Sunday, June 10, 2012

၂၀၁၁-၁၂ ပညာသင်နှစ်၏ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းများကို စာစစ်ဌာနအသီးသီးမှ ထုတ်ပြန် မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပျမ်းမျှအောင်ချက် ရာခိုင်နှုန်း ၃၀ ကျော်ခန့်ရှိကြောင်း သိရ



7364
အထက(၂) တောင်ဥက္ကလာပကျောင်းတွင် နံနက် ၃ နာရီဝန်းကျင်က အောင်စာရင်း လာရောက်ကြည့်ရှုသူများကို တွေ့ရစဉ်
၂၀၁၁-၁၂ ပညာသင်နှစ်၏  အခြေခံပညာ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းများမှာ၂၀၁၂ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် ထွက်ရှိခဲ့ပြီး ယခင်နှစ်ကကဲ့သို့ပင် စနေနေ့၌ ထုတ်ပြန်ကြေငြာခဲ့ပါသည်။
ယခင်နှစ်၂၀၁၀-၁၁ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းများကို ဇွန်လ (၄)ရက်နေ့တွင် ထွက်ရှိခဲ့ခြင်းဖြစ်ရာ ယခုနှစ်၏ထုတ်ပြန်ကြေငြာချက်မှာ ယခင်နှစ်
ထုတ်ပြန်ကြေငြာသည့်ရက် ထက် ငါးရက် နောက်ကျ၍ထွက်ရှိခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများ၏ အောင်ချက်ရာခိုင်နှုန်းမှာ တစ်နိုင်ငံလုံး အတိုင်းအတာအရ လွန်ခဲ့သည့် ဆယ်စုနှစ် ငါးစုတာကာလ မတိုင်မီအချိန်နှင့် နှိုင်းယှဉ်ပါက အောင်ချက်ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း သိရသည်။
အောင်မြင်မှုရာခိုင်နှုန်းမှာလည်း ကျေးလက်ဒေသများထက် ပြည်နယ်နှင့် တိုင်းဒေသအသီးသီးရှိ မြို့လယ် ကျောင်းများမှ အောင်မြင်သူဦးရေ ပိုများကြောင်း ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးရှိ တက္ကသိုလ်ဝင်တန်း နည်းပြဆရာများထံမှ သိရှိရသည်။
“ကျေးလက်နဲ့မြို့လယ်ဒေသတွေနဲ့ယှဉ်ရင် အောင်ချက်ရာနှုန်းက မြို့လယ်ဒေသတွေက ပိုများတယ်။ ဂုဏ်ထူးထွက်နှုန်းက မြို့ပြကကျောင်းတွေက ပိုတယ်။ ရန်ကင်းတီတီစီတို့လို၊ ဒဂုံ(၁)၊ လသာ(၂)တို့လို ကျောင်းတွေကဆို နှစ်စဉ်နှစ်တိုင်း အောင်ချက် ရာခိုင်နှုန်းတွေ ကောင်းသလို ဂုဏ်ထူးရှင်တွေလည်း များတယ်။ လိုအပ်တဲ့ သင်ထောက်ကူပစ္စည်းတွေလည်း စုံတယ်။ ကျေးလက်ဒေသက ကလေးတွေက ဒါမျိုးအခွင့်အရေး တွေလည်း ရရှိမှုနည်းတယ်။ ကိုယ့်အားကိုယ်ကိုးပြီး စာကျက်ရတာက ပိုများတယ်။ဒါ့ကြောင့်အောင်ချက် ရာခိုင်နှုန်းနဲ့ဂုဏ်ထူးထွက်နှုန်းတွေ ကမြို့ပြနဲ့ယှဉ်ရင် ကျေးလက်ကနည်းပါတယ်။ ဥာဏ်ရည်ဥာဏ်သွေး ကောင်းမွန်ပြီးပင်ကို ကြိုးစားချင် စိတ်ရှိသူတွေနဲ့ ငွေကြေးတတ်နိုင်ပြီး ၀ိုင်းကောင်းကောင်းမှာတတ်တဲ့သူတွေ လောက်ပဲနယ်ဘက်မှာ ဂုဏ်ထူးပါကြတာပါ”ဟု တောင်ကြီးတက္ကသိုလ် အငြိမ်းစားပါမောက္ခတစ်ဦးက သုံးသပ်ပြောပြခဲ့ပါသည်။
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အမည်ရကျောင်းများဖြစ်သည့် အထက(၁)ဒဂုံ၌ အောင်ချက်ရာခိုင်နှုန်း မှာ(၉၃.၂၉)ရာခိုင်နှုန်း ရှိခဲ့ပြီးဖြေဆိုသူ (၇၃၀)ဦးရှိသည့်အနက်(၆)ဘာသာ ဂုဏ်ထူးရှင်(၄၀)ဦး၊(၅)ဘာသာဂုဏ် ထူးရှင်(၉၃)ဦီး၊(၄)ဘာသာဂုဏ်ထူး ရှင်(၁၆၉)ဦး၊ (၃)ဘာသာ ဂုဏ်ထူးရှင်  (၈၀)ဦး၊(၂)ဘာသာဂုဏ်ထူးရှင်(၆၀) ဦး၊ (၁)ဘာသာဂုဏ်ထူးရှင်(၅၈)ဦး၊ စုစုပေါင်းဂုဏ်ထူး ရရှိသူဦးရေ(၅၀၀) ဦးထွက်ပေါ်ခဲ့ပြီး(၁၈၁)ဦး ရိုးရိုးအောင်မြင်ခဲ့ကြောင်း အထက(၁)ဒဂုံ၏ ကျောင်းအုပ်ဆရာကြီး ဒေါက်တာအောင်ကိုကို ကပြောပြခဲ့ပါသည်။
