Monday, December 10, 2012

ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းကို ပထမဦးဆုံး ထောက်ခံအားပေးခဲ့သည့် နိုင်ငံဖြစ်သည့်အတွက် ဂုဏ်ယူကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်ရေး ကော်မရှင်မှ သတင်းထုတ်ပြန်

၁၉၄၈ခုနှစ်၊ ဒီဇင်ဘာလတွင် ပါရီမြို့၌ ကျင်းပပြုလုပ်ခဲ့သော ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းကို အတည်ပြု ချမှတ်နိုင်ရန် နိုင်ငံအမည်ခေါ်၍ မဲခွဲဆုံးဖြတ်စဉ် မြန်မာနိုင်ငံသည် ပထမဦးဆုံး ထောက်ခံမဲပေးခဲ့သည့် နိုင်ငံဖြစ်ကြောင်းကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အနေဖြင့် ဂုဏ်ယူသတိရလျက်ရှိကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် လူသားအားလုံးနှင့် သက်ဆိုင်သည့် အရေးအကြီးဆုံး ကြေညာချက် တစ်ရပ်ဖြစ်သော နိုင်ငံတကာ လူ့အခွင့်အရေး ကြေညာစာတမ်းကို ၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်နေ့တွင် အတည်ပြုချမှတ်ခဲ့ပြီး အဆိုပါနေ့အား နိုင်ငံတကာ လူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ခဲ့ကြောင်း လူ့အခွင့်အရေးနေ့ ပေါ်ပေါက်လာပုံကို ဖော်ပြထားသည်။

ယနေ့သည် ကော်မရှင်အနေဖြင့် လူ့အခွင့်အရေး မြင့်တင်ရေးနှင့် ကာကွယ်ရေးအတွက် လွန်ခဲ့သည့်နှစ်အတွင်း ဆောင်ရွက်ချက်များကို ပြန်လည်သုံးသပ်ပြီး အနာဂတ်အတွက် ရေရှည်လုပ်ငန်းစဉ်များကို ချပြရန် အသင့်လျော်ဆုံး အခါသမယဖြစ်ကြောင်း၊ ကော်မရှင်သည် ၂၀၁၁ ခုနှစ် စက်တင်ဘာလမှ ၂၀၁၂ ခုနှစ် နိုဝင်ဘာလအထိ လက်ခံရရှိခဲ့သော တိုင်တန်းချက်ပေါင်း သုံးထောင်ကျော်အနက် အများစုကို စိစစ်ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ ''ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများ'' အပါအ၀င် အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့် ပေးရေးအတွက် နိုင်ငံတော်သမ္မတထံ စာရေးသား မေတ္တာရပ်ခံခြင်းနှင့် သတင်းထုတ်ပြန်ခြင်းတို့ကို ကော်မရှင်က ဆောင်ရွက်ခဲ့ခြင်းသည် ထောင်ပေါင်းများစွာသော အကျဉ်းသားများကို လွတ်မြောက်စေခဲ့ကြောင်း၊ လွတ်မြောက်လာသော အကျဉ်းသားအချို့သည် ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေး လုပ်ငန်းစဉ်တွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နေကြသည့် အတွက်လည်း အားရကျေနပ်မိကြောင်း၊ လူ့အခွင့်အရေး ကာကွယ်ရေးလုပ်ငန်း အတွေ့အကြုံများအရ နိုင်ငံတော်အစိုးရနှင့် အခြားသက်ဆိုင်သူများ၏ ပူးပေါင်းဆောင်ရွက်မှုသည် အရေးပါကြောင်း ထည့်သွင်းဖော်ပြခဲ့သည်။

လူ့အခွင့်အရေး မြင့်တင်ရေးနှင့် စပ်လျဉ်း၍ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ လူ့အခွင့်အရေး ပညာပေးရေးကို အထူးပြုဆောင်ရွက်နေသော အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရန်ကုန်မြို့တွင် အလုပ်ရုံဆွေးနွေးပွဲများ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းကြောင့် ထူးခြားသည့် ရလဒ်တစ်ခုအဖြစ် အခြေခံပညာနှင့် အဆင့်မြင့်ပညာ သင်ရိုးများတွင် လူ့အခွင့်အရေး ဘာသာရပ်ကို အလေးထား သင်ကြားပေးနိုင်ရေး လုပ်ငန်းစဉ်ကို အစပျိုးနိုင်ခဲ့ကြောင်း ဆက်လက်ဖော်ပြထားပါသည်။

၂၀၁၂ ခုနှစ် စက်တင်ဘာလတွင် အရှေ့တောင်အာရှ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများ ဖိုရမ်၏ တင်းပြည့်အဖွဲ့ဝင်အဖြစ် လည်းကောင်း၊ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလတွင် အာရှ-ပစိဖိတ် အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများ ဖိုရမ်၏ တွဲဖက်အဖွဲ့ဝင်နိုင်ငံအဖြစ် လည်းကောင်း အသိအမှတ်ပြု ခံခဲ့ရကြောင်း၊ သို့ဖြစ်ရာ ဒေသတွင်း လူ့အခွင့်အရေး မြင့်တင်ရေးနှင့် ကာကွယ်ရေး လုပ်ငန်းများတွင် ၄င်းဒေသဆိုင်ရာ အဖွဲ့အစည်းများနှင့် ထိရောက်စွာ ပူးပေါင်းလာနိုင်ပြီဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ၂၀၁၃ ခုနှစ်နှင့် ရှေ့လုပ်ငန်းစဉ်များတွင် စီးပွားရေးလုပ်ငန်းနှင့် လူ့အခွင့်အရေး ဆက်နွယ်မှု ဘာသာရပ်၊ ပြည်သူ့ရေးရာနှင့် နိုင်ငံရေး အခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ စာချုပ်နှင့်စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ စာချုပ်တို့ကဲ့သို့သော အရေးကြီးသည့် ဘာသာရပ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပရန် ကိစ္စများ ပါဝင်ကြောင်း၊ အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲများသည် လူပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ငန်းဆောင်ရွက်နေသည့် အဖွဲ့အစည်းများနှင့် လူ့အခွင့်အရေး မြင့်တင်ရေးနှင့် ကာကွယ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် သက်ဆိုင်ရာ ၀န်ကြီးဌာနများအတွက် အကျိုးဖြစ်ထွန်းစေရန် ရည်ရွယ်ကြောင်း၊ ရေရှည်စီမံချက်အဖြစ် အရေးကြီးသော လူ့အခွင့်အရေး စာရွက်စာတမ်းများကို အများပြည်သူ သိရှိစေရန် မြန်မာဘာသာသို့ ပြန်ဆိုခြင်းလုပ်ငန်းကို ၂၀၁၃ ခုနှစ်တွင် စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဥပဒေမူကြမ်းတွင် ဖော်ပြပါရှိသည့် တာဝန်နှင့် လုပ်ပိုင်ခွင့်များသည် ကော်မရှင်ကို ကြီးမားသော တာဝန်တစ်ရပ်အဖြစ် ယုံကြည်စွာ အပ်နှံခြင်းဖြစ်သောကြောင့် ဆောင်ရွက်ရာတွင် ကော်မရှင်အတွက် သက်ဆိုင်သူအားလုံး၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ကြောင်း၊ ပူးပေါင်းဆောင်ရွက်မှု မရှိပါက လူသားတို့၏ မွေးရာပါဂုဏ်သိက္ခာကို လေးစားမှုရှိသည့် လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ပေါက်ရေးအတွက် အလှမ်းဝေးနေဦးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အဆုံးတွင် ဖော်ပြထားပါသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။