Sunday, December 9, 2012

သာသနာရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့နှင့် ညှိနှိုင်း၍ ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းလုပ်သားများ၏ ကလေးသူငယ်များကို ပညာသင်ကြားခွင့်ပြုနိုင်ရန်စီစဉ်




thn-9-12-6
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်လျက်ရှိသော မြန်မာရွှေ့ပြောင်း လုပ်သားများ၏ ကလေးသူငယ် အများအပြားရှိနေပြီး အဆိုပါ ကလေးငယ်များအား မြန်မာနိုင်ငံမှ ပညာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ပြီး  ယင်းနိုင်ငံတွင် ပညာသင် ကြားခွင့်ပြုပေးနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း ဒီဇင်ဘာလ ၂ ရက်နေ့က ဆီဒိုးနားဟိုတယ်တွင် ပြုလုပ်ခဲ့သည့် CMP လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲမှ သိရှိရသည်။

ဦးရေ နှစ်သိန်းဝန်းကျင်ရှိသော ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း လုပ်သားများ၏ ကလေးသူငယ်များကို လတ်တလောတွင် ထိုင်းနိုင်ငံရှိ ကျောင်းများတွင် ပညာသင်ကြားစေမည်ဖြစ်ကြောင်း သိရှိရပြီး မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာနမှ မြန်မာ့ပညာရေး သင်ရိုးညွှန်းတမ်းများနှင့် သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။ ဘုန်းကြီးကျောင်းပညာရေး သင်ယူရန်အတွက်လည်း သာသနာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်း၍ ဘုန်းတော်ကြီးကျောင်းများတွင် စာသင်ကြားနိုင်ရန်အတွက် စာသင်ဘုန်းတော်ကြီးများ စေလွှတ်ပေးမည်ဖြစ် ကြောင်း သိရသည်။
''ထိုင်းနိုင်ငံထဲမှာတော့ လတ်တလော သူတို့ဆီက ကျောင်းတွေမှာ သင်ကြားစေမယ်၊ ပညာရေးဝန်ကြီးဌာနအနေနဲ့ ကိုယ့်နိုင်ငံက သင်ရိုးညွှန်းတမ်းနဲ့ပဲ သင်ကြားပေးသွားမယ်။ သာသနာရေးဝန်ကြီးဌာနကလည်း ဘုန်းကြီးကျောင်းတွေမှာ ပညာသင်ကြားမယ်ဆိုရင် စာသင်သံဃာတော်တွေကို စေလွှတ်ပေးသွားမှာဖြစ်ပါတယ်'' ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန အလုပ်သမားညွှန်ကြားရေးမှူး ဦးစီးဌာန အလုပ်သမားညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောပြခဲ့ပါသည်။
နိုဝင်ဘာလ ၂၅ ရက်နေ့က အလုပ်သမား၊ အလုပ်အကိုင်လူမှုဖူလုံရေးဝန်ကြီးဌာနမှ ထိုင်းနိုင်ငံသို့ အလုပ်သမားနှင့် ပတ်သက်၍ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း ထိုင်း နိုင်ငံရှိ အလုပ်သမားဝန်ကြီးဌာနတို့နှင့် တွေ့ဆုံဆွေးနွေးပွဲ၌ အဆိုပါပညာရေးနှင့် ပတ်သက်၍ သဘောတူညီချက် ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။
''ကျွန်တော်တို့ သင်ရိုးညွှန်းတမ်းနဲ့ပဲ ထိုင်းဘက်မှာ တစ်တန်းပညာသင်ယူပြီးရင် ဒီရောက်ရင် နှစ်တန်းပညာရေးကို သင်ကြားခွင့်ပြုသွားမယ်။ သူတို့ဘက်က ပညာရေးဝန်ကြီးဌာနနဲ့ ကိုယ့်ဘက်က ပညာရေးဝန်ကြီးဌာနတို့ ညှိနှိုင်းဖို့ပြောခဲ့တယ်။ သာသနာရေးဝန်ကြီးဌာနနဲ့ ညှိဖို့လည်း သူတို့ဘက်က အကြံပေးတယ်''ဟု အလုပ် သမားအလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမြင့်သိန်းက ပြောပြခဲ့ပါသည်။
လက်ရှိတွင် ပညာရေးကဏ္ဍနှင့် ပတ်သက်၍ နှစ်နိုင်ငံစလုံးမှ ပညာရေးဝန်ကြီးဌာနများအနေဖြင့် အသေးစိတ် ဆွေးနွေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရပြီး အလုပ်သမားနှင့်ပတ်သက်၍ ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်တွင် ထိုင်းနိုင်ငံရှိ တရားမ၀င် နိုင်ငံခြားသားလုပ်သားများအား ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ပြန်လည်စေလွှတ်မည်ဖြစ်ကာ မိမိနိုင်ငံတွင် နိုင်ငံသားဖြစ်ကြောင်း စိစစ်ပြီး ထိုင်းနိုင်ငံသို့ ပြန်လည်စေလွှတ်မည်ဟု သိရှိရပါသည်။

eleven media group


No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။