Wednesday, September 5, 2012

မြန်မာနိုင်ငံရှိ အသေးစားနှင့် အလတ်စား လုပ်ငန်းများအား အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ချေးငွေ ကျပ်ငါးဘီလျံအထိ ထုတ်ချေးမည်


ပြည်တွင်းရှိ အသေးစားနှင့် အလတ်စား (Small and Medium Enterprises-SMEs) လုပ်ငန်းများ အား အတိုးနှုန်း ၈.၅ ကျပ်နှုန်းဖြင့် ချေးငွေကျပ် ငါးဘီလျံအထိ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း စက်မှု ၀န်ကြီးဌာနမှ သတင်းရရှိပါသည်။
ချေးငွေထုတ်ချေးခြင်းကို ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလအတွင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်ပတင်ပို့နိုင်သည် အထိ လုပ်ကိုင်နိုင်သော အလားအလာရှိ အသေးစားနှင့် အလတ်စား SMEs လုပ်ငန်းများအား ဦးစားပေး ထုတ်ချေးသွားမည် ဖြစ်ကြောင်း သိရသည်။

လုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်၍လည်း စက်မှုဝန်ကြီးဌာနမှ ချေးငွေများအား တိုက်ရိုက်ချပေး မည်ဖြစ်ပြီး ယခင်ကဲ့သို့ စက်မှုကုန် ထုတ်လုပ်သူများအသင်းမှ တစ်ဆင့် သွားရောက်တင်ပြရန် မလိုအပ်ကြောင်း သိရသည်။
“ချေးငွေအတွက် လုပ်ငန်းတွေ လာတင်ပြရင် အဲ့ဒီလုပ်ငန်းကို သွားကြည့်မယ်။ ချေးငွေချေးပြီး တခြား နေရာမှာ အသုံးပြုတာမျိုးမဖြစ်ရ အောင် လုပ်ငန်းက တကယ်လုပ် နေတာလား။ တကယ်လိုနေတာ လားစိစစ်မယ်။ တချို့လည်းစက်အင်အား ထပ်တိုးတာ၊ တချို့လည်း စက်မရှိတော့ လူအားနဲ့လုပ်နေရ တာပေါ့။ တချို့လုပ်ငန်းတွေကတော့ export လုပ်တဲ့အထိ ကွာလတီကောင်းနေပြီ။ ဒါပေမယ့် အသုံးပြုတဲ့စက်က ကွာလတီ သိပ်မကောင်းတော့ ပစ္စည်းကလည်း ကွာလတီညံ့သွားတယ်။ ဒါမျိုးတွေချေးပေးမယ်။ export နဲ့  Import Substitute လုပ်တာကိုအဓိက ဦးစားပေး ချေးသွားပါ့မယ်” ဟု စက်မှုဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးအေးဝင်းက ပြောကြားခဲ့ပါသည်။
ချေးငွေထုတ်ချေးရာတွင် လုပ်ငန်းအမျိုးအစားပေါ် မူတည်၍ လုပ်ငန်းတစ်ခုအား ကျပ်သိန်း ၅၀၀၀ အထိ ထုတ်ချေးပေးသွားမည်ဖြစ်ပြီး လုပ်ငန်းနှင့် အသုံးပြုမည့်စက်အမျိုး အစားကိုကြည့်၍ စိစစ်ချပေးမည် ဖြစ်ကြောင်း၊ ပြည်တွင်း SMEs လုပ်ငန်းများအနေဖြင့်မူ ကျပ်သိန်း ၅၀၀ မှ ၃၀၀၀ အကြား အများဆုံး ချေးယူလေ့ရှိကြောင်း သိရသည်။
ပြည်တွင်း စက်မှုလုပ်ငန်းများအနက် ၈ ရာခိုင်နှုန်းသာ အကြီးစား စက်မှုလုပ်ငန်းများဖြစ်ပြီး ကျန် ၉၂ ရာခိုင်နှုန်းမှာ အသေးစားနှင့်အလတ်စား စက်မှုလုပ်ငန်းများဖြစ်ကြောင်း၊ ယင်းတို့အနက် အများစုမှာလည်း စားသောက်ကုန်ထုတ်လုပ်ငန်းများ ဖြစ်ကြောင်းသိရပြီး SMEs  ချေးငွေ များနှင့် ပတ်သက်၍ တက္ကသိုလ်ရိပ်သာ လမ်းသစ်ရှိ SMEs Center သို့ လာရောက်စုံစမ်းနိုင်ကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။