Sunday, December 9, 2012

Re: [လုလင်လေး]  ကြေးနီစီမံကိန်း သပိတ်စခန်းဖြိုခွဲမှုတွင် သံဃာတော်များ ဒဏ်ရာရရှိခဲ့သည့်နှင့် ပတ်သက်၍ အမျိုးသားနေ့တွင် ရန်ကုန်၊မန္တလေး၊မုံရွာမြို့များ၌ သံဃာတော်များနှင့် လူပုဂ္ဂိုလ်များ ဆန္ဒထုတ်ဖော်




၁၃၄၇ခုနှစ် တန်ဆောင်မုန်း လပြည့်ကျော် ၁၀ရက်(ဒီဇင်ဘာလ ၈ရက်)နေ့တွင် ကျရောက်သော ၉၂ ကြိမ်မြောက် အမျိုးသားနေ့တွင်  လက်ပံတောင်းတောင် ကြေးနီစီမံကိန်း  သပိတ်စခန်းများအား မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အင်အားသုံးနှိမ်နင်းခဲ့ရာ  သံဃာတော်များ ဒဏ်ရာရရှိခဲ့မှုနှင့် ပတ်သက်၍ ရန်ကုန်၊မန္တလေးနှင့် မုံရွာမြို့များတွင် သံဃာတော်များနှင့် လူပုဂ္ဂိုလ်များမှ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ကြသည်။

ရန်ကုန်မြို့တွင် ဒီဇင်ဘာလ ၈ ရက်နေ့ မွန်းလွဲပိုင်းတွင် သံဃာတော် အပါးသုံးဆယ်ဝန်းကျင်နှင့် လူပုဂ္ဂိုလ် စုစုပေါင်း ၇၀ကျော်တို့မှ ရေတာရှည်လမ်းနှင့် ကြားတောရလမ်းထောင့်ရှိ ကြေးသွန်းဘုရားမှ ရန်ကုန်မြို့တော်ခန်းမရှေ့အထိ လမ်းလျောက် ဆန္ဒထုတ်ဖော်မှုပြု လုပ်ခဲ့ကြသည်။                               
အဆိုပါဆန္ဒထုတ်ဖော်မှုကို နေ့လည် ၁နာရီ ၄၀ မိနစ်မှ စတင်ခဲ့ခြင်းဖြစ်ပြီး မွန်းလွဲ ၂နာရီ ၄၀ ၀န်းကျင်တွင် ဆူးလေစေတီတော်အနီးရှိ လွတ်လပ်ရေးကျောက်တိုင်ရှေ့တွင်  ဆန္ဒထုတ်ဖော်မှုကို ငြိမ်းချမ်းစွာ လူစုခွဲခဲ့ကြကြောင်း သိရသည်။                                    
မန္တလေးမြို့ အိမ်တော်ရာဘုရားအတွင်းရှိ ၁၄ခန်းဇရပ် ဓမ္မာရုံတွင် ဒီဇင်ဘာလ ၈ရက် မွန်းလွဲ ၁ နာရီမှ စတင်ကာ သံဃာတော်များထိုင်သပိတ်ပြုလုပ်ခဲ့ပြီး မွန်းလွဲ ၁နာရီ ၄၅မိနစ်အချိန်တွင် သံဃာတော်အားလုံး၏ သဘောတူညီချက်ဖြင့်  သံဃာတော်အပါး ၅၀၀ ၀န်းကျင်က သုံးပါး တစ်တန်းတန်းစီပြီး မေတ္တာပို့ဆုတောင်းကာ အိမ်တော်ရာဘုရားမှ သကျသီဟဘုရားအထိ မွန်းလွဲ ၃နာရီဝန်းကျင်အထိ လမ်းလျောက်ကာ ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ကြကြောင်းသိရသည်။                     
ဆန္ဒထုတ်ဖော်ခဲ့သည့် သံဃာတော်နှင့်ပြည်သူတို့ တောင်းဆိုခဲ့သည့် တောင်းဆိုချက်များတွင် လက်ပံတောင်းတောင်အရေးတွင် ဒဏ်ရာရရှိခဲ့သည့် သံဃာတော်များအား တာဝန်ရှိသူများမှ ၀န်ချတောင်းပန်ရန်၊ဖမ်းဆီးထားသည့် ရဟန်းရှင် ကျောင်းသား၊ပြည်သူ၊လူငယ်များအား ပြန်လွှတ်ပေးရန်၊သံဃာတော်များ အပေါ်ရက်စက်စွာ နှိမ်နင်းခဲ့သော တာဝန်ရှိသူကို ဖော်ထုတ်ပေးရေး စသည့် တောင်းဆိုချက်များ ပါဝင်သည်။          
ထို့ပြင် မုံရွာမြို့ရှိ ကျောင်းတိုက် အသီးသီးမှ သံဃာတော်များကလည်း ဒီဇင်ဘာလ ၈ရက်နေ့ နေ့လည်ပိုင်းက လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းများ ဖြိုခွဲမှုပြုလုပ်ခဲ့ခြင်းနှင့် ပတ်သက်၍  ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ကြရာ အထက်ပါ တောင်းဆိုမှုများအတိုင်း တောင်းဆိုခဲ့ကြကြောင်း သိရသည်။                         
အဆိုပါ တောင်းဆိုမှုပြုလုပ်ခဲ့ကြသည့် သံဃာတော်များနှင့်လူပုဂ္ဂိုလ်များက ၎င်းတို့တောင်းဆိုသည့်အချက်အား သက်ဆိုင်ရာတာဝန်ရှိသူများက လိုက်လျောခြင်းမရှိပါက ယခုကဲ့သို့ ဆန္ဒထုတ်ဖော်မှုများ ဆက်လက်ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

eleven media group


No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။