ဇွန်လ ၉ ရက် နံနက် ၁၂ နာရီ ၃၀ မိနစ်
နိုင်ငံတော်သမ္မတက မိန့်ခွန်း ပြောကြားမည့် အစီအစဉ်မရှိကြောင်းနှင့် ရခိုင်ပြည်နယ်အတွင်း ယမန်နေ့က ဖြစ်ပွားခဲ့သော ဆူပူအကြမ်းဖက်မှုများကို အုပ်ချုပ်ရေး လုပ်ထုံးလုပ်နည်းများဖြင့် ဖြေရှင်းဆောင်ရွက်ခဲ့ရာ ယနေ့နံနက်ပိုင်းမှစတင်၍ အခြေအနေ များ မူလအတိုင်း ပြန်လည်တည်ငြိမ်အေးချမ်းနေပြီ ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ အရာရှိက ၄င်း၏ facebook စာမျက်နှာတွင် ရေးသားခဲ့ပါသည်။
သက်ဆိုင်ရာ ပြည်ထောင်စု ၀န်ကြီးများ၊ တပ်မတော် အရာရှိကြီးများ၊ ဒုတိယ ၀န်ကြီးများ မောင်တောသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ အရာရှိက ၄င်း၏ facebook စာမျက်နှာတွင် သတင်းထုတ်ပြန်ခဲ့ပါသည်။ ဇွန်လ ၉ ရက် ၁၂ နာရီ ၄၅ မိနစ်
မောင်တောတွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်ကြောင့် ဒေသခံ ရခိုင်တိုင်းရင်းသားများ၏ နေအိမ်များ ဖျက်ဆီးခံရမှုထဲတွင် Eleven Media Group ၏ မောင်တောသတင်းထောက် ကိုဝင်းမောင်၏ နေအိမ်လည်း ဖျက်ဆီးခံခဲ့ရသည်။ ထို့အတွက် Eleven Media Group မှ ထောက်ပံ့ငွေ သိန်း ၂၀ ပေးအပ်မည်ဖြစ်ပြီး အဆိုပါဒေသတွင် ပျက်စီးဆုံးရှုံးခဲ့သော ဒေသခံ ရခိုင်တိုင်ရင်းသားများကို ကူညီရန်အတွက်လည်း အလှူငွေ ကျပ်သိန်း ၂၀ ကို သက်ဆိုင်ရာသို့ ပေးအပ်လှူဒါန်းသွားမည် ဖြစ်ပါသည်။ ယင်းဒေသအတွက် လှူဒါန်းလိုသူများ အနေဖြင့်လည်း သက်ဆိုင်ရာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။ဇွန်လ ၉ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်
ရခိုင်ပြည်နယ်တွင်း ဖြစ်စဉ်များ၏ အခြေအနေမှန် သတင်းမှန်များကို အချိန်နှင့်တစ်ပြေးညီ ရယူဖေါ်ပြသွားနိုင်ရန်အတွက် Eleven Media Group ရန်ကုန် ရုံးချုပ်မှ အကြီးတန်း သတင်းထောက်တစ်ဦးနှင့် သတင်းအဖွဲ့ကို ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားရာဒေသသို့ စေလွှတ်သွားမည်ဖြစ်ပါသည်။ ထို့အပြင် Eleven Media Group ၏ နယ်မြေခံသတင်းထောက်များနှင့် ချိတ်ဆက်ကာ သတင်းများရယူဖေါ်ပြသွားမည်ဖြစ်ပါသည်။
ယနေ့မွန်းလွဲ ၁၂ နာရီ မိနစ် ၃၀ အချိန်တွင် ကာကွယ်ရေးဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် တို့သည် မောင်တောမြို့သို့ ရောက်ရှိခဲ့ပြီး ဆေးရုံသို့ သွားရောက်ခဲ့ကြောင်း သိရပါသည်။ ထို့အပြင် ယမန်နေ့က ထိခိုက်ဒဏ်ရာရရှိခဲ့သော ဒေါက်တာခင်မောင်လတ်နှင့် ဒေါ်သန်းရီ အပါအ၀င် လူနာ လေးဦးကို စစ်တွေသို့ ပို့ဆောင်မည် ဖြစ်ကြောင်း သိရပါသည်။ဇွန်လ ၉ ရက် မွန်းလွဲ ၁ နာရီ ၄၀ မိနစ်
