Sunday, December 9, 2012

 အမေရိကန်အခြေစိုက် P&G ကုမ္ပဏီမှ မြန်မာအပါအ၀င် ကမ္ဘာ့နိုင်ငံများသို့ ၂၀၂၀ ပြည့်နှစ်အထိ နှစ်စဉ် သောက်ရေသန့် လီတာပေါင်း သန်းနှစ်ထောင် အခမဲ့ဖြန့်ဝေရန် စီစဉ်


အမေရိကန်အခြေစိုက် Procter  and Gamble ( P&G) ကုမ္ပဏီမှ မြန်မာအပါအ၀င် ကမ္ဘာ့နိုင်ငံများသို့ ၂၀၂၀ ပြည့်နှစ်အထိ နှစ်စဉ်သောက်သုံး ရေသန့်လီတာပေါင်း သန်းနှစ်ထောင် အခမဲ့ဖြန့်ဝေရန် စီစဉ်လျက်ရှိကြောင်း P&G Children's Safe Drinking Water Program rS Founder and Director ဖြစ်သူ Dr.Greg Allgood ၏ ပြောကြားချက်အရ သိရသည်။



မြန်မာနိုင်ငံတွင် သဘာဝဘေးအန္တရာယ်များ ကျရောက်သောအခါများတွင် ကယ်ဆယ်ရေးအစီအစဉ်များ ပြုလုပ်နိုင်ရေးနှင့် ကလေးသူငယ်များ စိတ်ချပြီး သန့်ရှင်းသည့် သောက်သုံးရေရရှိရေး အစီအစဉ်အတွက် Procter  and Gamble ( P&G) မှ ပံ့ပိုးကူညီမှုများ ပေးအပ်ခြင်းအခမ်းအနားကို ဒီဇင်ဘာလ ၅ ရက်နေ့က ရန်ကုန်မြို့၊အင်းလျားလိတ် ဟိုတယ်၌ ကျင်းပခဲ့ကြောင်း သိရသည်။
Procter  and Gamble ( P&G) ကုမ္ပဏီသည် ကမ္ဘာ့အကြီးဆုံး လူသုံးကုန်ပစ္စည်း ထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး ၁၉၉၅ ခုနှစ်ကတည်းက ကမ္ဘာ့လူသားချင်း စာနာထောက်ထားခြင်း အကူအညီခေါ် 'Children's Safe Drinking Water Program( CSDW)' အစီအစဉ်အောက်တွင် သောက်သုံးရေ အခက်အခဲဖြစ်နေသည့် နေရာများတွင် သန့်ရှင်းသည့် သောက်သုံးရေရရှိရန် ယင်းနေရာများရှိ လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ လုပ်ဆောင်ပေးလျက်ရှိ ကြောင်းသိရသည်။
Procter  and Gamble ( P&G) ကုမ္ပဏီသည် မြန်မာနိုင်ငံရှိ သဘာဝဘေးအန္တရာယ်များ၏ နောက်ဆက်တွဲ အခြေအနေများကြောင့် ကျန်းမာရေးနှင့် ညီညွတ်သည့် သောက်သုံးရေမရရှိနိုင်သည့်  ဒေသများရှိ ဒုက္ခသည်များအား ရေသန့်ရရှိစေရန် ရည်ရွယ်၍ လူမှုရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် World Vision နှင့် ပူးပေါင်းလုပ်ဆောင်ပေးလျက်ရှိကြောင်း၊ နာဂစ်မုန်တိုင်း ကျရောက်စဉ်က ရေသန့်လီတာပေါင်း ၂၅ သန်းခန့် လှူဒါန်းခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ်တွင် ထပ်မံ၍ ၄ ဒသမ ၅ သန်းသော ရေသန့်ထုပ်ငယ်များ ပေးပို့လှူဒါန်းခဲ့ပြီး ၂၀၁၂ ခုနှစ်အတွင်း ရေနစ်မြုပ်မှုဒဏ်ခံခဲ့ရသည့် သာပေါင်း၊ကော့သောင်း၊လွိုင်ကော်၊ဘားအံ၊ထားဝယ်၊လောင်းလုံနှင့် သရက်ချောင်းမြို့များတွင် ထောက်ပံ့မှုများ ပြုလုပ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
''မြန်မာအပါအ၀င် ကမ္ဘာ့နိုင်ငံတွေမှာ လာမယ့် ၂၀၂၀ ပြည့်နှစ်အထိ နှစ်စဉ် ရေသန့်လီတာပေါင်း သန်းနှစ်ထောင် ဖြန့်ဝေပေးဖို့ စီစဉ်ထားတယ်။ လက်ရှိမှာတော့ မြန်မာနိုင်ငံကို ဘယ်လောက်ပေးမယ်ဆိုတာကတော့ အတိ အကျပြောလို့မရပါဘူး။ သဘာဝဘေးအန္တရာယ် ကျရောက်တဲ့အခါရယ်၊ပုံမှန်အခြေအနေမှာ အခက်အခဲရှိနေတဲ့ ဒေသတွေမှာ ကူညီသွားမှာပါ။ ခုမြန်မာနိုင်ငံကို လာရတဲ့အကြောင်းရင်းက မြန်မာပြည်သူတွေ အနေနဲ့ ဒီရေသန့်စင်ထုပ်တွေကို အမှန် တကယ်ကြိုက်လား အသုံးဝင်လား ဆိုတာကို လေ့လာဖို့ပါ။ ရလာတဲ့ ရလဒ်ပေါ် မူတည်ပြီး ရှေ့ဆက်လုပ်သွားမှာပါ''ဟု P&G Children's Safe Drinking Water Program မှ Founder and Director ဖြစ်သူ Dr.Greg Allgood က ပြောပါသည်။
အမေရိကန်အခြေစိုက် Procter  and Gamble ( P&G) ကုမ္ပဏီမှ  ရေသန့်စင်နည်းပညာခေါ် ' P&G ရေသန့်စင်ထုပ်' များ ထုတ်လုပ်ပြီး ယင်းရေသန့်စင်များကို ကမ္ဘာ့နိုင်ငံများရှိ သောက်သုံးရေ အခက်အခဲဖြစ်နေသည့် နေရာများ၊ သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့သည့် နေရာများတွင် အခမဲ့ ဖြန့်ဝေပေးနိုင်ရန် ရည်ရွယ်၍ ထုတ်လုပ်ခြင်းဖြစ်ကြောင်းနှင့်' P&G ရေသန့်စင်ထုပ်' တစ်ထုပ်သည် ရေ ၁၀ လီတာကို သန့်စင်ပေးနိုင်ရုံသာမက ရေ၌ပါဝင်နေသည့် ကာလ၀မ်းရောဂါဖြစ်စေသည့် ဘက်တီးရီးယားပိုးများ၊ အသည်းရောင်ရောဂါ ဖြစ်စေသည့် ဗိုင်းရပ်စ်ပိုးများနှင့် ညစ်ညမ်းရေမှ Protozoa များကို ရာနှုန်းပြည့်နီးပါး ဖယ်ရှားပေးနိုင်ကြောင်းလည်း သိရသည်။           P&G ကုမ္ပဏီ မှ Vicks , Oral B , Head & Shoulders , Gillette , Olay, SKII, Tide, Duracell , Whisper, Pantene  စသည့် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်လျက်ရှိကြောင်း သိရသည်/

eleven media group


No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။