Monday, August 6, 2012

သီလ၀ါဆိပ်ကမ်းဒေသ အထူးစီးပွားရေးဇုန်၌ ကိုရီးယားနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်မည့် Myanko မြို့တော်စီမံကိန်းနှင့်ပတ်သက်၍ တရားဝင်ခွင့်ပြုထားခြင်း မရှိဟု သိရ


သီလ၀ါ ဆိပ်ကမ်းဒေသ အထူးစီးပွားရေးဇုန်၌ ကိုရီးယားနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်မည့် Myanko မြို့တော် တည်ဆောက်ရေး စီမံကိန်းနှင့် ပတ်သက်၍ တရားဝင် ခွင့်ပြုထားခြင်း မရှိဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးချိုသန်းမောင်၏ ပြောကြားချက်အရ သိရပါသည်။

"မြန်-ကို စီးပွားရေးမြို့တော်စီမံကိန်းနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့နဲ့ တိုက်ရိုက်မပတ်သက်ခဲ့ပါဘူး။ မြန်-ကိုကနေ ဒီလိုလုပ်ဖို့လူကြီးတွေကို တင်ပြဖူးတာရှိပါတယ်။ ဒါပေမယ့် တရားဝင် ခွင့်ပြုထားခြင်း လက်ရှိမှာ မရှိသေးပါဘူး။ ဆွေးနွေးခဲ့ဖူးတာ တင်ပြခဲ့ဖူးတာ ရှိပြီးတော့ သူတို့အနေနဲ့ သူတို့ လုပ်ဆောင်ချင်တဲ့ဟာကို ဂျာနယ်တွေကို ထုတ်ဖော်သွားတယ်လို့သိရပါတယ်။ အဲဒါတွေကို ဌာနဆိုင်ရာတွေက တရားဝင် ထုတ်ပြန်ထားခြင်း မလုပ်ပါဘူး။ သူတို့ကုမ္ပဏီ ဘက်ကနေပြီးတော့ သူတို့တင်ပြထားတဲ့ စီမံကိန်းကို ပေးသွားတယ်လို့ပဲ သိရပါတယ်"ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးချိုသန်းမောင်က ဇူလိုင်လ ၂၉ ရက်နေ့က ပြောကြားခဲ့သည်။
ကိုရီးယားသမ္မတနိုင်ငံ HANA INTERNATIONAL INC ဥက္ကဋ္ဌနှင့် အဖွဲ့သည် ပို့ဆောင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်နှင့် တွေ့ဆုံ၍ သီလ၀ါဆိပ်ကမ်းဒေသ အထူးစီးပွားရေးဇုန်တွင် အမေရိကန်ဒေါ်လာ ငါးဘီလျံ လာရောက်ရင်းနှီး မြှုပ်နှံမှုဖြင့် Myanko မြို့တော် တည်ဆောက်ရန် ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
သီလ၀ါဆိပ်ကမ်း ဒေသအား နိုင်ငံတကာ အဆင့်မီ ဆိပ်ကမ်းဒေသ စက်မှုဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာ၌ ဇီဝစွမ်းအင်၊ လေစွမ်းအင်၊ နေရောင်ခြည် စွမ်းအင်တို့ကို ကောင်းမွန်လုံလောက်စွာ ထုတ်လုပ်ရေးနှင့် သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရေး၊ ပြည်တွင်း အလုပ်သမားများ အလုပ်အကိုင် တိုးတက်ရရှိရေး၊ နည်းပညာ လွှဲပြောင်းပေးရေး၊ စီမံကိန်းဒေသ၌ မြို့ပြအဆောက်အအုံများ စနစ်တကျ ပါဝင်ရေးဆွဲရေး စသည်တို့ကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဆွေးနွေးမှု ရှိခဲ့ကြောင်း သိရသည်။
ကိုရီးယားသမ္မတနိုင်ငံ HANA INTERNATIONAL INC သည် သီလ၀ါ ဆိပ်ကမ်းဒေသ အထူးစီးပွားရေးဇုန် ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်း တည်ဆောက်ရာ၌ နိုင်ငံကူး သင်္ဘောကြီးများ ဆိုက်ကပ်နိုင်ရန် အဆင့်မြှင့် တည်ဆောက်ခြင်း၊ စက်မှုဇုန်များ၊ မြို့ပြအဆောက်အအုံများ၊ ဟိုတယ်များ၊ စာသင်ကျောင်းများ၊ ဆေးရုံများ၊ အားကစား ခန်းမများ၊ ကွန်ဗင်းရှင်း စင်တာများ၊ ဆိပ်ကမ်းနှင့် ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ အစိုးရရုံး အဆောက်အအုံများ စသည်တို့ကို နိုင်ငံတကာ အဆင့်မီ တည်ဆောက်သွားရန် သက်ဆိုင်ရာ တာဝန်ရှိသူများအား တင်ပြခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။