ပြန်ကြာရေးဝန်ကြီးဌာနမှ တရားဝင်ထုတ်ပြန်ခဲ့သော စာရင်းများအရ ယမန်နေ့က ဖြစ်ပွားခဲ့သော မောင်တောဖြစ်စဉ်၌ သေဆုံးသူ (၇)ဦး၊ ဒဏ်ရာရရှိသူ (၁၇)ဦး ရှိခဲ့ပြီး အိမ်ခြေ (၄၉၄)လုံး၊ ဈေးဆိုင် (၁၉)ခန်းနှင့် တည်းခိုခန်း (၁)ခန်းတို့ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရပါသည်။ဇွန်လ ၉ ရက် မွန်းလွဲ ၁ နာရီ ၅၀ မိနစ်
ယနေ့မွန်းလွဲပိုင်းက နိုင်ငံပိုင်မီဒီယာများမှ တစ်ဆင့် ထုတ်ပြန်ခဲ့သော သတင်းတွင် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော ဆူပူအကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် နေအိမ်များ မီးလောင်ဆုံးရှုံးခဲ့ပြီး လတ်တလော ဒုက္ခရောက်နေကြသည့် ဒေသခံပြည်သူများအတွက် မောင်တောမြို့တွင် ပရဟိတကျောင်း၊ အောင်မြေဗောဓိကျောင်း၊ ဗဟိုကျောင်းတို့၌ ကယ်ဆယ်ရေးစခန်းသုံးခုဖွင့်လှစ်ပြီး ကူညီစောင့်ရှောက်မှုပေးလျက် ရှိကြောင်း၊ အဆိုပါ ကယ်ဆယ်ရေးစခန်းများ အတွက် လူမှုဝန်ထမ်းကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှ ထောက်ပံ့ရေးပစ္စည်း ၃.၃ တန်နှင့် ကာကွယ်ရေးဝန်ကြီးဌာနမှ ဘေထုပ် ၅၀ စုစုပေါင်း ၂တန်ကျော် ပေးပို့ခဲ့ပြီး ဖြစ်ကြောင်းနှင့် ထောက်ပံ့ရေးပစ္စည်းများ ဆက်လက်ပေးပို့သွားမည်ဖြစ်ကြောင်း၊ ထို့အပြင် ထိခိုက်ဒဏ်ရာရရှိသူများနှင့် ဒေသခံပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှုများအတွက် ကာကွယ်ရေးဝန်ကြီးဌာနမှ ဆေးဝန်ထမ်း ၃၂ ဦးနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ အဖွဲ့ဝင် ၁၀ ဦးပါ ဆေးကုသရေးအဖွဲ့တစ်ဖွဲ့တို့ ရောက်ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုများ စတင်ဆောင် ရွက်ပေးနေပြီဖြစ် ကြောင်း၊ မောင်တောမြို့၏ တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုအတွက် ဆက်လက်ထိန်းသိမ်းရန်နှင့် ဒေသခံပြည်သူများအား လိုအပ်သည့် ကူညီပံ့ပိုးစောင့်ရှောက်မှုများ ကြီးကြပ်ဆောင်ရွက်နိုင်ရန် အတွက် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး လှမင်း၊ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကိုကိုနိုင်၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဖုန်းဆွေတို့ ရောက်ရှိကွပ်ကဲလျက်ရှိကြောင်း ထုတ်ပြန်ခဲ့ပါသည်။ဇွန်လ ၉ ရက် မွန်းလွဲ ၂ နာရီ ၁၇ မိနစ်
