Sunday, June 10, 2012

 စက်မှုဇုန်များရှိ စက်ရုံများအား ကဏ္ဍအလိုက်ခွဲခြားကာ ယာယီ အခြေခံလစာအား သတ်မှတ်သွားမည်ဟု သိရ

7365
လှိုင်သာယာစက်မှုဇုန် ကနောင်မင်းသားကြီး ခန်းမတွင် စက်ရုံလုပ်ငန်းရှင်များအား အလုပ်သမားရေးရာ ၀န်ကြီးဌာနမှ
တာဝန်ရှိသူတစ်ဦးက ယာယီအခြေခံလစာနှင့် ပတ်သက်၍ ညှိနှိုင်းမှုများ ပြုလုပ်နေသည်ကို တွေ့ရစဉ်

စက်မှုဇုန်များရှိ စက်ရုံများအား ကဏ္ဍအလိုက် ခွဲခြားကာ ယာယီ အခြေခံလစာအား သတ်မှတ်ပေး သွားမည်ဟု ဇွန်လ ၅ ရက်နေ့က လှိုင်သာယာစက်မှုဇုန်ရှိ ကနောင်မင်းသားကြီးခန်းမတွင် ပြုလုပ်ခဲ့သော ယာယီအခြေခံလစာ ညှိနှိုင်းဆွေးနွေးပွဲတွင် အလုပ်သမားရေးရာ ၀န်ကြီးဌာန ဒုဝန်ကြီးဦးမြင့်သိန်း၏ ပြောကြားချက်များအရ သိရှိရသည်။

