Monday, December 10, 2012

 ရမည်းသင်းခရိုင် မိုးမိမိုးထိ ရွှေလုပ်သားအဖွဲ့ ခေါင်းဆောင်လေးဦးအား ရေတာရှည်မြို့နယ် တရားရုံးတွင် ရုံးတင်စစ်ဆေးမှုများ ပြုလုပ်လျှက်ရှိ

ဒီဇင်ဘာ ၁၀ ရက် နံနက် ၁၀ နာရီခွဲက ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ် တရားရုံးတွင် ရေတာရှည်မြို့နယ် အုပ်ချုပ်ရေးမှူးမှ တရားလိုပြုလုပ်ကာ တရားစွဲဆိုထားသော ရမည်းသင်းခရိုင် မိုးမိမိုးထိဒေသ ရွှေလုပ်သားအဖွဲ့ခေါင်းဆောင် လေးဦးအား ရုံးထုတ်ကြားနာစစ်ဆေးမှုများ ပြုလုပ်လျှက်ရှိပြီး တရားစွဲဆိုထားသော ပုဒ်မ ၅၀၅-ခ အား အာမခံခွင့်ပြုပေးခြင်း မရှိကြောင်း ယင်းအမှုတွင် လိုက်ပါဆောင်ရွက်နေသူ အဖမ်းဆီးခံရသူ ရွှေလုပ်သားအဖွဲ့ အကျိုးဆောင်ရှေ့နေ ဒေါ်စန်းစန်းလှထံမှ သိရှိရသည်။

ရွှေလုပ်သားအဖွဲ့သည် ရန်ကုန်မှနေပြည်တော်သို့ ငြိမ်းချမ်းစွာ လမ်းလျှောက်ချီတက်လာစဉ် ရေတာရှည်မြို့နယ် မြို့လှမြို့တွင် သက်ဆိုင်ရာ အာဏာပိုင်များမှ အဖွဲ့ခေါင်းဆောင် လေးဦးဖြစ်သူ ကိုရဲရင့်ထွန်း၊ ကိုနေအောင်ထက်၊ ကိုနိုင်ဝင်း၊ ကိုစောနောင်တို့လေးဦးအား ဖမ်းဆီးခဲ့ပြီး ရေတာရှည်မြို့နယ် အုပ်ချုပ်ရေးမှ တရားလိုပြုလုပ်ကာ ပုဒ်မ ၅၀၅-ခ ဖြင့်လည်းကောင်း၊ မြို့လှရဲစခန်းမှူးမှ ပုဒ်မ (၁၈) ဖြင့်လည်းကောင်း တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ပုဒ်မ ၅၀၅-ခ ဖြင့် တရားစွဲဆိုထားမှုကို အာမခံခွင့်ပြုပေးထားခြင်း မရှိပဲ ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုထားမှုကို တစ်ဦးလျှင် သိန်း ၅၀ ကျပ်ဖြင့် အာမခံကြေး တင်သွင်းလျှောက်ထားရကြောင်း ရေတာရှည်မြို့နယ်မှ ကိုယ်တိုင်အာမခံပေးခဲ့သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် ဦးမောင်မောင်က ပြောကြားသဖြင့် သိရှိရသည်။

ဖမ်းဆီးထားသော ရွှေလုပ်သားအဖွဲ့ ခေါင်းဆောင်လေးဦးအား ရုံးထုတ်ကြားနာစစ်ဆေးမှုများကို နိုဝင်ဘာ ၃၀ ၊ ဒီဇင်ဘာ ၄၊ ၇၊ ၁၀ ရက်နေ့များတွင် ပြုလုပ်ခဲ့ပြီး ၄ ကြိမ်မြောက် စစ်ဆေးခြင်းဖြစ်ကြောင်း သိရှိရသည်။

