Saturday, September 15, 2012

 Debit ကတ်အဖြစ် အသုံးပြုနိုင်မည့် MPU ကတ် အများပြည်သူသို့ စတင်ဝန်ဆောင်မှုပေးမည်ဖြစ်ပြီး ယခုဘဏ္ဍာရေးနှစ်အတွင်း နိုင်ငံတကာသုံးကတ်များ သုံးစွဲနိုင်ရန် ပြင်ဆင်နေ



MPU ကတ်နှင့် ပတ်သက်၍ တာဝန်ရှိသူများအား ရှင်းပြနေစဉ်
ATM(Automatic Teller Machine)ကတ်နှင့် Debit ကတ်အဖြစ် အသုံးပြုနိုင်မည့် MPU (Myanmar Payment Union) ကတ်ကို မြန်မာဘဏ်များက စတင်ဝန်ဆောင်မှုပေးတော့မည်ဖြစ်ပြီး ယခုဘဏ္ဍာရေးနှစ်အတွင်း  နိုင်ငံတကာသုံးကတ်များကို ယခုဘဏ္ဍာရေးနှစ်အတွင်း သုံးစွဲနိုင်ရန်ပြင်ဆင်နေကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က စက်တင်ဘာလ ၁၄ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် Myanmar Payment Union ရုံးနှင့် National Switch(Data Center) ဖွင့်ပွဲတွင် ပြောကြားခဲ့ပါသည်။

