Sunday, December 9, 2012

 ညကင်းလှည့် တာဝန်ကျ ရဲတပ်ဖွဲ့ဝင်သုံးဦး၏ ရိုက်နှက်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံးမှုဖြစ်စဉ်ကို လူသေမှုမှ လူသတ်မှုပုဒ်မသို့ ပြောင်းလဲစစ်ဆေး


thn-9-12-8
အခင်းဖြစ်ပွားရာနေရာအား ဒီဇင်ဘာလ ၈ ရက်နေ့က တွေ့ရစဉ်
ညကင်းလှည့်နေသော ရဲတပ်ဖွဲ့ဝင်သုံးဦးက အော်ဟစ်သောင်းကျန်းနေသော အမျိုးသားတစ်ဦးကို ၀ိုင်းဝန်းရိုက်နှက်မှုကြောင့် အဆိုပါ အမျိုးသား သေဆုံးမှုဖြစ်စဉ်ကို လူသေမှုမှ လူသတ်မှုဖြင့် ရဲတပ်ဖွဲ့ဝင်သုံးဦးကို စစ်ဆေးလျက်ရှိကြောင်း သက်ဆိုင်ရာရဲစခန်းမှ သိရှိရသည်။

၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့ ည ၁၁ နာရီအချိန်ခန့်တွင်  ရွှေပြည်သာမြို့နယ် မဟာမြိုင်လမ်းမကြီးဘေး ထမင်းဆိုင်၌ ကိုဇေယျာမင်း (၂၇ နှစ်) သည် အရက်သေစာ သောက်စားပြီး သူငယ်ချင်းများနှင့် စကားများနေရာ ညကင်းလှည့်နေသော ရဲတပ်ဖွဲ့ဝင်သုံးဦးက ၀င်ရောက် ထိန်းသိမ်းခဲ့ကြောင်း သိရသည်။
ထိုအချိန်တွင် ကိုဇေယျာမင်းနှင့် ရဲတပ်ဖွဲ့ဝင်သုံးဦးတို့သည် စကားများရာမှတစ်ဆင့် ၀ိုင်းဝန်းလုံးထွေးခဲ့ကြရာ ထိုရဲတပ်ဖွဲ့ဝင်များက ကို ဇေယျာမင်းအား နောက်ပြန် လက်ထိပ်ခတ်ခဲ့ပြီး ၀ိုင်းဝန်းရိုက်နှက် ထိုးကြိတ်ခဲ့ရာတွင် သေဆုံးသွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများထံမှ သိရသည်။
''ကျွန်တော်တို့တွေက ၁၀ နာရီ အလုပ်သိမ်းပြီး ပြန်လာတယ်။ ကျွန်တော်က ထမင်းချိုင့်ကို အဲဒီအခင်းဖြစ်တဲ့နားက အိမ်မှာ သွားထားတယ်။ အဲဒီအချိန်မှာ ကိုဇေယျာမင်းနဲ့ ကိုသန်းစိုးတို့ မူးပြီး အော်ကြီးဟစ်ကျယ် စကားများကြတယ်။ အဲဒါနဲ့ ကျွန်တော်က ကြားထဲက တောင်းပန်ပြီး ကိုဇေယျာမင်းကို အိမ်ပြန်လိုက်ပို့တယ်။ လိုက်ပို့တဲ့အချိန်မှာ သူက မကျေနပ်ဘူး။ လမ်းတစ်ဝက်လည်းရောက်တော့ သူကတစ်ယောက်တည်း ပြန်မယ်လို့ပြောတယ်။ အဲဒီချိန်မှာ ကိုဇေယျာမင်းက ထမင်းဆိုင်ကို ပြန်လာတယ်။ နောက်ပြီး အော်ဟစ်ပြီး စိန်ခေါ်မှုတွေလုပ်တယ်။ သူကပြောရင်း ပြောရင်း များလာတဲ့အတွက် ကျွန်တော်နဲ့ ကိုသန်းစိုးက ထိန်းတယ်။ နောက်ဆုံးသူ့ကို မထိန်းနိုင်တဲ့အတွက် ကိုသန်းစိုးနဲ့တိုင်ပင်ပြီး ရွှေပြည်သာ ရဲစခန်းကို ဖုန်းဆက်အကြောင်းကြားတယ်။ ၁၀ မိနစ်လောက် အကြာမှာ ဆိုင်ကယ်တစ်စီးနဲ့ ရဲနှစ်ယောက် ရောက်လာတယ်။ နောက်ပြီး ဆိုင်ကယ်တစ်စီးနဲ့ ရဲတစ်ယောက် ထပ်ရောက်လာတယ်။
