Sunday, June 10, 2012

ရခိုင်ပြည်နယ် မောင်တောနှင့် ဘူးသီးတောင် မြို့နယ် တို့တွင် ဘင်္ဂါလီရိုဟင်ဂျာများက တိုင်းရင်းသားနေအိမ်များကို လူစုလူဝေးဖြင့် မီးရှို့ခြင်း၊ ရိုက်နှက်ခြင်း၊ လုယက်ခြင်းများ ဖြစ်ပွားနေခြင်းကြောင့် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထား၊ ဖြစ်ပွားပြီးနောက်ရက်၌ အခြေအနေများကို သက်ဆိုင်ရာက ထိန်းချုပ်နိုင်ပြီ ဖြစ်ကြောင်းသိရ

ရခိုင်ပြည်နယ် မောင်တောနှင့် ဘူးသီးတောင် မြို့နယ် အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် ဇွန်လ ၈ ရက်နေ့ မွန်းလွဲပိုင်းမှ စတင်ပြီး ဘင်္ဂါလီ ရိုဟင်ဂျာများက လူစုလူဝေးဖြင့် မီးရှို့ခြင်း၊ ရိုက်နှက်ခြင်း၊ လုယက်ခြင်းများ ဖြစ်ပွားနေခြင်းကြောင့် မြို့နယ် အထွေထွေ အုပ်ချုပ် ဦးစီးဌာနက အမိန့်အမှတ် ၁/၂၀၁၂ ဖြင့် ညမထွက်ရ အမိန့်ထုတ် ပြန်ထားကြောင်း သတင်းရရှိပါသည်။

ဇွန်လ ၈ ရက်နေ့ မွန်းလွဲပိုင်းက မောင်တောမြို့၌ ဘင်္ဂါလီရိုဟင်ဂျာ ထောင်ဂဏန်းခန့်သည် မြို့မဗလီတွင် ၀တ်ပြုဆုတောင်းပြီး အပြန်တွင် အနီးရှိ မြို့မပရိယတ္တိ စာသင်တိုက်နှင့် ရနံ့သစ် တည်ခိုခန်းတို့အား ခဲများဖြင့် ပစ်ပေါက်ရာမှ အဓိကရုဏ်း ဖြစ်ပွားခဲ့ပြီး ညနေပိုင်းတွင် မောင်တောမြို့နယ် အတွင်းရှိ ကျေးရွာများ၌ လူနေအိမ်များ၊ ဈေးဆိုင်တန်းများ၊ တည်းခိုခန်း စသည်တို့ကို မီးရှို့ ဖျက်ဆီးခြင်း၊ ရန်ပြု သတ်ဖြတ် ခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ထိုကဲ့သို့ ဆူပူအကြမ်းဖက်မှုများ၊ ရုန်းရင်း ဆန်ခတ်မှုများ ဖြစ်ပွားနေသည့် အတွက် ဘူးသီးတောင် မြို့နယ်နှင့် မောင်တော မြို့နယ်တို့တွင် ညမထွက်ရ အမိန့် (ပုဒ်မ ၁၄၄) ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဇွန်လ ၈ ရက်နေ့ ဖြစ်စဉ်များ အရ ဆူပူ အကြမ်းဖက် သူများသည် မောင်တောမြို့မှ ၁၂ မိုင်ခန့် ကွာဝေးသည့် ဂေါ်ဒူသာရ ကျေးရွာအုပ်စု သရေကမုံရွာကို မီးရှို့ဖျက်ဆီးပြီး၊  ပစ္စည်း လုယက်မှုများ ကျူးလွန် ခဲ့ကြောင်းနှင့် အဆိုပါ ဖြစ်စဉ်တွင် ကျောင်းဆရာကြီး ဦးချမ်းသာ အပါအ၀င် သုံးဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း၊ အလားတူ ညောင်ချောင်း ကျေးရွာအုပ်စု ရွှေရင်အေး ကျေးရွာကိုလည်း မီးရှို့ဖျက်ဆီးပြီး ပစ္စည်းလုယက်မှုများ ကျူးလွန်ခဲ့ကြောင်း၊ အလားတူ ဗောဓိကုန်း ကျေးရွာ၊ ကင်းချောင်းရွာ၊ ကန်သာယာရွာ၊ ကန်ပြင်သာစည်ရွာ၊ ဝေသာလီရွာ၊ မောရ၀တီရွာများကို ၀င်ရောက် မီးရှို့ ဖျက်ဆီးခဲ့သည့် အတွက် အိမ်ခြေ အများအပြား မီးလောင်ကျွမ်း ပျက်စီးခဲ့ကြောင်း၊ ထို့အပြင် မောင်တောမြို့ ရပ်ကွက်(၄)၊ ရပ်ကွက်(၅)၊ အောင်ဗလရွာ၊ ဥဒေါင်းရွာ၊ ပြဒါးရွာတို့ကို လည်းကောင်း၊ ဘူးသီးတောင်မြို့ အမှတ်(၅)ရပ်ကွက်နှင့် ရွာမရွာတို့ကို လည်းကောင်း ဘင်္ဂါလီ ရိုဟင်ဂျာများက မီးရှို့ဖျက်ဆီးရန် ကြိုးပမ်း ခဲ့သော်လည်း ထိန်းသိမ်းကာကွယ် တားဆီးနိုင်ခဲ့ကြောင်း ဇွန်လ ၉ ရက် ညပိုင်းသတင်း ကြေညာမှုတွင် ထည့်သွင်း ပြောကြား သွားခဲ့သည်။

