Saturday, September 15, 2012

ကျောက်စိမ်းတန် ၇၀၀ အသုံးပြု၍ ကျောက်စိမ်း စေတီ အမရပူရတွင် တည်မည်


စေတီနှင့် အတူ ကျောက်စိမ်း ဓမ္မာရုံကိုပါ ကျပ်သိန်းပေါင်း သောင်းချီ ကုန်ကျ ခံကာ ကျောက်စိမ်းအတိဖြင့် တည်ဆောက်မည် ကျောက်စိမ်းတန် ၇၀၀ ကို အသုံးပြု၍ မန္တလေးမြို့အနီး ရန်ကုန်-မန္တလေး ကားလမ်းဘေးတွင် ကျောက်စိမ်းစေတီနှင့် ကျောက်စိမ်းဓမ္မာရုံ တည်ဆောက် လှူဒါန်းမည်ဖြစ်ကြောင်း တည်ဆောက် လှူဒါန်းမည့် အေးအေးခိုင် ကျောက်မျက် ကုမ္ပဏီပိုင်ရှင် ဦးစိုးနိုင်က ပြောသည်။

ကျောက်စိမ်းစေတီနှင့် ကျောက်စိမ်း ဓမ္မာရုံကို မန္တလေးမြို့ တောင်ဘက်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမဘေး၊ အမရပူရမြို့နယ်၊ ဆင်ရာ မြင်းမူးကျေးရွာ အနီးတွင် တည်ထားကိုးကွယ်မည် ဖြစ်ပြီး စေတီတည်ဆောက်ရန် တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် သာသနာရေး ဝန်ကြီးဌာန၏ ခွင့်ပြုချက်ရရှိပြီးဖြစ်ကြောင်း ဦးစိုးနိုင်က ပြောသည်။ ကျောက်စိမ်းစေတီ တည်ရာတွင် အုတ်နှင့် သာမန်ကျောက်များ အသုံးပြုမည် မဟုတ်ဘဲ ဖောင်ဒေးရှင်းမှစ၍ ကျောက်စိမ်းကိုသာ အသုံးပြု မည်ဖြစ်ပြီး ဖောင်ဒေးရှင်း ရှစ်ပေ၊ စေတီ ၃၁ ပေ၊ စုစုပေါင်း ဉာဏ်တော်အမြင့် လုံးပတ် ၃၉ ပေရှိ စေတီ အပြင် ကျောက်စိမ်း ဓမ္မာရုံတွင်လည်း ကျောက်စိမ်းပါကေးများ ခင်းကျင်းထားမည်ဖြစ်ကြောင်း သိရသည်။
ကျောက်စိမ်းစေတီ အတွင်းပိုင်းတွင်လည်း နှစ်ပေခွဲ အမြင့်ရှိ ကျောက်စိမ်း ဆင်းတု နှစ်ဆူ ထားရှိမည်ဖြစ်ပြီး ၎င်းဆင်းတုနှစ်ဆူကို ယခုအခါ ထုဆစ် နေပြီ ဖြစ်သည်။ စေတီထုဆစ်ခ လက်ခအနေဖြင့် ဝင်ငွေကျပ် သိန်း ၁၀၀ ပေးချေခဲ့ရကြောင်း ဦးစိုးနိုင်က ပြောသည်။
“ကျောက်စိမ်းစေတီ တည်ဖို့က ၁၀၀ ရာခိုင်နှုန်း သေချာပါတယ်။ တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ သာသနာရေး ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်ကလည်း ရပြီးဖြစ်လို့ ကျွန်တော့် အနေနဲ့ကတော့ သေချာတည်ထားမှာပါ” ဟု ဦးစိုးနိုင်က ပြောသည်။
