Sunday, June 10, 2012

အဂတိလိုက်စားမှု တားမြစ်ရေးဥပဒေ(မူကြမ်း)ကို ရေးဆွဲပြီး လွှတ်တော်သို့ အဆိုပြုတင်သွင်းသွားမည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဦးသိန်းညွန့်နှင့် မေးမြန်းခြင်း

ယနေ့ ကမ္ဘာအနှံ့အပြားရှိ နိုင်ငံများ၌ ပြောင်းလဲနေသည့် ခေတ်စနစ်နှင့် အညီ အုပ်ချုပ်ရေးယန္တရား အသီးသီးတွင် အကျင့်ပျက်ခြစားမှုများ ရှိနေကြောင်း သိရှိရသည်။ အထူးသဖြင့် မြန်မာနိုင်ငံနှင့် အနီးကပ်ဆုံး အင်အားကြီး စီးပွားရေးနိုင်ငံများဖြစ်သည့် တရုတ်နှင့် အိန္ဒိယနိုင်ငံများ၊အချို့သော အာဆီယံနိုင်ငံများ၊ မြန်မာနိုင်ငံနှင့် အလှမ်းဝေးသည့် နိုင်ငံအသီးသီးတွင် အကျင့်ပျက်ခြစားနေမှုများအား တိုက်ဖျက်နေကြရသည်။ ထိုနည်းတူ မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် အမြစ်တွယ်နေသည့် အဂတိလိုက်စားမှုဆိုသည့် အမျိုးသားရေး စိန်ခေါ်မှုကြီးသည် ခေတ်စနစ်နှင့်အတူ ပေါက်ဖွား ရှင်သန်လာခြင်းအပေါ် ခေတ်ပြောင်းကာလတွင် စိတ်ဓာတ်၊ ခံယူချက်၊ ကျင့်ဝတ်၊ ပြန်လည်စောင့်ကြည့်ရေး၊ တရားဥပဒေ၊ အရေးယူခြင်းစသည့် အချက်များနှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ သို့သော် ယခင်ထွက်ရှိပြီးဖြစ်သော အဂတိလိုက်စားမှုနှင့် ပတ်သက်သည့် ဥပဒေများနှင့် အရေးယူမှုများမှာ ထိရောက်စွာ ဆောင်ရွက်နိုင်ခြင်း မရှိသည့်အတွက် ပို၍ ထိရောက်ပြည့်စုံစွာ ဆောင်ရွက်သွားနိုင်ရန် ရည်ရွယ် ၍ အဂတိလိုက်စားမှု တားမြစ်ရေးဥပဒေ(မူကြမ်း)အား ရေးဆွဲပြုစုလျက်ရှိသည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တစ်ဦး ဖြစ်သူ ဦးသိန်းညွန့်နှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြအပ်ပါသည်။
7369

အဂတိလိုက်စားမှုတွေ ရှိနေဦးမယ်ဆိုရင် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု၊ စီးပွား ရေးပြုပြင်ပြောင်းလဲမှုတွေက အောင်မြင်နိုင်မှာ မဟုတ်ဘူး။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေလည်း ၀င်လာဖို့ ခက်သလို နိုင်ငံသားတွေအနေနဲ့လည်း အခွင့်အရေး အပြည့်အ၀ရရှိနိုင်မှာ မဟုတ်ဘူး။ လာဘ်ပေးမှ ရမယ်ဆိုပြီး အကျင့်ပျက် တိုင်းပြည်ဖြစ်သွားလိမ့်မယ်။
မေး - ဆရာ့အနေနဲ့ ဒီဥပဒေမူကြမ်း ကို ရေးဆွဲဖို့အတွက် ပြင်ဆင်ရတဲ့ အပိုင်းကို သိချင်ပါတယ်။
