Sunday, December 9, 2012

 ၉၂နှစ်မြောက် အမျိုးသားနေ့တွင် ၈၈မျိုးဆက် ကျောင်းသားများအဖွဲ့မှ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သ၀ဏ်လွှာနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့ချုပ်မှ သဘောထားကြေငြာချက် ထုတ်ပြန်



၁၃၇၄ခုနှစ် တန်ဆောင်မုန်း လပြည့်ကျော် ၁၀ရက်(ဒီဇင်ဘာလ ၈ရက်)နေ့တွင် ကျရောက်သည့် ၉၂နှစ်မြောက် အမျိုးသားရေးနေ့တွင်  ၈၈မျိုးဆက် ကျောင်းသားများအဖွဲ့မှ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သ၀ဏ်လွှာနှင့် နိုင်ငံရေး အ ကျဉ်းသားဟောင်းများ အဖွဲ့ချုပ်မှ သဘောထားကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။

၈၈မျိုးဆက်ကျောင်းသားများက ထုတ်ပြန်သည့် သ၀ဏ်လွှာတွင်   ဤနေ့ ဤရက်သည် လွန်ခဲ့သည့် ၉၂နှစ်က မြန်မာနိုင်ငံလွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် ကိုလိုနီနယ်ချဲ့အစိုးရအား ပထမဆုံးအောင်ပွဲခံသည့် နေ့ဖြစ်ပြီး ရန်ကုန်တက္ကသိုလ် ကျောင်းသားကြီးများ ဦးဆောင်မှုဖြင့် ပြည်သူတစ်ရပ်လုံး၏ နိုင်ငံရေးနိုးကြားမှုကို တပ်လှန့်နှိုးဆော်လိုက် သော နေ့လည်းဖြစ်ကြောင်း ဖော်ပြထားသည်။                                    
ထို့ပြင် ယနေ့အချိန်အခါသည် မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေးကာလတစ်ရပ်ကို သိမ်မွေ့ခက်ခဲစွာ ဖြတ်သန်းနေရသည့် ကာလဖြစ်ရာ နိုင်ငံသားများ၏ လိုအပ်ချက် နစ်နာချက်များကို ဖော်ထုတ်ပြသနိုင်ရန် တိုက်တွန်းအားပေးခြင်းနှင့်အတူ ၀ိုင်းဝန်းညှိနှိုင်းဖြေရှင်းနိုင်မည့် နည်းလမ်းများကို ရှာဖွေရန်လိုအပ်ကြောင်း၊အကြမ်းဖက်ဖြေရှင်းမှုမှန်သမျှကို ပြင်းထန်စွာကန့်ကွက်ကြောင်း၊နိုင်ငံတော်ဖွံ့ဖြိုးရေး ကြိုး ပမ်းရာတွင်လည်း နိုင်ငံသားများ၏ အကျိုးစီးပွားသည် ပဓာနဖြစ်ပြီး နိုင်ငံသားများ၏ အခန်းကဏ္ဍကို မြှင့်တင်ရမည်ဖြစ်ကြောင်း သ၀ဏ်လွှာတွင် ဖော်ပြထားသည်။                
နိုင်ငံရေးအကျဉ်းသားဟောင်းများကလည်း အမျိုးသားနေ့တွင် အချက် ၄ချက်ပါဝင်သည့် သဘောထားကြေညာချက် ထုတ်ပြန်ခဲ့ရာ  ၉၂ကြိမ်မြောက် အမျိုးသားနေ့ အခါသမယတွင် မြန်မာနိုင်ငံသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလ၌ ပြဿနာပေါင်းစုံနှင့် အခက်အခဲ ပေါင်းများစွာ ကြုံတွေ့နေရသည်မှာ ယခင်အစိုးရ၏ အုပ်ချုပ်ရေးစီမံခန့်ခွဲမှု ညံ့ဖျင်းခဲ့သောကြောင့် ဖြစ်သည်ဟု မှတ်ယူပါကြောင်း၊ရခိုင်ပြည်နယ်အတွင်း မငြိမ်သက်မှုများ၊ကချင်ဒေသအတွင်း စစ်မက်ဖြစ်ပွားမှုများ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း မကျေနပ်မှုပြဿနာများသည် မြန်မာအမျိုးသားထုတစ်ရပ်လုံးအတွက် အကျည်းတန်အရုပ်ဆိုးစေပါကြောင်း  လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရေးကော်မရှင်၌ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ပါဝင်သည်ကို ထောက်ခံကြိုဆိုပြီး အားဖြည့်ပါဝင်ဆောင်ရွက်ပေးရန် ဆန္ဒများလည်းရှိပါကြောင်းနှင့် စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုဖြင့် မှန်ကန် တိကျ၊တရားမျှတသည့် သုံးသပ် ဆုံးဖြတ်ချက်များ ရရှိလိမ့်မည်ဟု ကျွန်ုပ်တို့ အပြည့်အ၀ယုံကြည်ပါကြောင်း စသည်တို့ပါဝင်သည်။

eleven media group

--
Posted By Blogger to လုလင်လေး at 12/08/2012 07:22:00 PM

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။