မောင်တောမြို့ တည်ငြိမ်အေးချမ်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံး ၀က်ဘ်ဆိုက်တွင် သတင်းထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ အဖွဲ့တွင် အဖွဲ့ဝင် ၇ ဦးပါဝင်ပြီး ဦးအောင်ကြီး(နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေး ကွပ်ကဲမှု ဌာနချုပ်)က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ကာ ဒုတိယ ရဲမှူးကြီးမျိုးဝင်း (ခရိုင်ရဲတပ်ဖွဲ့မှူး၊ မောင်တောခရိုင်)၊ ဦးမြင့်သန်း (ခရိုင်ဥပဒေအရာရှိ၊ မောင်တောခရိုင်)၊ ဦးဝင်းစိန် (ခရိုင် လူဝင်မှုကြီးကြပ်ရေး ဦးစီးမှူး)၊ ဒေါက်တာကျော်မောင်မောင်သိန်း(ခရိုင်ဆရာဝန်ကြီး၊ မောင်တောခရိုင်)၊ ဦးအောင်သက်ရှည် (မြို့နယ်စည်ပင်သာယာရေး အုပ်ချုပ်ရေးမှူး၊ မောင်တောမြို့နယ်)၊ ဦးအောင်မြင့်စိုး (ခရိုင်အုပ်ချုပ်ရေးမှူး၊ မောင်တောခရိုင်)တို့က အဖွဲ့ဝင်အဖြစ် ဆောင်ရွက်မည်ဖြစ်သည်။ဇွန်လ ၉ ရက် မွန်းလွဲ ၂ နာရီ ၄၀ မိနစ်
ရခိုင်ပြည်အတွင်း ဖြစ်ပေါ်ခဲ့သော ဆူပူ အကြမ်းဖက်မှုများနှင့် ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် မဟာမိတ်တိုင်းရင်းသား ခေါင်းဆောင်များမှ သဘောထား ကြေညာချက်တစ်ရပ် ထုတ်ပြန်လိုက်ပါသည်။
ဇွန်လ ၉ ရက် ညနေ ၃ နာရီ ၇ မိနစ်
ဘူးသီးတောင်မြို့၏ လက်ရှိအခြေအနေမှာ အေးအေးဆေးဆေး ရှိနေဆဲဖြစ်ပြီး အဆိုပါမြို့နယ် ပြင်ပရှိ သပိတ်တောင်ကျေးရွာနှင့် ကင်းမချောင်းကျေးရွာများမှ ရခိုင်လူမျိုးများ ရွာကို စွန့်ခွာ၍ လှေ၊ ကားများဖြင့် ဘူးသီးတောင်မြို့သို့ လာရောက်ခိုလှုံနေကြောင်း ဘူးသီးတောင်မြို့ခံတစ်ဦးက ပြောကြားခဲ့သည်။ ထို့ပြင် ဘူးသီးတောင်မြို့ထဲတွင် ရဲနှင့် လုံထိန်းတပ်ဖွဲ့ဝင်များက ကင်းလှည့်နေပြီး စစ်တပ်က မြို့၏ အခြေအချက်ကျသောနေရာများတွင် လုံခြုံရေး ယူထားကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ဇွန်လ ၉ ရက် ညနေ ၃ နာရီ ၂၀ မိနစ်
စစ်တွေနှင့် မောင်တောတွင် ဖြစ်ပျက်နေသော ဖြစ်စဉ်များကြောင့် စစ်တွေမှ မောင်တောသို့ နေ့စဉ် ထွက်ခွာသည့်သင်္ဘောများ ဇွန်လ ၈ ရက်နေ့နှင့် ၉ ရက်နေ့များတွင် မထွက်ခွာနိုင်ခဲ့ကြောင်း သိရသည်။ဇွန်လ ၉ ရက် ညနေ ၃ နာရီ ၃၀ မိနစ်
ရန်ကုန်မြို့ ရွှေတိဂုံဘုရား အရှေ့ဖက်မုဒ်ရှိ ဓည၀တီသာသနာပြုကျောင်းတိုက်တွင် ရခိုင်လူမျိုးဦးရေ ၃၀၀ ၀န်းကျင်ခန့် စုဝေးပြီး လေးဦးတစ်တွဲနှုန်းဖြင့် 'ရခိုင်ပြည်ကို ကာကွယ်ပါ' ။ 'တစ်မျိုးသားလုံးကို ကာကွယ်ပါ' စာတမ်းများ ကိုင်ဆောင်ပြီး ရွှေတိဂုံဘုရားရင်ပြင်ပေါ်သို့ တက်ရောက်နေပြီဖြစ်ကြောင်း သတင်းရရှိပါသည်။ဇွန်လ ၉ ရက် ညနေ ၃ နာရီ ၄၀ မိနစ်
