Monday, December 10, 2012

မြန်မာ့ဒီမိုကရေစီလမ်းကြောင်း နှေးကွေး၍မရဘဲ ရှေ့ဆက်နိုင်ရန် အမျိုးသားပြန်လည် သင့်မြတ်ရေးကို ကိုင်စွဲလျက် ငြိမ်းချမ်းသော လူ့ဘောင်ကို လျှောက်လှမ်းနိုင်ရန် နိုဗယ်ငြိမ်းချမ်းရေး လှုပ်ရှားမှုအဖွဲ့ (10D) တိုက်တွန်း


1010
မြန်မာ့ဒီမိုကရေစီလမ်းကြောင်း နှေးကွေး၍မရဘဲ ရှေ့ဆက်နိုင်ရန် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ကိုင်စွဲလျက် ငြိမ်းချမ်းသော လူ့ဘောင်ကို ဆက်လက်လျောက်လှမ်းနိုင်ရေး တိုက်တွန်းကြောင်း နိုဗယ်ငြိမ်းချမ်းရေး လှုပ်ရှားမှုအဖွဲ့ (10D) မှ တိုက်တွန်းကြောင်း ဒီဇင်ဘာ ၁၀ ရက်နေ့၊ ယုဒဿန်ရိပ်သာ ၌ '၂၁နှစ်မြောက်၊ ဒေါ်အောင်ဆန်းစုကြည် ကမ္ဘာ့ငြိမ်းချမ်းရေးနိုဗယ်ဆု ရရှိခြင်းနှင့် ထောက်ခံဆန္ဒပြခဲ့သော ကျောင်းသားလူငယ်များ (10D)' ၏ အမှတ်တရအခမ်းအနားတွင် ပြောကြားခဲ့သည်။

လတ်တလော ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော ပြဿနာသည် သမိုင်းကြောင်းကို ပြန်လည်ဖော်ထုတ်၍ အခြေအနေမှန်ကို သိရှိရန် လိုအပ်ကြောင်း၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အပြန်အလှန် ပေါ်ပေါက်ထွန်းကားရန်၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖြစ်ပေါ်ရန် လိုအပ်ကြောင်းနှင့် ကချင်ပြည်နယ်တွင်လည်း အပြန်အလှန် ယုံကြည်မှုဖြင့် နိုင်ငံရေးတွေ့ဆုံညှိနှိုင်းမှုများ အားနည်းနေခြင်း၊ ဖယ်ဒရယ်ပြည်ထောင်စုစနစ် မဖော်ဆောင်နိုင်ခြင်းတို့ဖြစ်ကြောင်း၊ အမျိုးသား သင့်မြတ်ရေးကို အမြန်ဆုံး ဖော်ဆောင်ရန် လိုအပ်ကြောင်း နိုဗယ်ငြိမ်းချမ်းရေး လှုပ်ရှားမှုအဖွဲ့ (10D) မှ လက်ရှိနိုင်ငံရေး အခြေအနေအနေအပေါ် တိုက်တွန်းသုံးသပ်သွားသည်။

1011

လက်ရှိလက်ပံတောင်းတောင် အခြေအနေ၌ အကြမ်းဖက်နှိမ်နင်း ဖြိုခွင်းလိုက်ခြင်းသည် မြန်မာ့ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲ တိုးတက်မှုကို စောင့်ကြည့်ထောက်ခံ အားပေးနေသော  ကမ္ဘာ့နိုင်ငံရေး မျက်နှာစာတွင် အကြည်းတန်သော၊ အနုတ်လက္ခဏာတစ်ခုဖြစ်ကြောင်း၊ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူများအား ဖမ်းဆီးအရေးယူ တရားစွဲဆိုခံနေရခြင်းသည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို လျစ်လျူရှုရာ ရောက်နေသည်ဟု ထင်မြင်မိကြောင်း အဆိုပါအဖွဲ့မှ သုံးသပ်ပြောဆိုသည်။

ထို့ပြင် အဆိုပါ အခမ်းအနားသို့ တက်ရောက်လာသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးကလည်း ''အားလုံးသိတဲ့အတိုင်းပ၊ဲ ဒီကနေ့ လက်ပံတောင်းကိစ္စဟာ အင်မတန်ကို ကြီးကျယ်လာတဲ့ကိစ္စ ဖြစ်နေပါတယ်။ သူတို့က ငြိမ်းငြိမ်းချမ်းချမ်း၊ အေးအေးဆေးဆေးနဲ့ ငြိမ်သက်စွာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတာ ဖြစ်ပါတယ်။ ဒီလို ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတာကို ငြိမ်းချမ်းတဲ့ နည်းနဲ့ပဲ ပြန်လည်ဖြေရှင်းသင့်ပါတယ်။ ငြိမ်းချမ်းတဲ့နည်းနဲ့ မဖြေရှင်းဘဲနဲ့ ပစ်ဟယ်၊ ခတ်ဟယ်၊ ချဟယ်နဲ့လုပ်တော့ အကြမ်းဖက်တဲ့နည်းမျိုး ဖြစ်သွားတဲ့အတွက် အင်မတန်မှ မကောင်းတဲ့ကိစ္စ ဖြစ်ပါတယ်'' ဟု ပြောသည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ကမ္ဘာ့ငြိမ်းချမ်းရေးနိုဗယ်ဆု ပေးအပ်မည့် ပြီးခဲ့သည့် ၁၉၉၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ရက်နေ့တွင် နိုဗယ်ဆုရရှိခြင်းအပေါ် ဂုဏ်ပြုသည့်အနေဖြင့် နေအိမ်အတွင်း အကျဉ်းချခံထားရခြင်းမှ လွှတ်ပေးရန်၊ ဖမ်းဆီးခံကျောင်းသားများ အပါအ၀င်၊ နိုင်ငံရေးအကျဉ်းသားများအားလုံး လွှတ်ပေးရန်၊ ဒီမိုကရေစီရရှိရန် စသည့်တောင်းဆိုချက်များဖြင့် ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်စက်မှုတက္ကသိုလ်နှင့် ကမာရွတ်မြို့နယ် လှည်းတန်းလမ်းဆုံတို့တွင် လှုပ်ရှားခဲ့သော ကျောင်းသားလူငယ်များ (10D) ၏ အမှတ်တရ အခမ်းအနားအဖြစ် ရည်ရွယ်၍ ယခုလို ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။