Wednesday, September 5, 2012

အဓမ္မသိမ်းယူခဲ့သော စပါးများအတွက် ပြန်လည်ပေးဆပ်သွားမည်ဟု တစည ကတိပြု


တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီသည် တောင်သူလယ်သမားများ၏ အရေးကိစ္စများဆောင်ရွက် ပေးခြင်းဖြင့်   မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီလက်ထက်က သိမ်းယူခဲ့သောစပါးများအတွက် ပြန်လည် ပေးဆပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီလက်ထက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်း အပြင်အခြားသော လယ်ယာလုပ်ငန်းအများဆုံးလုပ်ကိုင်သောဒေသများမှ တစ်ဧကအထွက်နူန်းလျှင် စပါး(၃)တင်းနူန်း မဖြစ်မနေပေးဆောင် ရမည်ဟု ကောက်ခံခဲ့ကြောင်း၊ ထိုသို့ ကောက်ခံရခြင်းမှာ အထက်မှအစိုးရ၏ ခိုင်းစေချက်ဖြင့် နိုင်ငံ့ဝန်ထမ်းများနှင့် စစ်တပ်ရိက္ခာအတွက် သိမ်းယူခဲ့သည့် အပေါ်တွင် တစညပါတီက ပြောကြားလိုက်ခြင်းဖြစ်သည်။

''လယ်သမားတွေအတွက် ကျွန်တော်တို့မှားခဲ့တာတွေကို ပြန်ပေးဆပ်တဲ့အနေနဲ့ လယ်သမားတွေ မတရားခံနေရတာကို တတ်နိုင်သမျှ ကြိုးစားပြီး ဆောင်ရွက်သွားမယ်''ဟု တိုင်းရင်းသားစည်း လုံးညီညွတ်ရေးပါတီ ဥက္ကဌ ဦးခင်မောင်သိန်းက ပြောသည်။

နေပြည်တော် ဒက္ခိဏသီရိမြို့တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်၌ စပါးအထွက်နှုန်း လျော့ကျပါက ထောင်ချခြင်းအပြင် ဖမ်းဆီးချုပ်နှောင်မည်ဟူ၍ ခြိမ်းခြောက်ခြင်းမျိုးလည်းရှိခဲ့ကြောင်း လယ်သမားအချို့ထံမှ သိရှိရသည်။

''အဲ့ဒီခေတ်တုန်းက တစ်ဧကကို ၁၂တင်းနှုန်းနဲ့ အစိုးရကို ပေးရတယ်၊ မပေးရင် ထောင်ချပစ်မယ်၊ အချုပ်ထဲထည့်မယ် ၊ အရေးယူမယ်ဆိုပြီး ခြိမ်းခြောက်တာတွေ ရှိခဲ့တာပေါ့ '' ဟု ဆိုရှယ်လစ်လမ်း စဉ်ပါတီခေတ်တွင် တစ်ဧက ၁၂တင်းပေးဆောင်ခံခဲ့ရသူ ဦးဝင်းမြင့်က လက်ရှိအချိန်တွင် မကျေနပ်မှု များအား ပြန်လည်ပြောကြားခဲ့သည်။

လယ်သမားများအနေဖြင့် ကုမ္ပဏီများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များအား အလုပ်အကျွေးပြု၇ခြင်းမှ ကင်းဝေးကာ မြေလွတ်မြေရိုင်းများတွင် လယ်သမားအတွက် လယ်ယာမြေပိုင်ဆိုင်ခွင့််ရှိလာစေရန် ပါတီအနေဖြင်ြ့ကိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း တစညပါတီက ဆိုသည်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၏ အင်အားကြီးပြိုင်ဘက်ပါတီတစ်ခုဖြစ်သည့်   ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းကလည်း ''တိုင်းနှင့် ပြည်နယ်အသီးသီးရှိ စားကျက်မြေများတွင် ဌာနဆိုင်ရာ၊ ကုမ္ပဏီအမည်ဖောက်၍လည်းကောင်း၊ ခွဲဝေချထားပြီး တောင်သူလယ်သမားများသို့ စိုက်ပျိုးစေပြီး သီးစားခရယူနေခြင်းများရှိနေသဖြင့် လယ်ယာမြေများအား အမှန်တကယ်လုပ်ကိုင် နေသူများသို့ ဦးပိုင်အမည်ပေါက် သတ်မှတ်ကာ လုပ်ကိုင်ချထားပေးသင့်ကြောင်း'' အဆိုကို စက်တင်ဘာလ (၃)ရက်နေ့တွင် သွင်းခဲ့ကြောင်း သိရှိရသည်။

၂ဝ၁၂ခုနှစ် စက်တင်ဘာလ ၂ရက်နေ့တွင် လယ်ယာမြေ နည်းဥပဒေများနှင့် မြေလွတ်မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး နည်းဥပဒေကို အတည်ပြုပြီးကြောင်း ထုတ်ပြန်ခဲ့ပြီး စက်တင်ဘာ လ(၅) ရက်နေ့တွင် အဆိုပါ နည်းဥပဒေများကို လယ်ယာစီးပွားသတင်း အမှတ်စဉ်(၅၈၃)တွင် ထုတ်ပြန် ကြေညာမည်ဖြစ်ကြောင်းကိုလည်း သိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။