Saturday, September 15, 2012

ဖားကန့်မြို့လယ်တိုက်ပွဲကြောင့် ဆန်တစ်အိတ်ကျပ်ငါးသောင်းအထိမြင့်တက်


ကချင်ပြည်နယ် ဖားကန့်မြို့၌ မြို့တွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် ဆန်ဈေးမှာ တစ်အိတ်လျှင်ကျပ်ငါးသောင်းအထိ   မြင့်တက်လာကြောင်း ဒေသခံများထံက သိရှိရသည်။

စက်တင်ဘာလ(၁၃)ရက်နေ့  နေ့လည်ပိုင်းက ဖားကန့်မြို့လယ် မော်ဝမ်းကြီးနှင့် မော်ဝမ်းလေး ရပ်ကွက်နှင့် ဧရာဦးဆေးဆိုင်ရှေ့တွင် တပ်မ(၃၃)နှင့် KIOအဖွဲ့တို့  တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။


ထိုကဲ့သို့ မတည်ငြိမ်မှုများဖြစ်ပွားပြီးနောက် ဖားကန့်တွင် ဆန်ဈေးတစ်အိတ်လျှင် ကျပ်ငါးသောင်းအထိ ရောက်ရှိသွားကြောင်း သိရှိရသည်။

ဖားကန့်မြို့နယ်တွင် ယခုနှစ် သြဂုတ်လ(၂၂)ရက်နေ့မှစတင်ကာ တိုက်ပွဲများပြန်လည် ဖြစ်ပွားလာခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

'' ဖားကန့်မှာ မနေ့က နေ့လည်က မော်ဝမ်းကြီးနှင့်မော်ဝမ်းလေးရပ်ကွက်နဲ့  ဧရာဦး ဆေးဆိုင်ရှေ့မှာ တိုက်ပွဲဖြစ်တယ် အဲဒါကြောင့်မို့လို့နဲ့တူတယ် ဆန်ဈေးက ချက်ခြင်းကို တစ်အိတ်ကို ငါးသောင်းဖြစ်သွားတယ်၊ ပြီးခဲ့တဲ့လထဲက စစ်ပွဲတွေဖြစ်နေတာပဲ ဆန်ဈေး မတက်ဘူး အခုကြမှ မြို့လယ်မှာ ဖြစ်လို့နဲ့တူတယ်'' ဟုဖားကန့်မြို့ဒေသခံ တစ်ဦးက ပြောသည်။
    
ဖားကန့်မြို့တွင် ယခင်က ဆန်တစ်အိတ်လျှင် ကျပ်(၂၁၀၀၀)နှင့်(၂၅၀၀၀)၀န်းကျင်သာ ရှိခဲ့ရာမှ ယခုကဲ့သို့ ဆန်တစ်အိတ်လျင် ကျပ်(၅၀၀၀၀)အထိ မြင့်တက်လာခြင်း ဖြစ်သည်။

ထိုကဲ့သို့ ဆန်ဈေးမြင့်တက်နေမှုကြောင့် ဒေသခံပြည်သူများမှာ စားဝတ်နေရေးအတွက် စိုးရိမ်ပူပန်လျှက်ရှိနေကြောင်း မြို့ခံများထံက သိရသည်။

“ အရင်က ဖားကန့်မြို့ဘေးမှာပဲ ဖြစ်တာ အခုက မြို့လယ်ခေါင်မှာကိုဖြစ်တာ အဲဒါကြောင့်ဆန်ဈေးတွေ အရမ်းတက်တာ” ဟုဖားကန့်မြို့ခံ ဦးတင်ဝယ်က ပြောသည်။
  
ယခုအခါဖားကန့်မြို့သို့  ကားလမ်းများပိတ်ထားပြီး ကားမိုင်းအထိသာ သွားလာ၍ရကြောင်း မိုးညှင်းမြို့ဒေသခံတစ်ဦးက အတည်ပြုပြောဆိုသည်။

ကချင်ပြည်နယ်တွင် (၁၇)နှစ်ကြာ အပစ်အခတ်ရပ်စဲခဲ့သော ကေအိုင်အိုနှင့် မြန်မာစစ်တပ်ကြား စစ်ပွဲများပြန်လည်ဖြစ်ပွားခဲ့သည်မှာ ၂၀၁၁ခုနစ် ဇွန်လ(၉)ရက်ကတည်းက စတင် တိုက်ပွဲများဖြစ်ပွားလာသည်မှာ လက်ရှိအချိန်အထဆိုပါက  တစ်နှစ်နှင့်သုံးလ ကြာမြင့်လာပြီဖြစ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။