အဆိုပါဖြစ်စဉ်များ၌ နေအိမ်များ မီးလောင်ဆုံးရှုံးခဲ့ပြီး လတ်တလော ဒုက္ခရောက် နေကြသည့် ဒေသခံ ပြည်သူများအတွက် မောင်တောမြို့တွင် ပရဟိတကျောင်း၊ အောင်မြေဗောဓိကျောင်း၊ ဗဟိုကျောင်းတို့၌ ကယ်ဆယ်ရေး စခန်းသုံးခု ဖွင့်လှစ်ပြီး ကူညီစောင့်ရှောက်မှု ပေးလျက်ရှိကြောင်း အဆိုပါ ကယ်ဆယ်ရေး စခန်းများအတွက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှ ထောက်ပံ့ရေးပစ္စည်း ၃ ဒသမ ၃ တန် နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဘေထုပ် ၅၀ စုစုပေါင်း ၂ တန်ကျော် ပေးပို့ခဲ့ပြီး ဖြစ်ကြောင်း သိရှိရသည်။

ဇွန်လ  ၉ ရက်နေ့ မွန်းလွဲပိုင်းတွင် ပြန်ကြားရေး ၀န်ကြီးဌာနမှ တရားဝင် ထုတ်ပြန်ခဲ့သော စာရင်းများအရ ယမန်နေ့က ဖြစ်ပွားခဲ့သော မောင်တော ဖြစ်စဉ်၌ သေဆုံးသူ (၇)ဦး၊ ဒဏ်ရာ ရရှိသူ (၁၇)ဦး ရှိခဲ့ပြီး အိမ်ခြေ(၄၉၄) လုံး၊ ဈေးဆိုင်(၁၉)ခန်းနှင့် တည်းခိုခန်း (၁)ခန်းတို့ ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။ထို့အပြင် မောင်တောမြို့ တည်ငြိမ် အေးချမ်းရေးနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံး ၀က်ဘ်ဆိုက်တွင် ဖော်ပြခဲ့ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း ရခိုင်ပြည်နယ်တွင် ဖြစ်ပျက်ပေါ်ခဲ့သော  ဆူပူအကြမ်းဖက်မှုများနှင့် ပတ်သက်ပြီး မဟာမိတ် တိုင်းရင်းသား ခေါင်းဆောင်များနှင့် တွေ့ဆုံကာ ကြေညာချက် တစ်စောင်ထုတ်ပြန်ခဲ့သည်။