ဖြေ - မြန်မာနိုင်ငံမှာ အဂတိလိုက်စားမှုနဲ့ ပတ်သက်တဲ့ ဥပဒေတွေ၊ ပြစ်မှု၊ ပြစ်ဒဏ်တွေကို အရင်ကတည်းက ထုတ်ပြန်ထားပြီးသား ဖြစ်ပါတယ်။ အခုအချိန်မှာ အရင်ဥပဒေတွေနဲ့တင် လုံလောက်မှု မရှိတော့တဲ့အတွက် ဆရာ့အနေနဲ့ အဂတိလိုက်စားမှုနဲ့ ပတ်သက်ပြီး ပိုမိုထိရောက်မှုရှိရှိ တိုက်ဖျက်အရေးယူနိုင်အောင်လို့ ထပ်မံရေး ဆွဲခဲ့ရခြင်း ဖြစ်ပါတယ်။
မေး - ရေးဆွဲတဲ့နေရာမှာ ဆရာ့အနေနဲ့ ဘယ်လိုအချက်တွေကို အခြေခံပြီး ရေးဆွဲခဲ့တယ်ဆိုတာ သိချင်ပါတယ်။
ဖြေ - ဒီဥပဒေမူကြမ်းကို စင်ကာပူနိုင်ငံနဲ့ အင်ဒိုနီးရှားနိုင်ငံတွေရဲ့ ဥပဒေတွေကို အခြေခံပြီး ပြုစုရေးသားခဲ့ပါတယ်။ စင်ကာပူနိုင်ငံက ဥပဒေကို အခြေခံပြီး အင်ဒိုနီးရှားနိုင်ငံရဲ့အဂတိ လိုက်စားမှုနဲ့ ပတ်သက်ပြီး အရေးယူတဲ့အတွေ့အကြုံတွေ လက်ရှိမြန်မာ နိုင်ငံမှာရှိတဲ့ အတွေ့အကြုံတွေနဲ့ ရေးသားခဲ့ပါတယ်။
မေး - အခုလက်ရှိမှာ မြန်မာနိုင်ငံ အနေနဲ့ အဂတိလိုက်စားမှုနဲ့ ပတ်သက်ပြီး နိုင်ငံတကာနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ဘယ်လိုအနေအထားမျိုး ရှိနေလဲဆိုတာကို သိချင်ပါတယ်။
ဖြေ - ဒီနေ့အာရှတိုက်မှာဆိုရင် အဂတိလိုက်စားမှု အနည်းဆုံး ၁၀ နိုင်ငံစာရင်းမှာ စင်ကာပူနိုင်ငံက ပါဝင်လာ တာတွေ့ရပါတယ်။ မြန်မာနိုင်ငံအနေနဲ့ကတော့ တရားဥပဒေစိုးမိုးမှု အနည်း ဆုံး ၁၀ နိုင်ငံစာရင်းမှာ ပါဝင်နေတာ ကို လေ့လာတွေ့ရှိရပါတယ်။
မေး - ဆရာ့အနေနဲ့ အခုလိုဥပဒေ ကြမ်းအသစ်ရေးဆွဲပြီး လွှတ်တော်မှာ တင်ပြဖို့ ဆောင်ရွက်နေတဲ့ အဓိက ရည်ရွယ်ချက်ကို ပြောပြပေးပါ။
ဖြေ - ၁၉၄၈ ခုနှစ်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အက်ဥပဒေကို ပြဋ္ဌာန်း ခဲ့တယ်။ ပြီးတော့ ၁၉၈၆ ပြည်သူ့ လွှတ်တော် ဥပဒေ ၃ မှာလည်း တရားမ၀င်သော နည်းလမ်းဖြင့် ရရှိသော ပစ္စည်းများအား ပိုင်ဆိုင်ခြင်း၊ ရောင်းဝယ်ခြင်းကို အရေးယူသည့်ဥပဒေ၊ တရားမ၀င်သော နည်းလမ်းများဖြင့် ရရှိသည့် ငွေကြေးနှင့်ပစ္စည်းများ ထိန်းချုပ်ရေးဥပဒေတွေကို ပြဋ္ဌာန်းထားပေမယ့် အခုအချိန်အထိ ထိထိရောက်ရောက် သက်ရောက်မှု လုံးဝမရှိသေး တဲ့အတွက် ဒီထက်ပိုပြီး ပြည့်စုံတဲ့ ဥပဒေကြမ်းကို ရေးဆွဲဖို့ ဆောင်ရွက်ခဲ့တာပါ။
မေး - ဆရာ့အနေနဲ့ ဒီဥပဒေကြမ်းကို ဘယ်အချိန်မှာ တင်သွင်းအဆိုပြုသွားမလဲဆိုတာ သိချင်ပါတယ်။
ဖြေ - ဒီအကြမ်းကို ဘက်ပေါင်းစုံက ပညာရှင်တွေနဲ့ ပြန်လည်ဆွေးနွေး သုံးသပ်ပြီး လာမယ့်စ တုတ္ထအကြိမ် မြောက် လွှတ်တော်မှာ အဆိုပြုတင်သွင်းသွားပါမယ်။
မေး - အခုရေးဆွဲနေတဲ့ ဥပဒေမူ ကြမ်းကို အခန်းဘယ်နှစ်ခန်းနဲ့ ပြုစုထားပြီး ဘယ်လိုထိရောက်တဲ့ အချက်တွေကို ထည့်သွင်းထားလဲဆိုတာ သိချင်ပါတယ်။
