Sunday, December 9, 2012

 ပြည်ပမှတင်သွင်းလာသည့် မော်တော်ယာဉ်တစ်သိန်းကျော်တွင် အများပြည်သူ သယ်ယူပို့ဆောင်ရေးအတွက် အသုံးပြုမည့် ဘတ်စကားတင်သွင်းမှုမှာ အစီးရေ ၁၀၀၀ ကျော်သာရှိပြီး တင်သွင်းမှုအနည်းဆုံးဖြစ်နေ



၂၀၁၂ ခုနှစ်အတွင်း နိုဝင်ဘာလကုန်အထိ ပြည်ပမှတင်သွင်းလာသည့် မော်တော်ယာဉ်အရေအတွက် တစ်သိန်းကျော်တွင် အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် အသုံးပြုမည့် ဘတ်စကားတင်သွင်းမှုမှာ အရေအတွက်တစ်ထောင် ကျော်သာရှိပြီး တင်သွင်းမှုအနည်းဆုံးဖြစ်နေကြောင်း အကောက်ခွန်ဦးစီးဌာနမှ ရရှိသောအချက်အလက်များအရ သိရှိရသည်။

ပြည်ပမှ တင်သွင်းလာသော မော်တော်ယာဉ်များကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာနမှ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့ထိ စည်းကြပ်ဆောင်ရွက်ပေးခဲ့သော စာရင်းများအရ တင်သွင်းလာသည့် မော်တော်ယာဉ် အမျိုးအစားများမှာ လူစီးယာဉ် ၁၀၅၇၉၈ စီး၊ဘတ်စကား ၁၄၃၇ စီး၊ကုန်တင်ယာဉ် ၆၁၅၁ စီး စုစုပေါင်း ၁၁၃၃၈၆ စီးဖြစ်ကြောင်း သိရသည်။
တင်သွင်းလာသည့် ကားအရေအတွက်ကို ကြည့်ပါက လူစီးယာဉ်တင်သွင်းမှုမှာ တင်သွင်းမှု စုစုပေါင်း၏ ၉၃ ရာခိုင်နှုန်းကျော်ရှိပြီး ကုန်တင်ယာဉ်တင်သွင်းမှုမှာ ငါးရာခိုင်နှုန်းကျော်နှင့် အများပြည်သူသယ် ယူပို့ဆောင်ရေး လုပ်ငန်းများတွင် အသုံးပြုမည့် ဘတ်စကားတင်သွင်းမှုမှာ တစ်ရာခိုင်နှုန်းကျော်ကျော်သာရှိကြောင်း သိရှိရပါသည်။
၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ပမှတင်သွင်းလာသော မော်တော်ယာဉ်များအပေါ် အကောက်ခွန် ဦးစီးဌာနမှ အခွန်ကောက်ခံရှိငွေမှာ ကျပ်သန်း ၂၈၀၂၉၁ ဒသမ ၁၅ ခန့် ရှိကြောင်းလည်း သိရှိရသည်။
ပြည်ပမော်တော်ယာဉ် တင်သွင်းမှုများနှင့် ပတ်သက်၍ ပြည်တွင်းရှိ အိုမင်းဟောင်းနွမ်းနေသော နှစ် ၂၀ သက်တမ်းကျော်ရှိသည့် ယာဉ်အိုယာဉ်ဟောင်းများကို ပြန်လည်အပ်နှံစေပြီး ပြည်ပမှအစားထိုး တင်သွင်းခွင့်ပြုခြင်းကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်တို့ ပါဝင်သော သက်တမ်းကြာမြင့် မော်တော်ယာဉ်များ ပယ်ဖျက်အပ်နှံအစားထိုး လဲလှယ်ရေးနှင့် ပတ်သက်သည့်ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ One Stop Service (OSS) ဖွဲ့စည်းပြီး မော်တော်ယာဉ်အစားထိုး တင်သွင်းခွင့် ပါမစ်ထုတ်ပေးခြင်းကို  ၂၀၁၁ ခုနှစ် စက်တင်ဘာလမှ စပြီးတင်သွင်းခွင့်ပေးခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအရ သိရှိရပါသည်။

eleven media group

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။