင်ပြီဖြစ်ကြောင်း အခြားနေရာအချို့တွင် ဒဏ်ရာရရှိသူအချို့ ရှိနေပြီး မြို့နေလူထုမှာ အရွှေ့အပြောင်း လုပ်နေပြီဖြစ်ကြောင်း  မိတ္ထီလာမြို့ရှိ Eleven Media Group သတင်းထောက်၏ သတင်းပေးပို့ချက်အရ သိရသည်။

မတ်လ ၂၀ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်တွင် မိတ္ထီလာအမှတ်(၃) ရဲစခန်းအား ဆက်သွယ်မေးမြန်းရာ အဆိုပါ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ''လောလောဆယ်မှာ တည်ငြိမ်မှုမရှိသေးတဲ့အတွက် သက်ဆိုင်ရာအဖွဲ့အစည်းအ သီးသီးနဲ့ ပူးပေါင်းပြီးတော့ လုံခြုံရေး ရယူနေပါတယ်။ လူတစ်စုက ရုန်းရင်းဆန်ခတ်မှုတွေ လုပ်ဆောင်နေဆဲမို့ တည်ငြိမ်အောင် ဆောင်ရွက်နေပါတယ်''ဟု ပြောကြားခဲ့ပါသည်။

မိတ္ထီလာမြို့၏ အ၀င်အထွက် ရှေ့နောက်ကို ပိတ်ထားပြီဖြစ်ကြောင်း၊  မီးရှို့ဖျက်ဆီးခံရသည့် ဆိုင်ကယ် ၁၀ စီးကျော် ရှိနေပြီဖြစ်ကြောင်း ဓာတ်ပုံရိုက်သည့် သတင်းထောက်နှင့် ရဲဝန်ထမ်းအချို့ကို ခဲများဖြင့် ပစ်ပေါက်မှုများလည်း ရှိခဲ့ကြောင်း မိတ္ထီလာမြို့ခံ သတင်းထောက်၏ သတင်းပေးပို့မှုအရ သိရသည်။

မတ်လ ၂၀ ရက်နေ့ ည ၁၂ နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီးမှ ဒုတိယတိုင်းရဲတပ်ဖွဲ့မှူးဖြစ်သူအား Eleven Media Group မှ ဆက်သွယ်မေးမြန်းရာ ၎င်းက ''လက်ရှိအချိန်မှာတော့ အခင်းဖြစ်ပွားတဲ့နေရာမှာ လူအချို့ပဲ ကျန်ရှိနေပါတော့တယ်။ အဲဒါကို ညှိနှိုင်းဖြေရှင်းမှု ဆက်လက်လုပ်ဆောင်လျက်ရှိပါတယ်''ဟု  ပြန်လည် ဖြေကြားခဲ့သည်။

မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်၍ မတ် လ ၂၁ရက်နေ့ နံနက် ၂ နာရီဝန်းကျင်တွင် Eleven Media Group မှ မိတ္ထီလာမြို့ အမှတ်(၂)ရဲစခန်းအား ဆက်သွယ်မေးမြန်းခဲ့ပါသည်။

ထိုသို့ဆက်သွယ်မေးမြန်းခဲ့ရာတွင် တာဝန်ရှိသူ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ''လက်ရှိအချိန်မှာ အခြေအနေက ပြန်လည်တည်ငြိမ်မှု ရရှိနေပါပြီ။ ရမည်းသင်းဘက်က နယ်မြေခံရဲတပ်ရင်း နှစ်ရင်း ရောက်ရှိနေပြီး ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်နေပါတယ်။ တိုင်းအဆင့် အရာရှိကြီးတွေကိုယ်တိုင် စီမံကွပ်ကဲနေပါတယ်၊ နယ်မြေမှာ လှည့်ကင်းဆောင်ရွက်ပြီး မြို့ရဲ့လုံခြုံရေးကို ရယူနေပါတယ်။ အခုအချိန်မှာတော့ လူစုကွဲသွားပြီဖြစ်ပေမယ့် ဟိုတစ်စု ဒီတစ်စုတော့ ရှိနေပါသေးတယ်။ သတင်းရရှိမှုအပေါ် မူတည်ပြီး ဒေသခံများလုံခြုံရေးအတွက် ဆောင်ရွက်နေပါတယ်''ဟု ပြန်လည် ဖြေကြားခဲ့သည်။

မတ်လ ၂၁ ရက်နေ့ နံနက် ၃ နာ ရီ မိနစ် ၄၀ အထိ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရဲဇာနည် facebook စာမျက်နှာမှတစ်ဆင့် သတင်းထုတ်ပြန်ချက်အရ သံဃာတော်တစ်ပါးနှင့် အမျိုးသားတစ်ဦးတို့ မီးလောင်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း၊ အမျိုးသားလေးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။