ကျောင်းသားအများစု ဂုဏ်ထူးရရှိမှု နည်းလေ့ရှိသည့် ဘာသာရပ်များမှာ ယေဘုယျအားဖြင့် မြန်မာစာနှင့်ဘောဂဗေဒ ဘာသာရပ်များဖြစ်ကြပြီး အင်္ဂလိပ်စာနှင့် သချာင်္ဘာသာရပ်များတွင် ကျရှုံးမှု အများဆုံးဖြစ်နေကြောင်း ကျောင်းသားများထံမှ စုံစမ်းသိရှိရသည်။
“ကျွန်တော်တို့တစ်ဖွဲ့လုံး စာမေးပွဲဖြေတုန်းက မြန်မာစာနဲ့သချာင်္မှာပဲ တော်တော်ထိသွားတာ။ ဒီဘာသာရပ် (၂)ခုနဲ့ပဲ ကျသွားတယ်လို့ ထင်တယ်။ ကျန်တဲ့ဘာသာတွေ အားလုံးကို ကျော်နိုင်တယ်”ဟု အထက(၄)မရမ်းကုန်း ၌ အောင်စာရင်း လာရောက်ကြည့်ရှုသူ ကျောင်းသားတစ်ဦးက ပြောပြခဲ့သည်။
တစ်နိုင်ငံလုံးအဆင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို အထက(၁)အင်းစိန်၊ အထက(၁)ရန်ကင်း၊ အထက(၃)ကမာရွတ်၊အထက(၁)လမ်းမတော်၊ အထက(၂)ဒဂုံနှင့်အထက(၁) သင်္ဃန်းကျွန်းစသည့်ကျောင်း(၆) ကျောင်းတွင် ကြေငြာထားပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျောင်းများတွင် ဖြေဆိုထားသူများအတွက် သက်ဆိုင်ရာကျောင်းများ တွင်လည်း ထုတ်ပြန် ကြေငြာထားကြောင်း သိရသည်။
ကျောင်းသားအချို့မှာမူ အောင်စာရင်းကြည့်ရှုရန်အတွက် အောင်စာရင်း ထွက်မည့်ရက် မတိုင်မီ ညဦးပိုင်း ကတည်းကပင် သက်ဆိုင်ရာကျောင်းများ အလိုက် သွားရောက် စောင့်ဆိုင်းမှုများလည်းရှိကြောင်း သိရှိရပါသည်။
“၁၀ တန်းစာမေးပွဲအောင်စာရင်း ထွက်မယ့်ရက်တွေက အပြင်မှာ ၃ ရက်နေ့မှာ ထွက်မယ်လို့ပဲ ကြားနေလို့ ဆရာတွေဆီမှာလိုက်ပြီး စုံစမ်းကြည့်တော့၉ ရက်နဲ့ ၁၀ရက်တစ်ရက်ရက် မှာထွက်မယ်လို့ ပြောတဲ့အတွက် ၈ ရက်နေ့ညကတည်းက တစ်ညလုံးမအိပ်နိုင်ဘဲ ရင်ခုန်ပြီး စောင့်နေခဲ့ရတာပါ။  သူငယ်ချင်းတွေဆို ညကတည်းက အောင်စာရင်းတွေ ကပ်မယ့်နေရာမှာ သွားစောင့်နေခဲ့ကြတာပါ။အားလုံး စိတ်တွေလောပြီး သွားစောင့်နေကြတာ။ တချို့အောင်ကြပေမယ့် တချို့ကတော့ သချာင်္နဲ့အင်္ဂလိပ်မှာ ထိသွားလို့ကျကြတယ်။ ကျွန်မလည်း မနက် အောင်စာရင်းကပ်လို့ ကိုယ့်နာမည်ပါပြီး ကိုယ်အောင်တော့မှပဲ စိတ်အေး သွားရတော့တယ်။ ဒါပေမယ့် ဂုဏ်ထူးတော့ မပါခဲ့ဘူး”ဟု မြောက်ဒဂုံမြို့နယ်မှ ကျောင်းသူတစ်ဦးက ပြောပြခဲ့ပါသည်။
ပုဂ္ဂလိကကျောင်းများတွင် တက်ရောက်ပြီး စာမေးပွဲဖြေဆိုသူ များမှာလည်း အစိုးရကျောင်းများတွင် တက်ရောက်ပြီးစာမေးပွဲဝင်ရောက် ဖြေဆိုသူများကဲ့သို့ပင် အောင်ချက်ရာခိုင်နှုန်းမြင့်မားကြောင်း သိရှိရပါသည်။
“စာရင်းအားလုံးတော့ မချုပ်ရသေးပါဘူး၊ ဒါပေမယ့် အခုလက်ရှိ အနေအထားအရတော့ အောင်ချက် (၇၂)ရာခိုင်နှုန်းကျော်နေပါပြီ။ ဂုဏ်ထူးရှင်တွေလည်း များပါတယ်”ဟု ဦးသန်းစိန်(သချာင်္)မှပြောပြခဲ့ပါသည်။
နှစ်စဉ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဝင်ရောက်ဖြေဆိုသူ ကျား၊မဦးရေ စုစုပေါင်းခြောက်သိန်းကျော် ရှိပြီး မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအရ နှစ်စဉ်အောင်မြင်မှုရာခိုင်နှုန်းမှာ (၃၀)ကျော်လေ့ ရှိကာ၂၀၁၂ ခုနှစ် အတွက် ရန်ကုန်တိုင်းဒေသကြီး၏ အောင်ချက် ရာခိုင်နှုန်းမှာ(၃၃.၇၀) ရှိကြောင်း သိရှိရပါသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။