Saturday, September 15, 2012

အသစ်သွင်း ကားပိုင်ရှင်များ ကားအပို ပစ္စည်းရှားပါးမှုနှင့် တန်ဖိုးကြီးမြင့်မှု ကြုံနေရ


ပြည်ပမှ ဝင်ရောက် လာသည့် မော်တော်ယာဉ် များ၌ ယာဉ်အပို ပစ္စည်း ရှားပါးမှုနှင့် တန်ဖိုးကြီးမြင့်မှုတို့ ကြုံတွေ့နေရကြောင်း ကားပိုင်ရှင်များက ပြောသည်။ အထူးသဖြင့် ၂၀၀၇ မော်ဒယ်အထက် ယာဉ်များ၌ ယင်းပြဿနာကို အများဆုံး ကြုံတွေ့နေရပြီး Land Rover, Surf, Caldina အစရှိသော တန်ဖိုးမြင့် ယာဉ်များ၏ ယာဉ်အပိုပစ္စည်းများ အဓိက ရှားပါးနေခြင်းလည်း ဖြစ်သည်။

“ဈေးကြီးပြီး ပစ္စည်းရှားတာ” ဟု ယာဉ်ပိုင်ရှင် တစ်ဦးက ပြောကြားသည်။ ပြည်ပမှ မော်တော်ယာဉ် တင်သွင်းပေးသည့် ကုမ္ပဏီအချို့တွင် အချို့သော ကုမ္ပဏီများက ယာဉ်နှင့်အတူ ယာဉ်အပိုပစ္စည်းများ တစ်ပါတည်း တင်သွင်းပေးသော်လည်း အချို့သော ကုမ္ပဏီများက တင်သွင်းလာခြင်း မရှိပေ။ ထို့ပြင် တင်သွင်းလာသည့် ယာဉ်အပိုပစ္စည်း အချို့မှာ ပြန်လည်တပ်ဆင်ရန် တတ်ကျွမ်းနားလည်သူများ အားနည်းနေခြင်း၊ ကွန်ပျူတာစနစ်ဖြင့် ထိန်းသိမ်း၍ ဆော့ဖ်ဝဲပိုင်းများအား ပြန်လည် ကြည့်ရှုရသည့် အစိတ်အပိုင်းအချို့ ပါဝင်နေခြင်း၊ မော်တော်ယာဉ်၏ မူလ အညွှန်းစာအုပ်ပါအတိုင်း ပြန်လည်ပြင်ဆင်မှုများ ပြုလုပ်နေရခြင်းများရှိကြောင်း ဘုရင့်နောင် ကားအပိုပစ္စည်းများ ရောင်းဝယ်ရေးစခန်းမှ ယာဉ်အပိုပစ္စည်းများ ရောင်းချသူတစ်ဦးက ပြောသည်။
ကားဝယ်ယူသူများအတွက် လက်ရှိ ကားကုမ္ပဏီ အချို့မှာ တစ်နှစ် (သို့မဟုတ်) ခြောက်လ အစရှိသဖြင့် ယာဉ်၏ တန်ဖိုးအတိုင်း နှစ်သက်တမ်းအလိုက် အာမခံချက်မျိုးပေးသည့် ကုမ္ပဏီအချို့တွင် အထက်ပါ ပြဿနာနှင့် ကြုံတွေ့ရမှု နည်းပါးပြီး မိမိအစီအစဉ်ဖြင့်သာ ပြည်ပမှ တင်သွင်းလာသည့် ကားပိုင်ရှင်များ၌ ဆက်တိုက်ကြုံတွေ့လာကြောင်း ဟံသာဝတီ ကားပွဲစားဝင်းမှ ဝယ်ရောင်းတစ်ဦးက ပြောသည်။
ယင်းကဲ့သို့ အပိုပစ္စည်း ရှားပါးခြင်း၊ ကျွမ်းကျင်ပညာရှင် အားနည်းခြင်း ပြဿနာများကို ဖြေရှင်းရန်အတွက် တိုယိုတာ၊ မစ်ဆူဘီရှီ အစရှိသော ဂျပန်ကားကုမ္ပဏီကြီးများက ယခုနှစ်အတွင်း လာရောက်၍ အပိုပစ္စည်းထုတ်လုပ်သည့် နည်းပညာများ၊ စက်ပိုင်းဆိုင်ရာ ထိန်းသိမ်းသည့် သင်တန်းများ ပြုလုပ်ပေးရန် အစီအစဉ်များရှိကြောင်း ယာယီဖွဲ့စည်းထားသည့် မော်တော်ယာဉ် ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုလုပ်ငန်းအသင်းမှ အသင်းဝင်တစ်ဦးဖြစ်သူ ဦးမိုးကျော်က ပြောသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။