Saturday, September 15, 2012

မန္တလေးမြို့ပြ နှစ် ၃၀ စီမံကိန်း မကြာမီ အကောင်အထည် ဖော်မည်ဟုဆို


မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီက မန္တလေးမြို့ပြ (City Plan) နှစ် ၃၀ စီမံကိန်းကို ရေးဆွဲကာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြထားပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် မကြာမီ အကောင်အထည်ဖော် ဆောင်ရွက်ဖွယ်ရှိကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အဆောက်အအုံနှင့် ကုန်ရုံဌာန၊ ဌာနမှူး ဦးမျိုးအောင်က ပြောသည်။ အဆိုပါ မန္တလေးမြို့ပြ နှစ် ၃၀ စီမံကိန်းတွင် မန္တလေးမြို့သူမြို့သားများ မျှော်လင့်နေသည့် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများ ပါဝင်မည်ဖြစ်ပြီး အဓိကဇုန်ကြီး ရှစ်ဇုန် ခွဲခြားထားကာ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ကော်မတီဝင် (၃) ဦးထွန်းကြည်က လွန်ခဲ့သော ၁၀ နှစ်ကျော်က မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီနှင့် ဂျပန်ကုမ္ပဏီတစ်ခုတို့ ပူးပေါင်း ရေးဆွဲထားသည့် မန္တလေးမြို့ပြ စီမံကိန်း (Star Ruby Project) ကို အခြေခံ ရေးဆွဲထားခြင်း ဖြစ်ကြောင်း ဦးမျိုးအောင်က ပြောသည်။

“ကျွန်တော့် အနေနဲ့ သတင်း မီဒီယာတွေကို အသေးစိတ် မပြောပြနိုင်သေးပါဘူး။ အခု နှစ် ၃၀ စီမံကိန်း မူကြမ်းရေးဆွဲပြီး မြို့တော်ဝန်က တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြပြီးပါပြီ” ဟု စက်တင်ဘာ ၅ ရက်က မန္တလေးမြို့တော်ခန်းမ (၁) ၌ ဦးမျိုးအောင်က ဆက်လက်ပြောသည်။ အဆိုပါ မန္တလေးမြို့ပြ နှစ် ၃၀ စီမံကိန်းကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတထံသို့ တင်ပြပြီးဖြစ်သည်။ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ရန်ပုံငွေတစ်ခုတည်းဖြင့် လုံလောက်မည်မဟုတ်ဘဲ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ် ဆောင်ရွက်ဖွယ်ရှိကြောင်း ဦးမျိုးအောင်နှင့် မန်းစည်ပင်ဌာနမှူးအချို့က သုံးသပ်သည်။
မန္တလေးမြို့ပြ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၁၉၉၅ ခုနှစ် ဝန်းကျင်ခန့်က မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီနှင့် ဂျပန်ကုမ္ပဏီတစ်ခုတို့ ပူးပေါင်းကာ ခြောက်လနီးပါးကြာ (Survey) စစ်တမ်းကောက်ယူပြီး မဟာမန္တလေး မြို့ပြစီမံကိန်း (Star Ruby Project) ကို ရေးဆွဲခဲ့သည်။ ၁၉၉၆ မှ ၂၀၂၀ ပြည့်အထိ ၂၅ နှစ်ကြာ အကောင်အထည်ဖော်မည့် စီမံကိန်းကို ရေးဆွဲခဲ့ကြောင်း၊ ထိုစဉ်က န.ဝ.တ အစိုးရသို့ စီမံကိန်း တင်ပြခဲ့ပြီး နိုင်ငံခြားငွေနှင့် နိုင်ငံခြား အရင်းအနှီး သုံးစွဲရမည့် အပိုင်းများရှိခဲ့၍ စီမံကိန်းကို ခေတ္တရပ်နားကာ ယခုနှစ်တို စီမံကိန်းကို အခြေပြု၍ မန္တလေးမြို့ပြ နှစ် ၃၀ စီမံကိန်းအဖြစ် ပြန်လည်ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်ရန် စီစဉ်ခြင်းဖြစ်ကြောင်း မန္တလေးမြို့ခံများနှင့် မန်းစည်ပင်တာဝန်ရှိသူများထံမှ သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။