"ပုဒ်မ ၁၈ ကတော့ အာမခံရပြီးပါပြီ မှန်မှန်နဲ့ မြန်မြန်တရားစီရင်ပေးမှာမို့လို့ ပုဒ်မ ၅၀၅-ခ ကိုတော့ အာမခံမပေးဘူးတဲ့ အစတုန်းက ကျွန်မတို့က ပုဒ်မ ၁၈ အတွက်လည်း အာမခံမလုပ်တော့ဘူးလို့ ဆုံးဖြတ်ထားတာ နိုဝင်ဘာ ၇ ရက်နေ့ ၁ နာရီလောက်က မြို့နယ်အုပ်ချုပ်ရေးမှူးက ပုဒ်မ ၁၈ အတွက် အာမခံလာလုပ်ပါဆိုလို့ အာမခံလုပ်လိုက်တာ သူကတော့အာမခံရတယ် ပုဒ်မ ၅၀၅-ခ ကတော့ အာမခံမရဘူးသူကအာမခံမရှိဘူးလေ အာမခံပေးလို့မရတဲ့ ပုဒ်မ၊ သူတို့လုပ်လိုက်တာ ပုဒ်မ ၁၈ လို အာမခံလျှောက်အောင် တမင်အကွက်ဆင်တယ်လို့ပဲ ထင်တယ် မြို့နယ်အုပ်ချုပ်ရေးမှူး ကိုယ်တိုင်က လျှောက်ဆိုလို့ လျှောက်ပေးတဲ့ကိစ္စလေ" ဟု ဖမ်းဆီးထားသော ရွှေလုပ်သားများ၏ အကျိုးဆောင် အထက်တန်းရှေ့နေ ဒေါ်စန်းစန်းလှမှ ပြောကြားသည်။

"ကျွန်တော်တို့က ရုံးချိန်းက ဒီနေ့နဲ့ဆိုရင် လေးကြိမ်ရှိပြီ ဒီနေ့မှအာမခံမရရင် ကျွန်တော်တို့က အာမခံမလျှောက်တော့ဘူး ဘာကြောင့် အာမခံမလျှောက်တာလဲဆိုတော့ ကျွန်တော်တို့ရဲ့ အဖမ်းခံထားရတဲ့ သူတွေက ထောင်ထဲမှာဒုက္ခဆင်းရဲတွေနဲ့ နေရတဲ့အပြင် အပြင်ကနေပြီးတော့မှ ကူညီတဲ့သူတွေကလည်း ရက်တွေကလည်းကြာလာတော့ သူတို့က အလုပ်ပျက်အကိုင်ပျက်နဲ့ လာပြီးကူညီကြတာ သူတို့ကိုလည်း အားနာလာပြီ ကျွန်တော်တို့ကလည်း ဒေသခံတွေမဟုတ်ဘူး ဒီတော့ ကျွန်တော့်ခံယူချက်ကတော့ ဒီနေ့မှ အာမခံချက်မရဘူးဆိုရင် သူတို့ကိုထောင်ထဲမှာပဲထားပြီးတော့ အမှုမပြီးမချင်း ရင်ဆိုင်တော့မယ်လို့ပဲ ဆုံးဖြတ်ထားတယ်" ဟု ဖမ်းဆီးခံထားရသော ကိုနေအောင်ထက်၏ ဖခင်ဦးမြင့်သန်းမှ ပြောကြားသည်။ Weekly Eleven Journal မှ  ဒီဇင်ဘာ ၁၀ ရက်နေ့ ရုံးထုတ်ကြားနာစစ်ဆေးရာတွင် လာရောက်ခဲ့သော ရေတာရှည်မြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးအား တရားစွဲဆိုထားမှုအား မေးမြန်းရာတွင် "အဲဒါကျွန်တော်တို့ကို မမေးနဲ့ဗျ ကျွန်တော်တို့ဆီမှာ စာတွေက၀င်ထားတယ် ခင်ဗျားတို့ကို ကျွန်တော်တို့ပြောမယ်ဆိုရင် အပေါ်ကခွင့်ပြုချက် တောင်းခံရမယ်" ဟုသာ ပြန်လည်ဖြေကြားခဲ့ပါသည်။

 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။