ဖြေ - ဥပဒေမူကြမ်းကို အခန်း ၁၀ ခန်းနဲ့ ပြုစုထားပါတယ်။ ဒီအထဲမှာ အဓိကကတော့ ပြစ်ဒဏ်ချမှတ်မှု အပိုင်းပေါ့။ နောက်ပြီး တာဝန်ထမ်းဆောင်နေတဲ့ ဌာနဆိုင်ရာ အကြီးအကဲတစ်ယောက်က ချမ်းသာလာတယ်၊ ပစ္စည်း ဥစ္စာတွေ ပေါများနေတယ်ဆိုရင် ဘယ်လိုနည်းလမ်းနဲ့ ချမ်းသာလာတယ်ဆိုတာကို အသေးစိတ်ပြန်လည် ရှင်းပြပေးရမယ့် အချက်တွေ ပါတယ်။ အခု အများစုလုပ်နေကြအတိုင်း ဖြစ်တဲ့ အမွေရထားလို့ဆိုတဲ့ အချက်လောက်နဲ့တော့ မပြည့်စုံတော့ဘူး။ ဒီဌာန တစ်ခု၊ ဒီလူတစ်ယောက်ကို အဂတိ လိုက်စားမှုနဲ့ ပတ်သက်ပြီး တိုင်ကြားလာမှုတွေ ရှိတဲ့အခါ သူရဲ့ပိုင်ဆိုင်မှုတွေ နဲ့ ပတ်သက်ပြီး ရှင်းလင်းဖော်ပြရမယ့် အချက်တွေလည်း ထည့်သွင်းထားတယ်။ ပြီးတော့ ဒီလိုမျိုး အဂတိလိုက်စားမှုနဲ့ ပတ်သက်ပြီး တိုင်ကြားတဲ့သူ တွေရှိလာရင်လည်း အဲဒီတိုင်ကြားတဲ့သူတွေကို ပြန်လည်ကာကွယ်ပေး ရမယ့် အပိုင်းတွေကိုလည်း ထည့်သွင်းထားပါတယ်။ ဒီလိုကာကွယ်ပေးမှုတွေ မလုပ်ထားဘူးဆိုရင် တိုင်တဲ့သူကလည်း တိုင်မှာ မဟုတ်သလို အဂတိလိုက်စားမှု သံသရာကြီးကလည်း လည်ပတ်မြဲ လည်ပတ်နေဦးမှာ ပါပဲ။
မေး - အခုလိုမျိုးပြည်တွင်းမှာ အဂတိလိုက်စားမှုတွေကို ထိထိရောက်ရောက် ဟန့်တားမှုတွေ မလုပ်နိုင်ဘူး ဆိုရင် ဖြစ်လာမယ့် အခြေအနေကို ပြောပြပေးပါ။
ဖြေ - ထိထိရောက်ရောက် အရေးယူမှုတွေ ဟန့်တားမှုတွေမရှိဘူး၊ အပြစ်ပေးတာကလည်း လျော့နည်းနေတယ် ဆိုရင် မြန်မာနိုင်ငံမှာလာပြီး ရင်းနှီး မြှုပ်နှံကြမယ့် နိုင်ငံတကာက ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ စိုးရိမ်စရာ အခြေအနေတွေ ဖြစ်လာနိုင်တယ်။ ပြည်တွင်းမှာဆိုရင်လည်း နိုင်ငံသားတွေ ကိုပေးထားတဲ့ အခွင့်အရေးတွေ ရှိတယ်။ ဒါပေမယ့် အပြည့်အ၀လည်း မခံစားကြရဘူး။ အဲဒီအတွက် လာဘ်ငွေမပေးနိုင်ရင် ခံစားခွင့်က မရှိတော့သလို ဖြစ်နေတယ်။
မေး - အခုနှစ်ပိုင်းမှာ ဆရာ့ဆီကို လာပြီး တိုင်ကြားထားတဲ့ ဖြစ်စဉ်တွေထဲမှာ ဘယ်လိုအကြောင်းအရာတွေ က အများဆုံးလဲဆိုတာ ပြောပြပေးပါ။
ဖြေ - အခုနှစ်ပိုင်းမှာဆိုရင်တော့ တရားစီရင်ရေးစနစ် အားနည်းနေတယ်ဆိုတဲ့ အကြောင်းအရာတွေ တရားသူကြီးတွေရဲ့ မှန်ကန်မှုမရှိဘဲ ဘက်လိုက်ဆုံးဖြတ်စီရင်ခဲ့တဲ့ အကြောင်းအရာတွေ အများဆုံးပါဝင်ပါတယ်။
မေး - ဒီလိုမျိုး အဂတိလိုက်စားမှု တွေမရှိအောင်လို့ အဓိက ဆောင်ရွက်ရမယ့် အချက်တွေရှိရင်လည်း ပြောပြ ပေးပါ။
