Wednesday, September 5, 2012

ဈေးပြိုင်စနစ်(Open Tender) ကို နိုင်ငံတကာ အဆင့်မီအောင် လုပ်ဆောင်နေသည်ဟု အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာန ဒုတိယ၀န်ကြီး ပြောကြား

ဈေးပြိုင်စနစ် (Open Tender) ကို နိုင်ငံတကာ အဆင့်အတန်း အထိဖြစ်အောင် လေ့လာနေပြီး လုပ်လည်း လုပ်ဆောင်နေကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးဆက်အောင်က ပြောကြားခဲ့သည်။
စက်တင်ဘာလ ၃ ရက်နေ့က ပြုလုပ်ခဲ့သော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဒေါက်တာ မြတ်ဥာဏစိုး၏ နိုင်ငံတော်အဆင့် စီမံကိန်းများနှင့် အစိုးရပရောဂျက် များ၊ ဒေသန္တရစီမံကိန်းနှင့် ပရောဂျက်များတွင် ပြည်တွင်း ပြည်ပလုပ်ငန်းရှင်များ ကို လုပ်ငန်း အပ်နှံဆောင်ရွက်ရာ၌ ကုမ္ပဏီအစု အဖွဲ့တစ်ခု၊ လူပုဂ္ဂိုလ်တစ်ဦးတစ် ယောက်ကိုသာ အများပြည်သူ မသိရှိလိုက်ရဘဲ လုပ်ငန်းအပ်နှံမှုမရှိစေရေး နှင့် ပွင့်လင်းထင်သာမှုရှိစွာဖြင့် မျှတစွာယှဉ်ပြိုင်လျှောက်ထားခွင့် ပြုနိုင်ရေးအတွက် ပြည်ထောင်စု အစိုးရအနေဖြင့် မည်သို့ စီစဉ် ဆောင်ရွက်ထားသည်ကို သိရှိလိုကြောင်း မေးခွန်းအား ပြန်လည်ဖြေ ကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
“ဈေးပြိုင်စနစ် (Open Tender) ဆိုတာက အချက်အများကြီး ပေါ်မှာမှ အခြေခံအချက် လေးခုဖြစ် တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ တရားသဖြင့်ယှဉ်ပြိုင်ခြင်း၊ တူညီသောအခွင့်အလမ်း၊ လူတိုင်း ပါဝင်နိုင်မှု၊ အလုံးစုံထင်သာမြင်သာ ရှိစေမှုတွေကို အခြေခံပြီးမှ လုပ်ရတဲ့ လူအများစုသိတဲ့ စနစ်တစ်ခုဖြစ်ပါ တယ်။ ဒါကိုလည်း ကျွန်တော်တို့ အနေနဲ့ နိုင်ငံတကာ အဆင့်အတန်း ထိဖြစ်အောင်လို့ လေ့လာနေဆဲပါပဲ။ လုပ်လည်းလုပ်နေပါတယ်။ အချိန် အများကြီးလိုပါတယ်” ဟု ဦးဆက် အောင်က ပြောကြားခဲ့သည်။
အချို့ဝန်ကြီးဌာနများသည် ယခင်ကတည်းက ယုံကြည်မှုတည် ဆောက်ပြီးသော၊ အရည်အသွေး ရှိပြီးသော၊ လုပ်ရည်ကိုင်ရည်များကို စိတ်ချရပြီးသော ကုမ္ပဏီအချို့ကို ရွေးချယ်ချင်သော ဆန္ဒရှိနေသေး သည်ကို တွေ့ရှိရကြောင်း၊ ငြင်းလို့ လည်းမရပါကြောင်း၊ ထိုကဲ့သို့ လုပ်ခြင်းများတွင် နိုင်ငံတော်နှင့် လူမျိုးအတွက် ရေရှည်အကျိုးရှိစေ မည်ဆိုပါက ကောင်းသော်လည်း အဓိကအနေဖြင့် အဂတိလိုက်စားမှု များ၊ လာဘ်ပေးလာဘ်ယူမှုများ၊ ဈေးပြိုင်စနစ် (Open Tender) ၏ အခြေခံအချက် လေးချက်နှင့် ကိုက်ညီမှုမရှိပါက ခေတ်ပြောင်း စနစ်ပြောင်းတွင် လက်ခံထိုက်သော အခြေအနေဖြစ်မည် မဟုတ်ကြောင်း ၎င်းင်းက ဆက်လက်ပြောကြားခဲ့ သည်။
“ ဈေးပြိုင်စနစ် (Open Tender) မှာ စဉ်းစားရမယ့် အချက်တွေ အများကြီးရှိပါတယ်။ ဈေးနှုန်းတစ်ခုတည်းကို ကြည့်လို့ မရပါဘူး။ အရည်အသွေးဆိုင်ရာ အချက်တွေ၊ အတွေ့အကြုံပိုင်း ဆိုင်ရာတွေ၊ ငွေကြေးခိုင်လုံမှုအချက်တွေ၊ လုပ်ငန်းကိုင်ငန်း လုပ်တဲ့အခါမှာ ဘယ်လောက်အထိ လုပ်ရည်ကိုင် ရည် ရှိတယ် ဆိုတဲ့အချက်တွေကလည်း အရေးကြီးပါတယ်။ နိုင်ငံတော်အနေနဲ့လည်း ကုမ္ပဏီကြီးတွေ၊ အဖွဲ့အစည်း တစ်ခုဖြစ်စေ၊ အဲဒီလို ကုမ္ပဏီကြီးတွေကို လက်သိပ်ထိုးပြီး ပေးတာထက် ထင်သာမြင်သာရှိတဲ့ အစီအစဉ်တွေနဲ့ ပြုလုပ်သွားသလို ဒီကုမ္ပဏီကြီးတွေကပဲ လုပ်ရည်ကိုင် ရည်ပြနိုင်တဲ့ပုံစံမျိုး မဖြစ်အောင် အသေးစားနဲ့ အလတ်စားစက်မှု လုပ်ငန်းတွေ အားလုံးကိုလည်း အစီအမံများ ပြုလုပ်လျက်ရှိပါတယ်” ဒုတိယ၀န်ကြီးက မေးခွန်းဖြေကြားရာတွင် ထည့်သွင်း ပြောကြားသွားခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။