ရခိုင်အမျိုးသား ကွန်ရက်ကလည်း ဇွန်လ ၉ ရက်နေ့ ရက်စွဲဖြင့် ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ကြေညာချက်တွင် အချက်လေးချက် ပါဝင်ပြီး ၎င်းတို့မှာ ပျောက်ဆုံးနေသော ရခိုင်လူမျိုးများကို အမြန်ဆုံး ရှာဖွေပေးပြီး အသေအပျောက် စာရင်းကို တိကျစွာ သတင်းထုတ်ပြန်ရန်၊ စားနပ်ရိက္ခာ၊ ရေ၊ ဆေးဝါးနှင့် လိုအပ်သော အသုံးအဆောင် ပစ္စည်းများကို အမြန်ဆုံး ကူညီပေးရန်၊ အစိုးရအနေဖြင့် ရခိုင်လူမျိုးတို့၏ အသက်၊ အိုးအိမ် စည်းစိမ်ကို လုံခြုံစိတ်ချ ရသည်အထိ ကာကွယ် စောင့်ရှောက်ပေးရန်နှင့် အကြမ်းဖက် ဘင်္ဂါလီများကို အမြန်ဆုံး ရှာဖွေပေးပြီး ဥပဒေကြောင်းအရ ထိရောက်စွာ အမြန်ဆုံး အရေးယူ ဆောင်ရွက်ပေးရန်တို့ ပါဝင်ကြောင်း သိရသည်။

တပ်မတော်(ရေ)မှ စစ်ရေယာဉ်အချို့ မောင်တောမြို့နယ် အနောက်ဘက် မြန်မာ့ရေပြင် ပိုင်နက် မှတစ်ဆင့် မသမာသူများ ၀င်ရောက်လာခြင်း မရှိရေးအတွက် ယနေ့ နံနက်ပိုင်းမှ စတင်ပြီး ကင်းလှည့် လုံခြုံရေး ဆောင်ရွက်လျက် ရှိနေကြောင်း နိုင်ငံပိုင်မီဒီယာများ၏ မွန်းလွဲပိုင်း သတင်း အစီအစဉ်တွင် ထည့်သွင်း ကြေညာခဲ့ပြီး နိုင်ငံတော် သမ္မတအနေဖြင့် ရခိုင်ပြည်နယ် အတွင်း ဖြစ်ပေါ်နေသော မငြိမ်သက်မှုများနှင့် ပတ်သက်ပြီး မိန့်ခွန်းပြောကြားမည့် အစီအစဉ် မရှိကြောင်းနှင့် ရခိုင်ပြည်နယ်အတွင်း ယမန်နေ့က ဖြစ်ပွားခဲ့သော ဆူပူအကြမ်းဖက်မှုများကို အုပ်ချုပ်ရေး လုပ်ထုံးလုပ်နည်းများဖြင့် ဖြေရှင်းဆောင်ရွက်ခဲ့ရာ အခြေအနေများ မူလအတိုင်း ပြန်လည်တည်ငြိမ် အေးချမ်းနေပြီဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ အရာရှိက ၎င်း၏ facebook စာမျက်နှာတွင် ရေးသားခဲ့ပါသည်။ ၎င်းက သက်ဆိုင်ရာ ပြည်ထောင်စု ၀န်ကြီးများ၊ တပ်မတော် အရာရှိကြီးများ၊ ဒုတိယ ၀န်ကြီးများ မောင်တောသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း Facebook စာမျက်နှာ မှတစ်ဆင့် သတင်း ထုတ်ပြန်ခဲ့ပါသည်။

ရခိုင်ပြည်နယ်တွင် ပေါ်ပေါက်နေသော အကြမ်းဖက် မှုများအတွက် ရန်ကုန်မြို့ ရွှေတိဂုံဘုရား အရှေ့ဖက်မုခ်ရှိ ဓည၀တီ သာသနာပြု ကျောင်းတိုက်တွင် ရခိုင်လူမျိုးဦးရေ ၃၀၀ ၀န်းကျင်ခန့် စုဝေးပြီး "ရခိုင်ပြည်ကို ကာကွယ်ပါ"၊ "တစ်မျိုးသားလုံးကို ကာကွယ်ပါ" စာတန်းများ ကိုင်ဆောင်ပြီး ရွှေတိဂုံ ဘုရားရင်ပြင်ပေါ်သို့ တက်ရောက်ပြီး ၀တ်ပြုဆုတောင်း ခဲ့ကြသည်။

