Wednesday, September 5, 2012

မြန်မာ့တပ်မတော်တွင် ကလေးစစ်သား ကုန်သလောက်ရှိပြီဟု ဗိုလ်မှူးကြီးမောင်မောင်ရှင်ပြောကြား


မြန်မာ့တပ်မတော်တွင် ကလေးစစ်သား မရှိတော့သည့် အနေအထားသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်းနှင့် ကလေးစစ်သား အရေးနှင့်ပတ်သက်၍ လာမည့်တစ်နှစ်ခွဲအတွင်း ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း  တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)မှ ဗိုလ်မှူးကြီး မောင်မောင်ရှင်က အတည်ပြုပြောကြားသည်။

“ တပ်မတော်မှာ ၁၈ နှစ်အောက်တွေရှိတဲ့ဆိုတဲ့ အတိုင်း အတာနဲ့ ၂ဝဝ၄ ခုနှစ်မှ စတင် စစ်ဆေး နေတာပါ အင်အား (၆ဝဝ) လောက်ကို နှုတ်ထွက်ခွင့်ပြုခဲ့ပြီးပါပြီ တော်တော် များများ မရှိတော့ဘူး ဆိုတဲ့ အနေထားရောက်နေပါပြီ၊  သက်ဆိုင်ရာတပ်ဖွဲ့မှူးတွေကိုလည်း တာဝန်ခံခိုင်းထား ပါတယ်” ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(ကြည်း)မှ ဗိုလ်မှူးကြီးမောင်မောင်ရှင်က ရှင်းပြသည်။

မြန်မာစစ်တပ်တွင်  အသက်(၁၈)နှစ်အောက်လူငယ်ဖြစ်ပါက စစ်မှုထမ်း၍ မရကြောင်း၊ တာဝန် ထမ်းဆောင်လိုသူများအနေဖြင့် အသက်(၁၈)နှစ်မှ(၂၅)နှစ်အတွင်းသာ တပ်မတော်သို့ဝင်ခွင့် ပြု ကြောင်းကိုလည်း သိရှိရသည်။

သက်ဆိုင်ရာတပ်ဖွဲ့မှူးများကိုလည်း  ကလေးစစ်သားကိစ္စနှင့်ပတ်သက်၍ တာဝန်ခံခိုင်းထားကြောင်း နှင့် နယ်မြေဝေးလံသော ကြီးကြပ်မှုလွတ်ကင်းနိုင်သည့် မြန်မာတပ်စခန်းများတွင်လည်း တစ်နှစ်ခွဲ အတွင်း ဆက်လက် ဆောင်ရွက်သွား မည်ဖြစ်ကြောင်းကိုလည်း သိရသည်။

ယခုတပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့သော အရွယ် မရောက်သေးမီ ကလေးစစ်သားများသည် နောက်တစ်ကြိမ် တာဝန်ထမ်းဆောင်ခွင့် ရရှိတော့မည် မဟုတ်ကြောင်း ဗိုလ်မှူးကြီးမောင်မောင်ရှင်က ဆက်ပြောသည်။

“ အခုထွက်ထဲက နောက်တစ်ကြိမ် စစ်မှုထမ်းဆောင်ခြင်း မပြုပါဘူးဆိုတဲ့ လက်မှတ်ထိုးထားတာပါ အလုပ်အကိုင် အခွင့်လမ်းတွေနဲ့ ပတ်သက်ပြီး လူမှုဝန်ထမ်းအဖွဲ့က ဆောင်ရွက်ပေးသွားမှာပါ” ဟု ၄င်းက ဆက်ပြောသည်။

အရွယ်မရောက်သေးသည့် ကလေးစစ်သား(၄၂)ဦးကို တပ်မတော်မှ နှုတ်ထွက်ခွင့်ပြုခဲ့ပြီး နိုင်ငံသားစီစစ်ရေး ကဒ်ပြားများ ထုတ်ပေးခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင် ဦးစီးဌာန ညွှန်ကြားရေးမှူးထံက သိရသည်။

အဆိုပါ ကလေးစစ်သား (၄၂)ဦးအား မိဘထံပြန်လည်အပ်နှံပွဲကို စက်တင်ဘာလ(၃)ရက်နေ့က ဘုရင့်နောင်ရှိ အမှတ်(၁)စစ်ကြောရေးစခန်းတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ကလေးမိဘအသိုင်းအဝိုင်းများ၊ ယူနီဆက်ဖ်မှ တာဝန်ရှိသူများ၊ အစိုးရအသိုင်းအဝိုင်းမှ တာဝန်ရှိသူများနှင့် သတင်းမီဒီယာ သမားစုစုပေါင်း လူဦးရေ(၂ဝဝ)ဝန်းကျင် တက်ရာက်ခဲ့ကြသည်။