စက်မှုဇုန်များရှိ စက်ရုံများအား  ကဏ္ဍအလိုက်ခွဲခြားကာ ယာယီအခြေခံလစာ သတ်မှတ်ပေးသွားမည် ဟုဆိုရာ၌ အထည်ချုပ်စက်ရုံ၊ ဖိနပ် စက်ရုံ၊ ဆံပင်တုစက်ရုံ၊ ဇာထိုးပန်း ထိုးစက်ရုံစသည့်စက်ရုံများအား ခွဲ ခြားကာ လုပ်ငန်းတူစက်ရုံပိုင်ရှင်များ အားခေါ်ယူ ဆွေးနွေးမှုများပြုလုပ်၍ ယာယီအခြေခံလစာအား သတ်မှတ် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယာယီအခြေခံလစာ သတ်မှတ်ညှိနှိုင်း ဆွေးနွေးပွဲသို့ ဌာနဆိုင်ရာ အရာရှိများ၊ စက်ရုံလုပ်ငန်းပိုင်ရှင်များ၊ စက်ရုံများ၏အလုပ်သမား ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။
ဆက်လက်၍ဒုဝန်ကြီးက စက်မှုဇုန်များအတွင်း ဆန္ဒပြလျက်ရှိသော စက်ရုံများနှင့် ညှိနှိုင်းအဆင်မပြေမှု များဖြစ်နေသော စက်ရုံများအား အဓိကထားဖြေရှင်းမည် ဖြစ်ကြောင်း၊ ကျန်ရှိနေသော စက်ရုံများအား စက်ရုံကဏ္ဍအလိုက် ယာယီအခြေခံလစာ အနေဖြင့် တိုးမြှင့်သတ်မှတ်ပေးရန် ညှိနှိုင်းဖြေရှင်း သွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
“အခုလွှတ်တော်မှာ အလုပ်သမားတွေရဲ့ အခြေခံလစာ မပြဋ္ဌာန်းနိုင် သေးတော့ ယာယီအခြေခံလစာကို ကျွန်တော်တို့က လုပ်ငန်းတူ လုပ်ငန်းရှင်တွေကို တွေ့ဆုံတယ်။ ပြီးတော့ အလုပ်သမားကိုယ်စားလှယ်တွေက သူတို့လိုချင်တဲ့ လုပ်ခလစာရယ် တခြား အချက်တွေရယ် တင်ပြတယ်။ ကျွန်တော်တို့က လုပ်ငန်းရှင်တွေနဲ့ ညှိနှိုင်းတယ်”ဟု အလုပ်သမားရေးရာ ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။
ဧရာဝတီ ဒေတာအထည်ချုပ် စက်ရုံမှ General  Manager ဦးစောဦးဦးက”လုပ်ခလစာမတိုးလို့ မဖြစ်တော့ဘူး။ ဒါကြောင့်သူဌေးကို လစာ အခြေအနေနဲ့ ပတ်သက်ပြီး နားလည်အောင် တင်ပြတယ်။ အလုပ်သင်နဲ့ တရားဝင် အလုပ်သမားကိုတော့ ခံစားပိုင်ခွင့်ခွဲခြားထားတယ်။ တာဝန်ရှိသူတွေက ယခုလွှတ်တော်မှာ အခြေခံလစာကို ပြဋ္ဌာန်းမယ်။ ဒါပေမယ့် မပြဋ္ဌာန်းနိုင်သေးခင် အချိန်မှာ ယာယီအခြေခံလစာကို စက်ရုံတူ လုပ်ငန်းပိုင်ရှင်တွေ ညှိနှိုင်းတယ်။ ထွက်လာတဲ့ ရလဒ်ကို တာဝန်ရှိသူတွေက အလုပ်သမားကိုယ်စားလှယ်တွေနဲ့ ထပ်ညှိနှိုင်းတယ်။ ပြီးတော့မှ အထည်ချုပ်စက်ရုံတွေရဲ့ ယာယီအခြေခံလစာ ပေါ်ထွက်လာတယ်”ဟု ပြောကြားခဲ့သည်။
ငွေကံ့ကော်အထည်ချုပ်စက်ရုံမှ အလုပ်သမား ကိုယ်စားလှယ်တစ်ဦးက “ကျွန်မတို့လည်း လမ်းမတွေပေါ်ထွက်ပြီး ဆန္ဒပြပြီး တောင်းတာထက် အခုလိုစနစ်ကျတဲ့ ညှိနှိုင်းတာတွေက ပိုကောင်းတယ်”ဟုပြောကြားသည်။
ဇွန်လ ၅ ရက်နေ့မှ ၈ ရက်နေ့ အထိ ယာယီအခြေခံလစာညှိနှိုင်း သတ်မှတ်ပြီးစီးသွားသောစက်ရုံ၁၃ ရုံမှာရာဝတီဒေတာ၊ ငွေကံကော်၊Hall mark၊ Asia fuji၊ costec၊ မြန်မာ CN –And၊ Gate Forever စသည့် အထည်ချုပ်စက်ရုံများ၊ တော်ဝင်မြန်မာ ဇာထိုးပန်းထိုးစက်ရုံများ၊ Hi-Mo ဆံပင်တုစက်ရုံ၊ ကမ္ဘာကျော် ပီနံအိတ် စက်ရုံ၊ E-square၊ စန္ဒီ၊ New-Way ဖိ နပ်စက်ရုံ စသည့်စက်ရုံတို့ ဖြစ်သည်။
စက်ရုံအလုပ်သမား အခြေခံလစာနှင့် အခြားတောင်းဆိုချက်များဖြစ်သော OT ကြေး၊ ရှားပါးစရိတ်၊ Day ကြေး၊ ထုတ်လုပ်မှုစရိတ်အပိုကြေး၊ စသည့်တောင်းဆိုထားသော အချက် များအား အဓိကထား ဖြေရှင်း ခဲ့ကြောင်း၊ ယခုအခါ ညှိနှိုင်းမှုပြီးများ ပြီးသွားသောစက်ရုံများတွင် အလုပ် သင်များမှာ တစ်လလျှင် ကျပ် ၆၀၀၀၀ ခန့် ရရှိမည်ဖြစ်ပြီး တရားဝင် အလုပ်သမားများမှာ ကျပ် ၈၀၀၀၀ ခန့် ရရှိမည်ဖြစ်ကြောင်း သိရှိရသည်။ “စက်ရုံအားလုံးဟာ သတ်မှတ်ထားတဲ့ ယာယီလစာကို သတ်မှတ်ထားတဲ့ အချိန်မှာတိကျစွာ ပေးဖို့လိုတယ်”ဟုအလုပ်သမား ဆန္ဒ ပြမှုများ၌ ဥပဒေရေးရာ ကူညီ ဆောင်ရွက်နေသူ ဦးဌေးက ပြောကြားသည်။ အနည်းဆုံးအခကြေး ငွေဥပဒေကိုရေးပြီးနေကြောင်း၊ လာမည့် လွှတ်တော်တွင် တင်ပြသွားမည် ဖြစ်ကြောင်း ဇွန်လ ၃ ရက်နေ့က CMP  လုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးနှင့် စိန်ခေါ်မှုစုပေါင်း ဆွေးနွေးပွဲ၌ အလုပ်သမားဝန်ကြီး ဦးအောင်မင်း က ပြောကြားခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။