Saturday, September 15, 2012

ပြည်သူလူထုကို ဆက်သွယ်ရေး ရှယ်ယာ အချို့ ရောင်းချရန် သမ္မတအကြံပေး အကြံပြု


မြန်မာ့ ဆက်သွယ်ရေး ကဏ္ဍကို Model Business အသွင် ကူးပြောင်း၍ Reform Plan များ ပြုလုပ်ရာတွင် ဆက်သွယ်ရေး၏ ရှယ်ယာ များကို နိုင်ငံတော်က ချုပ်ကိုင် ထားခြင်းမျိုး မဟုတ်ဘဲ  ရှယ်ယာ အချို့ကို ပြည်သူ လူထုသို့ ထုတ်ရောင်း၍ လုပ်ဆောင် သင့်ကြောင်း နိုင်ငံတော် သမ္မတ၏ နိုင်ငံရေး အကြံပေး အဖွဲ့ခေါင်းဆောင် ဦးကိုကိုလှိုင်မှ ၇-၉-၂၀၁၂ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန၌ ပြုလုပ်သော ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ၌ အကြံပြု ပြောကြားခဲ့သည်။

“ဝန်ထမ်းတွေကို လစာတိုးပေးဖို့ အတွက်နဲ့ တယ်လီဖုန်းများများ သုံးလာရင်တော့ နိုင်ငံတော်ရဲ့ ဝင်ငွေတွေ များလာမှာပါ။ ဆက်သွယ်ရေး ကော်ပိုရေးရှင်း လုပ်တဲ့အခါမှာ ပြည်သူလူထုတွေကိုလည်း ရှယ်ယာတွေ ထုတ်ရောင်းရင် အရင်းအနှီးတွေ ပိုဝင်လာမယ်။ ပိုကောင်းလာမယ်။ ဒါမှပိုပြီး တိုးချဲ့လာနိုင်မယ်။ Roof Top တွေက ဈေးသက်သာပေမယ့် ကျေးလက် ဒေသတွေမှာက အထပ်မြင့်တွေ မရှိပါဘူး။ Base Station တွေ ဆောက်ရမှာပါ။
ဒါတွေက သန်းပေါင်းများစွာ ကုန်ကျလို့ ဒါတွေကို မတတ်နိုင်တဲ့ အတွက် မိုဘိုင်းဖုန်းတွေက ဈေးကြီးနေတာပါ။ ဒါတွေကိုသာ ပိုက်ဆံများများ ရှိလာလို့ တိုးချဲ့နိုင်မယ်ဆိုရင် ကျွန်တော်တို့ မိုဘိုင်းဖုန်းတွေ အများကြီး ဈေးချနိုင်မှာပါ။ အခြားနိုင်ငံတွေမှာ လုပ်နေတာကဆိုရင် Base Station တွေဆောက်တဲ့ ကုမ္ပဏီတွေက သူတို့ဘာသာ ရင်းနှီးပါတယ်။ ပြီးတော့မှ operator တွေဆီက ရာခိုင်နှုန်းနဲ့ အရစ်ကျစနစ် ပုံစံမျိုးနဲ့ ဖြတ်သွားတယ်။ နှစ်ရှည် ပြန်ပေးကြရတယ်။ Operator အနေနဲ့ကလည်း အရင်းအနှီးတွေ အများကြီး ထည့်စရာမလိုဘူး။
ဒီလိုသာ စဉ်းစားလိုက်မယ်ဆိုရင် ငါးထောင်တန်ဖုန်းတွေက နှစ်ပိုင်း၊ လပိုင်းအတွင်းမှာ ဖြစ်သွားနိုင်ပါတယ်။ ဘာကြောင့် မဖြစ်သေးတာလည်းဆိုရင် infrastructure ရဲ့တန်ဖိုးတွေ မြင့်နေတဲ့အတွက်ကြောင့် ဖြစ်ပါတယ်” ဟု ယင်းက ဆိုသည်။
မြန်မာ့ဆက်သွယ်ရေး ဘက်ကလည်း ပုဂ္ဂလိက ပိုင်ဆိုင်မှုရှယ်ယာ များသွားပြီးလျှင် ပုဂ္ဂလိကကုမ္ပဏီများ အနေဖြင့် ဆက်သွယ်မှု ကွန်ရက်ကောင်းမွန်ပြီး ဝင်ငွေ ပိုမိုများပြားစွာ ရနိုင်သည့် မြို့ကြီးများတွင်သာ ဆက်သွယ်မှုကဏ္ဍကို အလေးထား ဆောင်ရွက်နိုင်ကြောင်း၊ ထို့ကြောင့် ကျေးလက်ဒေသအထိ ဆက်သွယ်ရေး ကွန်ရက် မပျံ့နှံ့မည်ကို စိုးရိမ်နေကြောင်း အိမ်နီးချင်းနိုင်ငံ အချို့တွင်လည်းကောင်း ယင်းကဲ့သို့ သာဓကများ ရှိသည်ကို သထိထားကာ အတုယူ ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
လက်ရှိတွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကို မြန်မာ့ဆက်သွယ်ရေး ကုမ္ပဏီ၊ ရတနာပုံ တယ်လီကွန်း ကုမ္ပဏီလီမိတက်နှင့် အခြားဆက်သွယ်ရေး ကုမ္ပဏီနှစ်ခုကို ထပ်မံဖိတ်ခေါ်ကာ ဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာ့ဆက်သွယ်ရေး ကုမ္ပဏီမှ ဆက်သွယ်ရေးကဏ္ဍ၏ ရှယ်ယာ ၄၀ ရာခိုင်နှုန်းကို လုပ်ဆောင်မည်ဖြစ်ကာ ကျန်ကုမ္ပဏီသုံးခုမှ ရှယ်ယာ ၆၀ ရာခိုင်နှုန်းကို ခွဲဝေလုပ်ဆောင်သွားရန် စီစဉ်နေကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။