Sunday, June 10, 2012

 ကချင်ပြည်နယ်တွင်း တိုက်ပွဲများ တစ်ကျော့ပြန် ပြန်လည်ဖြစ်ပွားခြင်း၏ နှစ်ပတ်လည် ဆုတောင်းပွဲအခမ်းအနား ရန်ကုန်မြို့၌ ကျင်းပ

အခမ်းအနား လာရောက်သူများနှင့် ခန်းမသို့အ၀င်လမ်း ခင်းကျင်းမှု
ကချင်ပြည်နယ်တွင်း တိုက်ပွဲများ တစ်ကျော့ပြန် ပြန်လည်ဖြစ်ပွားခြင်း၏ နှစ်ပတ်လည် ဆုတောင်းပွဲ အခမ်းအနားတစ်ရပ်ကို ၂၀၁၂ ခုနှစ် ဇွန်လ ၉ ရက်နေ့က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ အခမ်းအနားကို Kachin Peace Network မှ စီစဉ်ပြုလုပ်ခြင်းဖြစ်ပြီး ရန်ကုန်မြို့ရောက် ကချင် တိုင်းရင်းသားများသာမက အခြားတိုင်းရင်းသားများ၊ ၈၈ မျိုး ဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ဘာသာကြီး လေးရပ်မှ တက်ရောက်လာသူများ၊်လူမှုရေးအဖွဲ့အစည်းများ၊ နိုင်ငံရေးနယ်ပယ်၊ အနုပညာနယ်ပယ်များမှ ပါဝင်တက်ရောက်ခဲ့ကြသည်။

ဗုဒ္ဓဘာသာဖြင့် ဦးဆောင်ဆုတောင်းနေစဉ်

ငြိမ်သက်ဆုတောင်းနေသူများ

ဘာသာကြီးလေးရပ်မှ တက်ရောက်လာသူများ

ခရစ်ယာန်ဘာသာဖြင့် ဦးဆောင်ဆုတောင်း နေစဉ်

အခမ်းအနားကို Kachin Peace Network မှ ဒေါ်ခေါန်ထွယ်(ခ) ဒေါ်မေစပယ်ဖြူက အဖွင့်အမှာစကား ပြောကြားခြင်း၊ ဂီတမိတ်၏ သီချင်းအစီအစဉ်တို့ဖြင့် မွန်းလွဲ ၁ နာရီဝန်းကျင်တွင် စတင် ဖွင့်လှစ်ခဲ့သည်။
ထို့နောက် ဘာသာကြီးလေးရပ်မှ ဆုတောင်းပွဲကို ပြုလုပ်ခဲ့ကာ ဗုဒ္ဓဘာသာဖြင့် ဆုတောင်းခြင်းကို သမိုင်းမြို့မကျောင်း အသောက ဖောင်ဒေးရှင်းမှ ဆရာတော်၊ ဟိန္ဒူဘာသာဖြင့် ဆုတောင်းခြင်းကို ဟိန္ဒူ ဓမ္မပညာသင်ကြားပို့ချရေးဆရာ ဦးဆန်းမင်းနိုင်၊ အစ္စလာမ်ဘာသာ ဖြင့် ဆုတောင်းခြင်းကို ဒေါက်တာမြင့်သိန်း၊ ခရစ်ယာန်ဘာသာဖြင့် ဆုတောင်းခြင်းကို သိက္ခာတော်ရ ဆရာရွှေလင်းတို့က ဦးဆောင်ခဲ့ကာ သက်ဆိုင်ရာ ဘာသာဝင်များက ကချင်ပြည်နယ်တွင်းမှ စစ်ဘေးသင့်ပြည်သူများနှင့် ငြိမ်းချမ်းရေးအတွက် ပါဝင်ဆုတောင်းခဲ့ကြသည်။
ကချင်ပြည်နယ်တွင်း ထွက်ပြေးတိမ်းရှောင်နေရသူများ(IDPs) နှင့် လက်ရှိ ကချင်ဒေသအခြေအနေ တင်ပြခြင်းကို Kachin Peace Network မှ ဒေါ်ခေါန်ဂျာက ပြုလုပ်ခဲ့ကာ မြန်မာနိုင်ငံ၏ လက်ရှိငြိမ်းချမ်းရေး ဖော်ဆောင်မှုအခြေအနေများနှင့်ပတ်သက်၍ ငြိမ်းဖောင်ဒေးရှင်းမှ ဒေါ်နန်ရော်က တင်ပြခဲ့သည်။

အဖွဲ့အစည်းများမှ အမှာစကားပြောကြားခြင်းတွင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ စာရေးဆရာကိုတာ၊ Karen Women Action Group မှ ဒေါ်နော်လှလှစိုး၊ ဆရာ Allen စောဦးတို့က အသီးသီး ပြောကြားခဲ့ကြသည်။
ကချင်ပြည်နယ်ရှိ စစ်ဘေးသင့် ပြည်သူများအတွက် အလှူခံရာ ဒေသအသီးသီးက လှူဒါန်းမှု ကျပ် ၄၇ သိန်းကိုးသောင်းကျော်ရှိခဲ့ခြင်း၊ ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ခဲ့သော အတွေ့အကြုံများ၊ စစ်ပွဲများနှင့်ပတ်သက်သော အမြင်များကို ၈၈ မျိုးဆက်ကျောင်းသားခေါင်း ဆောင်ကိုမင်းကိုနိုင်က ရှင်းလင်း ပြောကြားခဲ့သည်။

အခမ်းအနားတွင် ကချင်တိုင်းရင်းသူအဆိုတော် ရေဗက္က၀င်း၊ မနောအလှဂီတအဖွဲ့ စသည်တို့ကလည်း ငြိမ်းချမ်းရေး ဆုတောင်းတေးသီချင်းများဖြင့် ပါဝင်ဖျော်ဖြေခဲ့ပြီး တက်ရောက်လာသူများမှ ကယ်ဆယ်ရေးစခန်းများအတွက် အလှူငွေ ပေးအပ်လှူဒါန်းမှုများလည်း ပါဝင်ခဲ့သည်။ ညနေ ၄ နာရီဝန်းကျင်တွင် တိတ်ဆိတ်ငြိမ်သက်စွာ စုပေါင်းဆုတောင်းပြီးနောက် အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့က တစ်ကျော့ပြန်စစ် ပြန်လည်စတင်သည့် တစ်နှစ်ပြည့်ခြင်းအခမ်းအနားတွင် အခမ်းအနားကျင်းပရာ တို့ရိုးရာ စားသောက်ဆိုင်အ၀င်မှ ခန်းမအထိ အ၀င်လမ်းကို နေရပ်မှ စွန့်ခွာရသည့် ဒေသခံများ၏ ပုံရိပ်များ၊ အ၀တ်ဟောင်းများ၊ သွေး စက်သဏ္ဍာန် ဖော်ပြမှုများဖြင့် ပြုလုပ်ခင်းကျင်းမှုများ၊ ငြိမ်းချမ်းရေးအတွက် လက်မှတ်တောင်းခံခြင်းများလည်း ပါဝင်ခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။