National Payment Switch လုပ်ငန်းလည်ပတ်ပုံကို ရှင်းပြနေစဉ်
''MPU ကတ်တွေကို နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးတို့မှာ စတင်သုံးစွဲသွားမှာဖြစ်ပြီး ကျန်မြို့တွေကိုလည်း ဆက်လက်တိုးချဲ့ သုံးစွဲသွားမှာဖြစ်ပါတယ်။ ဒါ့ပြင် MPU အနေနဲ့ နိုင်ငံတကာသုံးကတ်တွေ ဖြစ်တဲ့ Visa ၊ Master ၊ American Express ၊ CUP ၊ JCB စတာတွေကိုလည်း ပြည်တွင်းမှာ လက်ခံသုံးစွဲနိုင်ဖို့ ဆက်လက်ဆောင်ရွက်သွားမှာကို သိရတဲ့အတွက် များစွာနှစ်ထောင်းအားရဖြစ်ရပါတယ်''ဟုဖွင့်ပွဲ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။
ယခုထုတ်ဝေမည့် MPU ကတ်အမျိုးအစားမှာ ဘဏ်ရှိငွေစာရှင်းနှင့် တိုက်ရိုက်ချိတ်ဆက်အသုံးပြုပြီး Online မှ တိုက်ရိုက်ထုတ်ယူနိုင်သည့် Debit ကတ်အမျိုးအစား ဖြစ်သည်။  ထို့အတူ ဘဏ်တစ်ခုမှ ထုတ်ဝေထားသော MPU ကတ်သည် ယင်းဘဏ် ၏ ATMစက်များအပြင် အခြားဘဏ်များ၏  အေတီအမ်စက်များတွင်ပါ အသုံးပြုနိုင်မည်ဖြစ်သည်။ ထို့ပြင် အရောင်းဆိုင်များရှိ POS (Point of Sale)စက်များတွင်လည်း အသုံးပြုနိုင်မည်ဖြစ်ပြီး မည်သည့်  ATM စက်တွင်မဆို စာရင်း လက်ကျန်ကြည့်ခြင်း၊ ငွေသားထုတ်ယူခြင်းနှင့် စာရင်းရှင်းတမ်းအကျဉ်းကြည့်ခြင်းတို့ကို ဆောင်ရွက်နိုင်ရန် စီစဉ်ထားသည်ဟု သိရပါသည်။
MPU ရုံးခန်းအတွင်းမြင်ကွင်း
''အခု MPU ပထမအဆင့် အနေနဲ့  Debit ကတ်အနေနဲ့ စတင်တာဖြစ်ပါတယ်။ Online ရော Offline ပါ သုံးစွဲလို့ရအောင် လုပ်ထားတယ်။ သုံးစွဲရတာ အဆင်ပြေမှုရှိရင် နောက်နှစ်တွေမှာ Credit ကတ်စနစ်ကိုပါ ၀န်ဆောင်မှုပေးဖို့ ရှိပါတယ်။ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှာ MPU Debit ကတ်တွေကို နိုင်ငံတကာမှာပါ သုံးလို့ရအောင် ဆောင်ရွက်နေပါတယ်''ဟု MPUလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ် အုပ်ချုပ်မှုဒါရိုက်တာ ဦးရဲမင်းဦးက ထည့်သွင်းပြောကြားခဲ့ပါသည်။
MPU ရုံးကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်တွင် ဖွင့်လှစ်ထားရှိပြီး MPU အဖွဲ့တွင် အစိုးရဘဏ်သုံးဘဏ်နှင့် ပုဂ္ဂလိကဘဏ် ၁၄ဘဏ် ပါဝင်ပါသည်။ အဆိုပါ MPU လုပ်ငန်းများ အကောင်အထည်ဖော်ရန် ဘဏ်တစ်ဘဏ်လျှင် ကျပ်သန်းနှစ် ရာစီ ထည့်ဝင်ထားပြီး ရင်းနှီးမတည် ငွေကျပ်သန်း ၃၄၀၀ ရှိကြောင်း သိရပါသည်။
MPU ကတ်စတင်မည့်အချိန်တွင် ဘဏ်များမှ ယခင်ထုတ်ဝေပေးထားသော အေတီအမ်ကတ် ကိုင်ဆောင်ထားသူများသည် သက်ဆိုင်ရာဘဏ်များ၌ MPU ကတ်နှင့် ပြန်လည်လဲလှယ်ရန် လိုအပ်မည်ဖြစ်ပြီး ဘဏ်များက အခမဲ့ လဲလှယ်ပေး  သွားမည်ဖြစ်ကြောင်းနှင့် MPU ကတ်သုံးစွဲခကိုလည်း ကတ်အသုံးပြုသူထံမှ ကောက်ခံမည်မဟုတ်ဘဲ ကတ်လက်ခံအသုံးပြုမည့် ကုန်သည်အရောင်းဆိုင်များထံကသာ ၁ရာခိုင်နှုန်း ကောက်ခံသွားမည်ဖြစ်ကြောင်း သိရပါသည်။
လက်ရှိ မြန်မာဘဏ်များသည် ATM စက် ၁၂၇ခန့် တပ်ဆင်ထားပြီးဖြစ်ပြီး POS စနစ် အသုံးပြုနိုင်ရန်အတွက် စားသောက်ဆိုင်များ၊ ဈေးဝယ်စင်တာများ၊ လေကြောင်းလိုင်းများ၊ ဟိုတယ်များ၊ လူသုံးကုန်နှင့် အီလက်ထရောနစ် ကုန်ပစ္စည်း အရောင်းဆိုင်များစသည်တို့နှင့် ချိတ်ဆက်ထားပြီးဖြစ်ကြောင်းလည်း သိရပါသည်။
မြန်မာနိုင်ငံတွင် ၂၀၀၀ ပြည့်နှစ်ဝန်းကျင်မှ ၂၀၀၂ခုနှစ် နှစ်ကုန်ပိုင်းအထိ အေတီအမ်ကတ်နှင့် Credit ကတ် အသုံးပြုခဲ့ဖူးပြီး၂၀၀၂ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သော ဘဏ်လုပ်ငန်းအကျပ်အတည်းကြောင့်  ပြန်လည်ရုပ်သိမ်းခဲ့ခြင်း ဖြစ်ပါသည်။
၁၁နှစ်ဝန်းကျင်အကြာ ၂၀၁၁ခုနှစ် ဒီဇင်ဘာလတွင် အေတီအမ်ကတ် အသုံးပြုခွင့် ပြန်လည်ပေးအပ်ခဲ့ပြီး ယခု ၂၀၁၂ခုနှစ် စက်တင်ဘာလတွင် Debit ကတ်အဖြစ် အသုံးပြုနိုင်မည့် MPU ကတ်စနစ် စတင်မည်ဖြစ်ပါသည်။
Myanmar Payment Union အဖွဲ့ဝင် ဘဏ်များစာရင်း
  1. မြန်မာ့စီးပွားရေးဘဏ်
  2. မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်
  3. မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်
  4. မြန်မာနိုင်ငံသားများဘဏ်
  5. မြ၀တီဘဏ် *
  6. မြန်မာ့အရှေ့တိုင်းဘဏ် *
  7. ထွန်းဖောင်ဒေးရှင်းဘဏ်
  8. ကမ္ဘောဇဘဏ်
  9. မြန်မာ့မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်
  10. အင်းဝဘဏ်
  11. သမ၀ါယမဘဏ် *
  12. အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ် *
  13. ဧရာဝတီဘဏ် *
  14. မြန်မာ့ရှေ့ဆောင်ဘဏ် *
  15. ယူနိုက်တက်အမရဘဏ် *
  16. စည်ပင်သာယာရေးဘဏ်
  17. မြန်မာ့စက်မှုလက်မှုဖွံ့ဖြိုးရေးဘဏ်
* ပြထားသောဘဏ်များသည် MPU ကတ်စနစ်စတင်ရန် အဆင်သင့်ဖြစ်နေသော ဘဏ်များဖြစ်ပါသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။