ကျွန်တော်က ယူနီဖောင်းတွေနဲ့ဆိုတော့ ရွှေပြည်သာစခန်းကလားလို့ မေးလိုက်တယ်။ သူတို့ကမဟုတ်ဘူး၊ လှော်ကားရဲစခန်းကပါတဲ့။ အဲဒါနဲ့ ကျွန် တော့်သူငယ်ချင်း မူးပြီးရစ်နေတယ်။ ထိန်းပေးပါလို့ အကူအညီတောင်းလိုက်တယ်၊၊ ရပါတယ်၊ တတ်နိုင်သလောက် ကူညီမယ် သူတို့ကပြောတယ်။ ပြီးတော့ သူ့ကိုထားပြီး တစ်ဖက်ကွမ်းယာဆိုင်မှာ ကျွန်တော်ထိုင်ခဲ့တယ်။ ပြန် ပြီးလှည့်ကြည့်ချိန်မှာ ကိုဇေယျာမင်းကို ရဲသုံးယောက်က လက်ထိပ်ကို နောက်ပြန်ခတ်ပြီး ၀ိုင်းဝန်းထိုးကြိတ်နေတာ တွေ့တယ်။ နောက်ပြီး နံပါတ်တုတ်နဲ့လည်း ရိုက်တယ်။ မကြာဘူး၊ ကိုဇေယျာမင်းနောက်ကို ပက်လက်လှန်ကျသွားတယ်။ ခေါင်းမှာလည်း သွေးထွက်နေတာကို တွေ့ရတယ်။ ပြီးတော့ ရွှေပြည်သာရဲစခန်းက ရဲတွေရောက်လာတယ်။ သူ့အလောင်းကို ရဲတွေက ပြန်သယ်သွားတယ်'' ဟု ဖြစ်စဉ်အား မျက်မြင်တွေ့ရှိသူ သေဆုံးသူ၏ သူငယ်ချင်း ကိုနိုင်မွန်က ဆိုပါသည်။
''သူတို့ကို ရဲတရားရုံးအနေနဲ့ ပြစ်ဒဏ်လွှဲပြီးသွားရင် အရပ်ဘက် တရားရုံးကို လွှဲပြောင်းတဲ့အခါ ကျွန်တော့်ဘက်က ရှေ့နေနှစ်ယောက်နဲ့ လိုက်ဖို့ ပြင်ဆင်ထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ သေသွားတဲ့လူက သေသွားပြီ။ ဒီအမှုကို အမှန်တိုင်းဖြစ်စေ ချင်တယ်''ဟု အောင်ကြွေပြားစက်ရုံမှ အလုပ်သမားသမဂ္ဂ၏ ဥက္ကဋ္ဌ ဖြစ်သူ ကိုသန့်စင်ဦးက  ပြောကြားခဲ့သည်။
''ဒီအမှုကိုစစ်တုန်းက ကျွန်တော်တို့အနေနဲ့ ဖြစ်စဉ်ကို  အသေးစိတ် မသိသေးဘူး။ မျက်မြင်သက်သေတွေလည်း မစစ်ရသေးတဲ့အတွက် ၃၀၄(က)နဲ့ လူသေမှုနဲ့ ဖွင့်ထားတယ်။ ပြီးတော့ ဖြစ်စဉ်မှာ ပါဝင်တဲ့ လူတွေကို တစ်ယောက်ချင်းစစ်တယ်။ နောက်ပြီး ရဲသုံးယောက်ကိုလည်း ခွဲပြီးစစ်တယ်။ ရဲတွေကလည်း သူတို့သတ်တာပါဆိုပြီး ၀န်ခံတယ်။ ဒါကြောင့် နိုဝင်ဘာ ၃၀ ရက်နေ့မှာ လူသတ်မှု ၃၀၂(က)နဲ့ ပြောင်းလဲအမှုဖွင့်လိုက်ပါတယ်'' ဟု ရွှေပြည်သာရဲစခန်းမှ စခန်းမှူးက ပြောကြားခဲ့သည်။
သေဆုံးသွားသော ကိုဇေယျာမင်းသည် ရွှေပြည်သာမြို့နယ် အောင် ကြွေပြားစက်ရုံမှ အလုပ်သမားဖြစ် ပြီး ယင်းစက်ရုံမှ အလုပ်သမားသမဂ္ဂအဖွဲ့၏ အမှုဆောင်တစ်ဦးဖြစ်ကြောင်း သိရသည်။
''ကိုဇေယျာမင်းဟာ စက်ရုံမှာလည်း ပြဿနာဖြစ်တာမျိုး မရှိဘူး။ သဘောကောင်းတဲ့ သူတစ်ယောက်ပါ။ သူက လုပ်ခလစာတိုးမြှင့်ရရှိဖို့လည်း ဦးဆောင်ပါဝင်လှုပ်ရှားခဲ့တဲ့သူ ဖြစ်ပါတယ်။ အခုလိုမျိုးဖြစ်သွားတဲ့အတွက် အရမ်းဝမ်းနည်းရတယ်။ ဒီအမှုအပေါ်မှာ မှန်ကန်တဲ့တရားစီရင်ရေးဖြစ်ဖို့ လိုလားပါတယ်''ဟု သေဆုံးသူ၏ မိသားစုဝင်တစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါဖြစ်စဉ်ကို ရွှေပြည်သာ ရဲစခန်းမှ (ပ)၁၄၂၂/၂၀၁၂ ဖြင့် အမှုဖွင့်ထားပြီး  ကျူးလွန်သူများကို တရားဥပဒေအရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။