Monday, December 10, 2012

၈၈ မျိုးဆက်ကျောင်းသားများ၏ (၆၄) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ သ၀ဏ်လွှာ ထုတ်ပြန်

၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကျရောက်ခဲ့သည့် (၆၄) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ သ၀ဏ်လွှာကို ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ထုတ်ပြန်ခဲ့သည်။

အဆိုပါ အချက်လေးချက် ပါဝင်သော သ၀ဏ်လွှာတွင် တစ်ရစ်ချင်း၊ တစ်ထစ်ချင်း ဖွံ့ဖြိုးတိုးတက်လာသော လူသားတို့၏ နိုင်ငံရေးသမိုင်းဖြစ်စဉ် တစ်လျောက်ဖြစ်ပွားခဲ့သော ပဋိပက္ခများကို ခြုံငုံသုံးသပ်လျှင် လူသားတို့၏ အခွင့်အရေး မညီမမျဖြစ်မှုများ၊ တစ်နည်းအားဖြင့် လူ့အခွင့်အရေး ဆုံးရှုံးမှုများ ချိုးဖောက်ခံရမှုများကြောင့်ဟု ယေဘုယျ သုံးသပ်နိုင်မည်ဖြစ်ကြောင်း၊ တိုင်းရင်းသား တန်းတူညီမျရေး၊ လူသားအချင်းချင်း ခွဲခြားဆက်ဆံခံမှု ပပျောက်ရေးတို့အတွက် ကမ္ဘာ့ကုလသမဂ္ဂမှ ပြဋ္ဌာန်းထားသော လူ့အခွင့်အရေး အခြေခံမူများကို လေးစားလိုက်နာရန် လိုအပ်ကြောင်း၊ ကမ္ဘာ့နိုင်ငံများ၏ တည်ရှိမှုပုံသဏ္ဍာန်အတိုင်း ကျွန်ုပ်တို့၏ နိုင်ငံသည် နယ်နိမိတ်စည်းခြား သတ်မှတ်ထားသည့်အလျောက် နိုင်ငံသားအခွင့်အရေးများ အပြည့်အ၀ ရရှိရေးနှင့်အတူ အမျိုးသားကြန်အင်လက္ခဏာများကို ထိန်းသိမ်းစောင့်ရှောက်ရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိသည်ဟု ရှုမြင်ကြောင်း ဖော်ပြပါရှိထားသည်။

ထို့အပြင် (၆၄) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့တွင် ကျွန်ုပ်တို့ နိုင်ငံသားအားလုံး မိမိတို့မွေးရာပါ လူ့အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေးများ အပြည့်အ၀ ရရှိစေရန်အတွက် ၀ိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။