Monday, August 6, 2012

ကြက်သွန်ဖြူဈေးကျချိန် အနီဈေးပြန်လည်မြင့်တက်


မီးဖိုချောင်သုံး စားသောက်ကုန်ဈေးကွက်တွင်းရှိ ကြက်သွန်ဖြူဈေးနူန်းများသိသိသာသာကျဆင်းလျှက်ရှိပြီး ကြက်သွန်နီဈေးနူန်းမှာ အနည်းငယ်မြင့်တက်လျှက်ရှိကြောင်း ဈေးကွက်အတွင်းက သိရသည်။

ယခင် ပြီးခဲ့သည့် ၂ဝ၁၁ခုနှစ်တွင် ကြက်သွန်ဖြူ တစ်ပိဿာလျှင် ကျပ် ၄ ထောင်- ၅ ထောင်ခန့် ဈေးရရှိခဲ့သော်လည်း လက်ရှိတွင် ထူးတစ်ကြက်သွန်ဖြူ တစ်ပိဿာလျှင် ကျပ် ၆၅ဝ ရရှိကာ ထူးလေး ကြက်သွန်ဖြူမူ တစ်ပိဿာလျှင် ကျပ် ၁ဝ၅ဝ သို့ ကျဆင်းနေခြင်း ဖြစ်သည်။

ကြက်သွန်ဖြူဈေးလျော့ကျနေသော်လည်း ကြက်သွန်နီမှာမူ အမျိုးအစားပေါ်မူတည်ပြီး ကျပ် ၄၅ဝမှ ကျပ် ၆၅ဝ ဝန်းကျင်ရှိသည့် အတွက် ပြီးခဲ့သည့် ဇူလိုင်လထက် တစ်ပိဿာလျှင် ကျပ် ၁ဝဝ ဝန်းကျင်ဈေးမြင့်တက်ခဲ့ကြောင်း သိရသည်။

ကြက်သွန် (ဖြူ/၊နီ) ဈေးနူန်းများ တစ်ဖြည်းဖြည်း ကျဆင်းလာခြင်းသည် စိုက်ပျိုးတောင်သူများပြားကာ ဈေးကွက်တွင်း ပိုလျှံလာခြင်းကြောင့်ဖြစ်သည်ဟု ညောင်ပင်လေးဈေးရှိ ကြက်သွန်ကုန်သည်များက ဆိုသည်။

''ကြက်သွန်ဖြူက ပြီးခဲ့တဲ့နှစ်ကဆို ဒီချိန် လေးငါးထောင်လောက် ဈေးရတယ်။ ဝယ်လိုအားလည်း များခဲ့တယ်။ ဒီနှစ်တော့ ဈေးကလည်း တော်တော်လေး ထိုးကျသွားတယ်။ အရောင်းအဝယ်လည်းအေးနေတယ်။'' ဟု အောင်ကုန်မျိုးစုံရောင်းဝယ်ရေးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရန်ကုန်ဈေးကွက်တွင်းသို့ ဝင်ရောက်နေသောကြက်သွန်များမှာ မြင်းခြံ၊ တောင်သာ၊ပခုက္ကူနှင့် မြန်မာနိုင်ငံအလယ်ပိုင်း ဒေသများမှ အများဆုံးဝင်ရောက်လျှက်ရှိပြီး အခြားဒေသများမှလည်း ဝင်ရောက်လျှက်ရှိကြောင်း သိရသည်။

လက်ရှိဈေးကွက်တွင်း ဖြစ်ပေါ်နေသော ကြက်သွန်ဈေးနှုန်းများ
အမျိုးအစား          အရေအတွက်   ဈေးနူန်း
ကြက်သွန်နီ(အသေး)    တစ်ပိသာ     ၄၅ဝ ကျပ်
ကြက်သွန်နီ(အကြီး)     တစ်ပိသာ     ၆၅ဝ ကျပ်
ကြက်သွန်ဖြူ(ထူး ၁)    တစ်ပိသာ     ၆၅ဝ ကျပ်
ကြက်သွန်ဖြူ(ထူး ၄)    တစ်ပိသာ     ၁ဝ၅ဝ ကျပ်

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။