ဖြေ - အဓိက ကတော့ အောက်ခြေ ၀န်ထမ်းတွေပဲ။ အောက်ခြေ၀န်ထမ်း တွေရဲ့ လူမှုဘ၀ကိုမြှင့်တင်ပေးရမယ်။ လိုအပ်ချက်တွေကို ဖြည့်ဆည်းဆောင် ရွက်ပေးရပါမယ်။ ဒီလိုဆောင်ရွက်တဲ့ နေရာမှာလည်း စင်ကာပူနိုင်ငံရဲ့ နည်းစနစ်ကို အတုယူပြီး အောက်ခြေ ၀န်ထမ်းတွေကို အူမတောင့်အောင် ဖန်တီးပေးပြီး သီလစောင့်နိုင်အောင်လည်း လုပ်ပေးရမှာ ဖြစ်ပါတယ်။
မေး - အခုဆရာရေးဆွဲထားတဲ့ ဥပဒေ မူကြမ်းထဲမှာ ဘယ်လိုအချက်တွေကို အဂတိလိုက်စားတဲ့ အချက်တွေအဖြစ် သတ်မှတ်ထားလဲဆိုတာ သိချင်ပါတယ်။
ဖြေ - မူကြမ်းထဲမှာ တံစိုးနဲ့ပတ်သက်ပြီး အဓိကကတော့ ငွေကြေး၊  ဥစ္စာ ပစ္စည်းသာမက တာဝန်ကိုထိမ်ချန်တာ၊ တာဝန်ကိုမတရားသဖြင့် ထမ်းဆောင်တာ၊ မျက်နှာလိုက်တာ၊ လုပ်ပိုင်ခွင့် အာဏာရှိသော်လည်း မဆောင်ရွက် ပဲရှောင်တာ အဲဒီအချက်တွေကို ကျယ်ကျယ်ပြန့်ပြန့် ထည့်ထားတယ်။
မေး - ဆရာ့အနေနဲ့ အခုလက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အဂတိလိုက်စားမှုတွေနဲ့ ပတ်သက်ပြီး သုံးသပ်ပေးပါ။
ဖြေ - တိုင်းပြည်ရဲ့ရှေ့ဆက်ပြီးပြု ပြင်ပြောင်းလဲရေးတွေ လုပ်မယ်ဆိုရင် နောက်ပြန်လှည့်လို့မရဘူး။ အဂတိ လိုက်စားမှုက အကြီးမားဆုံးရန်သူပဲ။ အဂတိလိုက်စားမှုတွေ ရှိနေဦးမယ်ဆိုရင် နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေက အောင်မြင်နိုင်မှာ မဟုတ်ဘူး။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေလည်း ၀င်လာဖို့ ခက်သလို နိုင်ငံသားတွေအနေနဲ့လည်း အခွင့်အရေး အပြည့်အ၀ရရှိနိုင် မှာမဟုတ်ဘူး။ လာဘ်ပေးမှရမယ်ဆို ပြီး အကျင့်ပျက်တိုင်းပြည်ဖြစ်သွား လိမ့်မယ်။ နိုင်ငံကျဆုံးမယ့် ချောက်ထဲကို ရောက်သွားလိမ့်မယ်။ အဲဒီလို မဖြစ်အောင်အတွက် ဒီလိုတားမြစ်တဲ့ ဥပဒေတွေ ထွက်ရှိလာတဲ့အပေါ်မှာ အရေးယူမှုတွေ၊ တားမြစ်မှုတွေ အားလုံးကို တာဝန်ရှိရှိနဲ့ ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ အဲဒီလိုဆောင်ရွက်တဲ့နေရာမှာ ပိုပြီး တာဝန်ရှိတာက ဥပဒေပြုရေးမှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အုပ်ချုပ်ရေးမှာရှိတဲ့ ၀န်ကြီးဌာနတွေပါပဲ။ အမှားတစ်ခု ကျူးလွန်ရင် မှန်အောင်ပြင်ပေးတာ က တရားရေးစနစ်ပဲ။ အဲဒီလိုအ ရေးပါတဲ့တရားရေးစနစ်ကပြင်လို့မ ရဘဲ နစ်မွန်းနေရင် အမှန်ပြင်ပေးတဲ့ နေရာရှိတော့မှာ မဟုတ်ပါဘူး။ အဲဒါ ကြောင့် ဒီလိုတာဝန်ရှိတဲ့စနစ် နေရာ အသီးသီးမှာကျရောက်နေတဲ့သူတွေ အားလုံးက အဂတိလိုက်စားမှု တိုက်ဖျက်ရေးမှာ အားတက်သရော ပါဝင် ကြရမှာပဲဖြစ်ပါတယ်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။