Sunday, December 9, 2012

ရန်ကုန်မြို့တွင် နေ့စဉ်ထွက်ရှိသော အမှိုက်များမှ လျှပ်စစ်ထုတ်ယူရန် မြို့တော်စည်ပင်သို့ ပြည်ပကုမ္ပဏီ ၃၀ ကျော်မှ လာရောက်ဆွေးနွေးနေ

အလားတူ ဂျပန်နိုင်ငံ၊ Mitsubishi ကုမ္ပဏီမှ နည်းပညာနှင့် ငွေကြေးအကူအညီပေးသွားရန် စီစဉ်နေကြောင်း Mitsubishi Heavy Industries, Ltd(MHI) မှတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
''ကျွန်တော်တို့အနေနဲ့ကတော့ ရန်ကုန်မြို့ကနေ နေ့စဉ်ထွက်နေတဲ့ အမှိုက်တွေကို လျှပ်စစ်ဓါတ်အား  ပြန်ပြီးထုတ်လုပ်တဲ့ နည်းပညာတွေ စက်ရုံတွေတည်ဖို့ လာရောက်ခဲ့တာပါ'' ဟု Mitsubishi Heavy Industries, Ltd(MHI) မှဒုတိယဥက္ကဋ္ဌ Mr.Yukinori ကပြောကြားခဲ့သည်။

ရန်ကုန်မြို့တွင် ယင်းကဲ့သို့ အမှိုက်မှလျှပ်စစ်ထုတ်ယူနိုင်ရေးအတွက် နည်းပညာဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ ကုန်သည်ကြီးများဟိုတယ်တွင် Semimor on Smart Waste-to-Energy Systems and total Waste Management Technology for Yangon City ဆွေးနွေးပွဲကိုလည်း ဒီဇင်ဘာလ ၅ ရက်နေ့က ကျင်းပခဲ့ကြောင်း သိရှိရသည်။
''အခုဆွေးနွေးပွဲမှာ ကျွန်တော်တို့ရဲ့ နည်းပညာတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ပြောပြသွားမှာဖြစ်ပါတယ်။ သူတို့ဘက်က လက်ခံရင် နည်းပညာရော ငွေကြေးကိုပါ အကူအညီပေးသွားဖို့ ရှိပါတယ်။ ငွေကြေးဆိုရာမှာလည်း အနည်းဆုံးအတိုးနှုန်းနဲ့ ငွေချေးပေးထားမှာဖြစ်ပြီး ပြန်ဆပ်ရမယ့်ကာလကိုလည်း အချိန်တော်တော်ကြာကြာ ပေးထားမှာပါ။ လက်ရှိမှာတော့ တည်ဆောက်မယ့်စက်ရုံရဲ့ အရွယ်အစားနဲ့ အချိန်ကာလကို မသတ်မှတ်ရသေးပါဘူး။ ဒီကတာဝန်ရှိသူတွေနဲ့ ဆွေးနွေးနေတုန်းပါပဲ'' ဟုလည်း Mitsubishi Heavy Industries, Ltd(MHI) မှ Mr.Ryuichi Horike က ပြောကြားခဲ့သည်။
ရန်ကုန်မြို့တွင် တစ်နေ့လျှင် ပျမ်းမျှအမှိုက်တန်ချိန် ၁၅၀၀ ထွက်ရှိနေကြောင်းနှင့် ယင်းကဲ့သို့ အမှိုက်မှ လျှပ်စစ်ဓါတ်အားထုတ်ယူနိုင်ရေးကို ပြည်ပကုမ္ပဏီ ၃၀ ကျော်မှ လာရောက်ဆွေးနွေးနေမှုအပေါ် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ''ရန်ကုန်က တစ်နေ့ကို အမှိုက်တန်ချိန် ၁၅၀၀ ထွက်ပါတယ်။ အမှိုက်ကနေ လျှပ်စစ်ထုတ်ဖို့ဆိုပြီး ကျွန်တော်တို့ဆီကို ပြည်ပကုမ္ပဏီ ၃၀ ကျော်က လာရောက်ဆွေးနွေးကြတယ်။ သူများနိုင်ငံမှာ ထုတ်လုပ်လို့ အောင်မြင်ပေမယ့် ကျွန်တော်တို့ဆီအတွက်က အသေးစိတ်တွက်ချက်မှုတွေ ပြုလုပ်ရဦးမှာပါ။ ပြီးမှဖြစ်သင့်မဖြစ်သင့် ဆုံးဖြတ်သွားမှာပါ'' ဟုလည်း  သုံးသပ်ပြောကြားခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။