တပ်မတော်(ရေ)မှ စစ်ရေယာဉ်အချို့မှာ မောင်တောမြို့နယ် အနောက်ဘက် မြန်မာ့ရေပြင်ပိုင်နက်မှ တစ်ဆင့် မသမာသူများ ၀င်ရောက်လာခြင်း မရှိရေးအတွက် ယနေ့နံနက်ပိုင်းမှ စတင်ပြီး ကင်းလှည့်လုံခြုံရေး ဆောင်ရွက်လျက်ရှိနေကြောင်း နိုင်ငံပိုင်မီဒီယာများ၏ မွန်းလွဲပိုင်း သတင်းအစီအစဉ်တွင် ထည့်သွင်း ကြေညာခဲ့ပါသည်။ဇွန်လ ၉ ရက် ညနေ ၃ နာရီ ၄၃ မိနစ်
မောင်တောမြို့နယ် တောင်ပိုင်းတွင် ရှိသော သရေကုန်းဘောင်နှင့် ရွာမသတ်ရွာများမှ ရခိုင်လူမျိုးများသည် ၎င်းတို့၏ ရွာများ မီးရှို့ဖျက်ဆီးခံရ၍ ထွက်ပြေးပြီး အာကာပျံတောင်ပေါ်သို့ မနေ့ညက ခိုလှုံခဲ့ကြောင်း၊ အရေအတွက်မှာ ၁၀၀ ၀န်းကျင်ခန့်ရှိကြောင်း၊ ယခုအခါ ၎င်းတို့အား ခေါ်ဆောင်ရန် ဘူးသီးတောင်မြို့မှ ရခိုင်သဟာယအဖွဲ့၊ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ၊ ရဲတပ်ဖွဲ့နှင့် တပ်မှ ပူးပေါင်းအဖွဲ့များသည် မြို့မှ ထွက်ခွာသွားပြီဖြစ်ကြောင်းနှင့်၎င်းတို့အား ဘူးသီးတောင်မြို့သို့ ခေါ်ဆောင်လာမည်ဖြစ်ကြောင်း သိရသည်။ဇွန်လ ၉ ရက် ညနေ ၃ နာရီ ၅၅ မိနစ်
ရွှေတိဂုံဘုရားတွင် ရခိုင်လူမျိုးဦးရေ ၃၀၀ ၀န်းကျင်ခန့် လေးဦးတစ်တွဲနှုန်းဖြင့် 'ရခိုင်ပြည်ကို ကာကွယ်ပါ' ။ 'တစ်မျိုးသားလုံးကို ကာကွယ်ပါ' စာတမ်းများ ကိုင်ဆောင်ပြီး ရွှေတိဂုံဘုရားရင်ပြင်ပေါ်တွင် လက်ယာရစ်လှည့်လည်နေကြောင်း သိရသည်။ဇွန်လ ၉ ရက် ညနေ ၄ နာရီ ၁၂ မိနစ်
ရွှေတိဂုံဘုရားတွင် ရခိုင်လူမျိုးဦးရေ ၃၀၀ ၀န်းကျင်ခန့်က လေးဦးတစ်တွဲနှုန်းဖြင့် 'ရခိုင်ပြည်ကို ကာကွယ်ပါ' ။ 'တစ်မျိုးသားလုံးကို ကာကွယ်ပါ' စာတမ်းများ ကိုင်ဆောင်ပြီး ရွှေတိဂုံဘုရားရင်ပြင်ပေါ်တွင် လက်ယာရစ်လှည့်လည်ပြီးနောက် ဗုဒ္ဓဟူးထောင့်တွင် ငါးမိနစ်ခန့် ငြိမ်သက်ကာ သေဆုံးသူများအတွက် မေတ္တာပို့အမျှဝေခဲ့ကြောင်း သိရသည်။ဇွန်လ ၉ ရက် ညနေ ၄ နာရီ ၂၆ မိနစ်
Eleven Media Group အနေဖြင့် မောင်တောဖြစ်စဉ်နှင့် ပတ်သက်ပြီး နိုင်ငံတကာမှ သတင်းအမှန်များကို သိရှိစေရန် ထိုင်းနိုင်ငံရှိ The Nation မှတစ်ဆင့် Asean News Network (ANN) သို့ သတင်းပေးပို့ခဲ့ရာ ယခုအခါ ANN တွင် ဖော်ပြလိုက်ပြီ ဖြစ်ပါသည်။ ANN သည် အာရှဒေသတွင်း (၁၈) နိုင်ငံမှာ သတင်းစာ အစောင် (၂၁) ဖြင့် ဖွဲ့စည်းထားသော နိုင်ငံတကာ သတင်းကွန်ယက်တစ်ခု ဖြစ်ပါသည်။ဇွန်လ ၉ ရက် ညနေ ၄ နာရီ ၄၀ မိနစ်
စစ်တွေ ဘုမေရပ်ကွက်မှ ဘင်္ဂါလီ လူ ၄၀၀ ခန့်မှာ စစ်တွေမြို့အတွင်း ၀င်ရောက်ရန် ကြိုးစားနေ သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှာ သေနတ်ပစ်ဖောက်ပြီး တားဆီးလျက်ရှိနေကြောင်း သိရပါသည်။ ၀င်ရောက်ရန် ကြိုးစားနေသည့် နေရာမှာ စစ်တွေတက္ကသိုလ်မှ ဆရာ/ဆရာမများ၏ ