Monday, August 6, 2012

ပုဂံဇုန်တွင် နိုင်ငံခြားသားခရီးသွားဝင်ရောက်မှု ၄ဝ% ကျော်မြင့်တက်


ဇူလိုင်လတွင် မြန်မာနိုင်ငံ၏ ခရီးသွားဇုန်တစ်ခုဖြစ်သော ပုဂံဇုန်၌နိုင်ငံခြားသားခရီးသွားဦးရေမှာဇွန်လကထက် ၄ဝ% နှုန်းကျော်မြင့်တက်လာကြောင်း ဟိုတယ်နှင့်ခရီးညွှန်ကြားမှုဦးစီးဌာနက သိရှိရသည်။

ဇူလိုင်လအတွင်း နိုင်ငံခြားသားဧည့်သည်ပိုမိုများပြားလာခြင်းကမြန်မာနိုင်ငံ၏တိုးတက်ပြောင်းလဲမှုများအား ပိုမိုစိတ်ဝင်စားစွာဖြင့် လေ့လာချင်သောကြောင့်ဧည်သည့်များလာရောက်ခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

''ဇူလိုင်မှာ ဧည်သည်တွေ တော်တော်များလာတယ်။ အဓိကအလာများတာတောအာရှသား တွေပဲ။ အများစုကတော့ ယိုးဒယား၊ တရုတ် နဲ့ ကိုရီးယားတွေများတယ်။''ဟု မြန်မာနိုင်ငံ ဧည့်လမ်းညွှန်အသင်း၏ ဒုတိယဥက္ကဌဖြစ်သော ပုဂံဇုန်မှ ဦးဇော်ဝင်းချိုက ပြောသည်။

ဇူလိုင်လတွင် ပုဂံဇုန်သို့နိုင်ငံခြားသားဝင်ရောက်မှုဦးရေမှာ စုစုပေါင်း (၆၅ဝ၄) ဦးရေဝင်ရောက် ခဲ့ပြီး လေကြောင်းမှ(၃၃၄၁) ဦး၊ ကုန်းလမ်းမှ(၁၇၁၇)ဦးနှင့် ရေလမ်းမှ(၁၄၄၆) ဦးဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လတွင်မူ ခရီးသွားဦးရေ စုစုပေါင်း (၃၇၉၉) ဦးရှိခဲ့ပြီး လေကြောင်းမှ (၂၃၈ဝ) ဦး၊ကုန်းလမ်းမှ (၈၆၅) ဦးနှင့် ရေကြောင်းမှ (၅၅၄) ဦး တို့ဝင်ရောက်ခဲ့ကြောင်း သိရသည်။

ပုဂံသို့ လာရောက်ကြသော နိုင်ငံခြားသားဧည့်သည်များ အများဆုံးသွားရောက်လေ့လာကြသော နေရာများမှာ အာနန္ဒာဘုရားနှင့်ရွှေစည်းခုံဘုရားတို့ ဖြစ်သည်။

ထိုဘုရားစေတီနှစ်ဆူစလုံးမှာ ကျန်စစ်သားမင်းလက်ထက်(အေဒီ-၁ဝ၉ဝ)တွင် တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်ပြီး အာနန္ဒာစေတီမှာ လက်ရာအမြောက်ဆုံး၊ အနုစိတ်ဆုံးအဖြစ် ကျော်ကြားသောကြောင့် နိုင်ငံခြားသားများ အနေဖြင့် မြန်မာ့ယဉ်ကျေးမှုကို လေ့လာချင်သောကြောင့်ဖြစ်သည်ဟု မြန်မာနိုင်ငံဧည့်လမ်းညွှန်အသင်း ပုဂံဇုန်မှ ဒုတိယဥက္ကဌက ဆိုသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။