“ ကလေးစစ်သားတွေကို မှတ်ပုံတင်ပေးချင်ဆိုလို့ ဆောင်ရွက် ပေးတာပါ မှတ်ပုံကတော့ အမြဲတမ်းပေးနေတာပါ ဒီတစ်ကြိမ် က တခါထဲနိုင်ငံသားစီစစ်ရေးကဒ်ပြားပေးလိုက်တာပါ တပ်ထဲ ကို စဝင်ကတည်းက နိုင်ငံသားစီစစ်ရေးကဒ်ပြားရပြီးတဲ့သူ (၁၃) ယောက်ရှိပါတယ်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးရဲထွန်းဦးကပြောသည်။

အဆိုပါ ကလေးစစ်သားများမှာ  ပဲခူးတိုင်းအရှေု့ခြမ်းမှ(၃)ဦး၊ပဲခူးတိုင်းအနောက်ခြမ်း(၃)ဦး၊ ရှမ်းပြည်နယ်အရှေ့ခြမ်း(၁)ဦး၊ရခိုင်ပြည်နယ်အတွင်းမှ (၇)ဦး၊ မကွေးတိုင်းမှ (၃)ဦး၊ ဧရာဝတီတိုင်းမှ (၅)ဦး၊ စစ်ကိုင်းတိုင်းမှ(၃)ဦးနှင့် ကရင်ပြည်နယ်မှ (၁)ဦး၊ ကချင်မှ (၁)ဦး၊ရန်ကုန်တိုင်းမှ (၁ဝ)ဦး၊ မန္တလေးတိုင်းမှ (၄)ဦး၊ ချင်းပြည်နယ်မှ (၁)ဦးတို့ ဖြစ်ကြောင်း သိရသည်။

မိဘများကိုယ်တိုင်ကလည်း အသက်(၁၈)နှစ် မပြည့်မီ စစ်တပ်ထဲသို့ ပို့ဆောင်လေ့ရှိကြောင်းကိုလည်း ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ ကလေးစစ်သားမိခင်တစ်ဦး၏ ပြောဆိုမှုအရ သိရှိရသည်။

“ အန်တီသားက တပ်ထဲကိုရောက်သွားတာ သိပ်မကြာ သေးပါဘူး အန်တီကိုယ်တိုင် သဘောတူပြီး ပို့ခဲ့တာပါ” ဟု ရန်ကုန်တိုင်းမှ ကလေးစစ်သားတစ်ဦး၏ မိဘဖြစ်သူ ဒေါ်သက်သက်စိုးက ပြောသည်။

တပ်မတော်တွင် တစ်နှစ်ကျော်တာဝန်ထမ်းဆောင်ခဲ့ရကြောင်း မိမိဆန္ဒအလျောက်တပ်မတော်ထဲကို ဝင်ရောက်ခဲ့ခြင်းဖြစ် ကြောင်း အသက် ၁၇ နှစ်အရွယ် မကွေးတိုင်းမင်းလှမြို့နယ်မှ ကိုကျော်သက် နိုင်က ပြောသည်။

“ ကျွန်တော် တပ်ထဲကိုတော့ ပြန်မဝင်တော့ပါဘူး မိဘတွေက အသက်ကြီးပြီဆိုတော့ မိဘတွေကိုပဲ စောင့်ရှောက်တော့မှာပါ တပ်ထဲမှာတော့ ကျွန်တော် ရုံးပိုင်းမှာ လုပ်ခဲ့ရတာပါ” ဟု မကွေးတိုင်း မင်းလှမြို့နယ်မှ ကိုကျော်သက်နိုင်ကပြောသည်။

တပ်ထဲဝင်ရောက်ရန် စည်းရုံးမှုများရှိ၍ တပ်မတော် အတွင်းသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် မိမိဆန္ဒအလျောက် တပ်မတော်ထဲသို့ဝင်ရောက်ခြင်း မဟုတ်ကြောင်းကိုလည်း ရန်ကုန်တိုင်းမှ ကိုကျော်မိုးက ဆိုသည်။

“ အမသားလေးက ၁ဝ တန်းစာမေးပွဲမဖြေခင် အဆောင်မှာ မနေချင်လို့အိမ်က ထွက်သွားတာ ၈ လလောက်ရှိသွားပြီ ဘာမှသတင်းမကြားဘူး အခုမှ တပ်ထဲမှာဆိုပြီး သတင်းကြား တာပါ တပ်ထဲကထွက်ခွင့်ရတော့ အရမ်းပျော်တာပေါ့ အမမှာ ဒီသားလေးတစ်ယောက်ပဲရှိတာပါ” ဟု ဧရာဝတီတိုင်း ကြံခင်း မြို့နယ်မှ ကလေးစစ်သားမိခင်တစ်ဦးက ပြောသည်။

အဆိုပါ ကလေးစစ်သားများကို မိဘများထံပြန်လည်အပ်နှံရန် သြဂုတ် (၂ဝ)ရက်နေ့တွင် အသိပေးအကြောင်းကြားခဲ့ကြောင်း ကိုလည်း သိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။