Monday, August 6, 2012

ရွှေဘိုနယ်တစ်ဝိုက်ရှိ တောင်သူများ ဘဏ်ချေးငွေထုတ်ယူရာတွင် အခက်အခဲများ ကြုံတွေ့နေရ



ရွှေဘိုခရိုင်တွင်းရှိ ကျေးရွာအချို့မှ တောင်သူများ မိုးစပါးအတွက် စိုက်ပျိုးရေးဘဏ်ချေးငွေ ထုတ်ယူရာတွင် အခက်အခဲအချို့ ကြုံတွေ့နေရကြောင်း တောင်သူများထံမှ စုံစမ်းသိရသည်။ 

ခင်ဦးမြို့နယ်ရှိ ဗအိုးကျေးရွာ၊ မဏီကုန်းကျေးရွာ၊ မြို့သစ်ကျေး ရွာစု၊ ညောင်ကန်ကျေးရွာစုအစရှိသော ရွာများတွင် ဘဏ်ချေးငွေ ထုတ်ယူရာ၌ လယ်မြေပိုင်ဆိုင်မှု ဧကအလိုက် ချေးငွေရရှိခြင်းမရှိသဖြင့် တောင်သူများ အခက်တွေ့လျက်ရှိ ကာဝက်လက်မြို့နယ် ဟန်လင်းနယ်ရှိ တောင်သူများမှာလည်း အလားတူ အခက်ကြုံလျက်ရှိကြောင်း သိရသည်။
'တချို့တွေက လယ်နှစ်ဧက သုံးဧကပဲရှိကြပေမယ့် သုံးသိန်းက နေငါးသိန်းထိရကြတယ်။ ဘဏ်စာအုပ်လုပ်တဲ့အခါလည်း ပျောက်ဆုံးငါးရာ၊ အသစ်လုပ် အခမဲ့လို့ သိရပေမယ့် ငါးထောင်ပေးရတယ်။ ဒါပေမယ့် တောင်သူတော်တော်များများက လယ်ပိုင်သလောက် ချေးငွေမရကြတာက များပါတယ်'ဟု ခင်ဦးမြို့နယ် မဏီကုန်းကျေးရွာမှ တောင်သူတစ်ဦးက ပြောကြားသည်။  
ခင်ဦးနယ်ရှိ တပင်ကောင်း၊ ညောင်ကန်ကျေးရွာများတွင် ချေးငွေရရှိရန် ချေးငွေမထုတ်ယူမီကပင် တစ်ဧကငါးရာမှ တစ်ထောင့်ငါးရာထိ ကြိုငွေပေးသွင်းခဲ့ရကြောင်း သိရပြီး ရွာသူရွာသားများစုပေါင်းကာ အထက်သို့ တင်ပြခဲ့သော်လည်း အရေး ယူဆောင်ရွက်မှု မရှိသေးကြောင်း တောင်သူများက ဆိုပါသည်။    
'ကျွန်တော်တို့ရွာက ဘဏ်ချေးငွေထုတ်ပေးမယ့်ရက်ကို အကန့်အသတ်မရှိ ရွှေ့ဆိုင်းခံထားရတယ်။ အခုထိဘဏ်စာအုပ်တင်တာ ချေးငွေတောင်းတာမျိုး မရှိသေးဘူး'ဟု ခင်ဦးနယ်ရွာစဉ်ကျေးရွာမှ တောင်သူတစ်ဦးက ဆိုပါသည်။   

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။