မောင်တောဖြစ်စဉ်နှင့် ပတ်သက်ပြီး နိုင်ငံတကာမှ သတင်းအမှန်များကို သိရှိစေရန်အတွက် Eleven Media Group အနေဖြင့် ထိုင်းနိုင်ငံရှိ The Nation Media Group မှတစ်ဆင့်
Asia News Network (ANN) သို့ သတင်း ပေးပို့ခဲ့သည်။ ANN အာရှ ဒေသတွင်း (၁၈)နိုင်ငံတွင် သတင်းစာ (၂၁)စောင်ဖြင့် ဖွဲ့စည်းထားသော နိုင်ငံတကာ သတင်းကွန်ရက် တစ်ခုဖြစ်ပါသည်။ ထို့အပြင် Eleven Media Group အနေဖြင့် ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်များနှင့် ပတ်သက်ပြီး သဘောထား ထုတ်ပြန်ချက် တစ်ရပ်ကိုလည်း ထုတ်ပြန်ခဲ့သည်။

ဇွန်လ ၉ ရက်နေ့အထိ ရရှိသော သတင်းများတွင် ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီ ရိုဟင်ဂျာတို့၏ အကြမ်းဖက် တိုက်ခိုက်မှုများ ရပ်တန့်သွားခြင်း မရှိသေးကြောင်း သိရပြီး ပြည်နယ်မြို့တော် စစ်တွေအထိ မငြိမ်သက်မှုများ ရှိနေသည်ဟု သိရသည်။ ဘူးသီးတောင် မြို့နယ်တွင် သပိတ်တောင် ကျေးရွာနှင့် ကင်းမချောင်း ကျေးရွာများမှ ရခိုင်လူမျိုးများသည် ရွာကို စွန့်ခွာ၍ ဘူးသီးတောင်မြို့သို့ လာရောက် ခိုလှုံနေရကြောင်း ဘူးသီးတောင် မြို့ခံတစ်ဦးက ပြောကြားချက်အရ သိရပြီး ဘူးသီးတောင် မြို့ထဲတွင် ရဲနှင့် လုံထိန်း တပ်ဖွဲ့ဝင်များက ကင်းလှည့်နေပြီး စစ်တပ်က မြို့၏ အချက်အချာ ကျသောနေရာများတွင် လုံခြုံရေး ယူထားကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

စစ်တွေမြို့ပေါ်တွင် ဇွန်လ ၉ ရက်နေ့ ညပိုင်းက မင်းဂံရပ် အကွက် ၁၅ ရှိ ရခိုင်တိုင်းရင်းသား နေအိမ်များကို ဘင်္ဂါလီများ ရိုဟင်ဂျာများက ည ၇နာရီကျော်ခန့် အချိန်တွင် မီးရှို့ခဲ့ခြင်းကြောင့် နေအိမ် သုံးလုံး မီးလောင်ကျွမ်းခဲ့သည့် ဖြစ်စဉ်မှအပ အခြေအနေများ ပြန်လည် ငြိမ်သက်သွားခဲ့ကြောင်း သိရပြီး မောင်တောမြို့တွင်လည်း အခြေအနေ ငြိမ်သက်နေကြောင်း၊ ပုဒ်မ ၁၄၄ (ညမထွက်ရအမိန့်) ထုတ်ထားသည့်အတွက် အသွားအလာမရှိဘဲ ငြိမ်သက်နေခြင်း ဖြစ်ကြောင်း မောင်တော ဒေသခံများ၏ ပြောကြားချက် အရ သိရသည်။ ကယ်ဆယ်ရေး စခန်းများတွင် လာရောက် ခိုလှုံသူများ ညနေပိုင်းတွင် ထပ်မံ ရောက်ရှိလာကြောင်း သိရသည်။