ကမ္ဘာ့ ပထမဦးဆုံး ကျောက်စိမ်းစေတီကို တည်ထား ကိုးကွယ်နိုင်ရန် အတွက် လွန်ခဲ့သော နှစ်ပေါင်းများစွာ ကတည်းက ကြိုးပမ်းစုဆောင်းခဲ့ရာ ယခုအခါတွင် ကျောက်စိမ်းတန် ၅၀၀ ခန့် စုဆောင်းထားပြီဖြစ်ကြောင်း၊ မူလက ပုဂံညောင်ဦးဒေသတွင် ကျောက်စိမ်းစေတီတည်ရန် စီစဉ်ခဲ့သော်လည်း ပုဂံညောင်ဦးဒေသမှာ ရှေးဟောင်းယဉ်ကျေးမှုဇုန်ဖြစ်၍ သာသနာရေး ဝန်ကြီးဌာနနှင့် ညှိနှိုင်းကာ ယခု အမရပူရမြို့နယ် ဆင်ရွာ မြင်းမူးရွာအနီးတွင် တည်ထားရခြင်းဖြစ်ကြောင်း ဦးစိုးနိုင်က ပြောသည်။
“စေတီပန္နက်တင်တယ် ကြားတယ်။ အရင်ကတော့ ကျောက်စိမ်းစေတီဆိုတာ မြန်မာမှာရော ကမ္ဘာမှာပါရှိတယ်လို့ မကြားမိဘူး။ အလှူရှင်ရဲ့ စေတနာပဲ။ ကျောက်စိမ်းနဲ့ အကျိုးပေးတယ်၊ အောင်မြင်တယ်ထင်လို့ လှူတာနေမှာပေါ့” ဟု မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များအသင်း (မန္တလေး) ဒုဥက္ကဋ္ဌ ဒေါ်ခင်လေးနွယ်က သုံးသပ်ပြောကြားသည်။
ဘာသာရေး အထွတ်အမြတ် အနေဖြင့် တည်ထားခြင်းဖြစ်သလို ကမ္ဘာ့ပထမဦးဆုံး ကျောက်စိမ်းစေတီဖြင့် ကမ္ဘာလှည့် ခရီးသည်များကို ဆွဲဆောင်နိုင်ပြီး ဒေသခံ ပြည်သူလူထု ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းမှ အလုပ်အကိုင် ဝင်ငွေရရှိကာ ကျေးလက်ဒေသ ဆင်းရဲမွဲတေမှု လျှော့ချရေးကို တစ်ဖက်တစ်လမ်းမှ ကူညီပေးလို၍ တည်ဆောက်ခြင်းဖြစ်ကြောင်း ဦးစိုးနိုင်က ပြောသည်။
ယခု ကျောက်စိမ်းစေတီ တည်ဆောက်မည့် မြေနေရာတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့က နိုင်ငံတကာ အဆင့်မီ ကျောက်မျက်ဈေး တည်ဆောက်နိုင်ရန် စီစဉ်နေပြီး ထိုကျောက်မျက်ဈေး တည်ဆောက်မှု စတင်သည်နှင့် တစ်ပြိုင်နက် ကျောက်စိမ်းစေတီ တည်ဆောက်ခြင်းကိုလည်း စတင်မည်ဖြစ်ပြီး ယခုအခါ စေတီတည်ဆောက်ရန် စက်ယန္တရားများပင် အဆင်သင့် ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
ကျောက်စိမ်းစေတီ တည်ဆောက်ပြီး ပါက နိုင်ငံတော်သို့ အပြီးအပိုင် လှူဒါန်းမည်ဖြစ်ပြီး စေတီတည်ဆောက် မည့် ကျောက်စိမ်းများ တွင် မြန်မာနိုင်ငံ ကျောက်မျက်ရတနာ ပြပွဲ များ၌ တင်ပြရောင်းချနိုင် သည့် အရည်အသွေးရှိ ကျောက်စိမ်းတွဲများ ပါဝင်ကြောင်း အလှူရှင် ကျောက်မျက် ကုမ္ပဏီထံမှ သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။