Saturday, September 15, 2012

တန်ဖိုးနည်း အိမ်ရာ တိုက်ခန်းများ ရောင်းချရန် ဆောက်လုပ်ရေးကုမ္ပဏီ တစ်ခု စီစဉ်


အဆင့်မြင့်နှင့် တန်ဖိုးနည်း အိမ်ရာ တိုက်ခန်း များအား ၂၀ ရာခိုင်နှုန်း ဦးစွာ ပေးချေ၍ ကျန်ငွေများကို ငါးနှစ်အရစ် ကျဖြင့် ရောင်းချပေး ရန် ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုမှ စီစဉ်ပေးလျက် ရှိကြောင်း သိရသည်။ ထိုသို့ ရောင်းချပေးရာတွင် ၆-၉-၂၀၁၂ မှ ၉-၉-၂၀၁၂ ရက်အထိ ရန်ကုန်မြို့၊ မင်းဓမ္မလမ်းရှိ MCC ခန်းမ၌ ကျင်းပမည့် အိမ်ရာ အထူး ဈေးရောင်းပွဲတော်မှ စတင်၍ ရောင်းချပေးနေကြောင်း သိရသည်။

“ကျွန်တော်တို့ ဆောက်လုပ်ရေးရဲ့အဆင့်မြင့်ရော၊ တန်ဖိုးနည်း အိမ်ရာတွေကိုပါ ရောင်းချပေးသွားမှာပါ။ ဒီလို ရောင်းချရာမှာလည်း ကမ္ဘောဇဘဏ်နဲ့ ချိတ်ဆက်ပြီး အိမ်ရာရဲ့ ၂၀ ရာခိုင်နှုန်းကို လက်ငင်းပေးချေပြီး ကျန်ငွေတွေကို ငါးနှစ်အထိ အရစ်ကျနဲ့ ပေးချေဖို့ စီစဉ်ပေးထားပါတယ်”ဟု Father Land ဆောက်လုပ်ရေးမှ ဥက္ကဋ္ဌ ဦးကျော်မြင့်က ပြည်မြန်မာဂျာနယ်သို့ ပြောကြားသည်။ Father Land က ရောင်းချပေးမည့် အဆင့်မြင့်နှင့် တန်ဖိုးနည်း အိမ်ရာများမှာ သင်္ဃန်းကျွန်းမြို့နယ်ရှိ အိမ်ရာများ၊ သန်လျင် ဗိုလ်ချုပ်ရွာရှိ အဆင့်မြင့်တန်ဖိုးနည်း အိမ်ရာများ၊ ပြည်တော်သာလမ်းရှိ တန်ဖိုးနည်းအိမ်ရာ၊ သန်လျင်တံတား အဆင်းရှိ Father Land Villa၊ ကိုယ်ပိုင်အိမ်ရာ၊ Royal Family Land Housing စသည်တို့ ဖြစ်ကြောင်း၊ တန်ဖိုးနည်းအိမ်ရာများ၏ တန်ဖိုးမှာ ကျပ်သိန်း ၁၀၀ မှ ကျပ်သိန်း ၃၀၀ ကြားဖြစ်ကြောင်း သိရသည်။
“Father Land က ဒီလိုမျိုး ငါးနှစ်အထိ အရစ်ကျနဲ့ ရောင်းပေးမယ်ဆိုတော့ ကောင်းတာပေါ့။ အရင်က နှစ်နှစ်၊ သုံးနှစ်လောက် အထိပဲ အများဆုံး အရစ်ကျနဲ့ ရောင်းတာ ရှိတယ်။ အခုတော့ ငါးနှစ်ဆိုတော့ ကျွန်တော်တို့ ဝယ်ယူသူတွေအနေနဲ့လည်း ပိုမို အဆင်ပြေပါတယ်” ဟု တိုက်ခန်းဝယ်ယူမည့်သူ တစ်ဦးက ပြောကြားသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။