ယခုကဲ့သို့ ရခိုင်ပြည်နယ်အတွင်း မငြိမ်သက်မှုများနှင့် ပတ်သက်ပြီး မောင်တောမြို့ခံတစ်ဦးက "မနေ့က ဖြစ်စဉ်မှာ မောင်တောမြို့ထဲက ဗလီမှာ ဘင်္ဂါလီ ရိုဟင်ဂျာတွေ စုဝေးကြတယ်။ အဲ့ဒီအချိန်မှာပဲ သက်ဆိုင်ရာက ကျောင်းတွေ၊ ရုံးတွေ၊ ဈေးဆိုင်တွေကို ပိတ်ထားဖို့ သက်ဆိုင်ရာက ပြောခဲ့တယ်။ လုံခြုံရေး တာဝန်ရှိသူတွေက ဘင်္ဂါလီအုပ်စုကို သွားရောက် ဟန့်တားခဲ့ပါတယ်။ ဒါပေမယ့် လူစုမကွဲဘဲ မွန်းလွဲပိုင်းမှာ အိမ်တွေကိုစပြီး ဖျက်ဆီးတာ မီးရှို့တာတွေ လုပ်လာတယ်။ လူအင်အားက ထောင်ကျော်ရှိတယ်။ သူတို့က လေးတန်း၊ ငါးတန်းအရွယ် ကလေးတွေကို ရှေ့တင်ထားပြီး မြှောက်ပေးပြီး လူအုပ်စုလိုက် လိုက်ဖျက်ဆီးကြတာ။ ဒီကိစ္စမှာ ဖြစ်စဉ် အမှန်တွေကို သတင်းမှန်တွေအဖြစ် အချိန်မီ အားလုံးသိရှိရအောင် ဖော်ထုတ်ပေးကြပါ။ မောင်တောမှာရှိတဲ့ ဒေသခံရခိုင်တွေရဲ့ ဘ၀လုံခြုံမှုကို ဒီဘင်္ဂါလီ ရိုဟင်ဂျာတွေက လာထိပါးတာပါ။ အခု ကျွန်တော့်ကို မေးသလို စစ်တပ်က ပစ်ပြီလား၊ ရဲတွေက ပစ်ခတ် နှိမ်နင်းနေတာလား ဆိုတာကို ဖြေရရင် ကျွန်တော်သိသလောက် စစ်တပ်က အခြေအနေဆိုးရွားလွန်းလို့ ရောက်လာတာ။ ပစ်တာခတ်တာ မရှိဘူး။ ရဲကလည်း မနေ့က လူအုပ်စုခွဲဖို့ ခြောက်လှန့်ပစ်တာ ကလွဲလို့ တခြားပစ်ခတ် နှိမ်နင်းတာမျိုး လုပ်တယ်လို့ မကြားပါဘူး။ အခုတော့ လုံခြုံရေးအတွက် တာဝန်ရှိသူတွေ လုပ်ဆောင်နေပြီလို့ သိရပါတယ်"ဟု ဖြစ်စဉ်ကို ကိုယ်တွေ့ ကြုံတွေ့ခဲ့ရသူ ဒေသခံတစ်ဦးက Eleven Media Group မှ ဖုန်းဖြင့် မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။

ယခုမောင်တောဖြစ်စဉ်မှာ တရား ဥပဒေစိုးမိုးမှုကို မထီမဲ့မြင်ပြုမှုဖြစ်ပြီး ဤအဖြစ်အပျက်၏ နောက်တွင် အကြောင်းအရာများ ရှိနိုင်သည်ဟု သုံးသပ်မှုများ ရှိနေပြီး လူစုလူဝေးဖြင့် အကြမ်းဖက်မှု ကျူးလွန်ခဲ့သူ ရာပေါင်းများစွာအား ရှာဖွေဖော်ထုတ်ပြီး တရားဥပဒေအရ အပြစ်ပေး အရေးယူသွားရန် လေ့လာသူများက တိုက်တွန်းခဲ့ကြသည်။
ရခိုင်ပြည်နယ်အတွင်း မငြိမ်သက်မှုများမှာ ရမ်းဗြဲမြို့နယ် ကျောက်နီမော် ကျေးရွာအုပ်စု သပြေချောင်းကျေးရွာမှ မသီတာထွေးသည် မေလ ၂၈ ရက်နေ့က အဓမ္မပြုကျင့်ခံရပြီး ပစ္စည်းများ လုယူသတ်ဖြတ်ခံရမှု ဖြစ်စဉ် ဖြစ်ပေါ်ပြီးနောက် ဆက်လက် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။ 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။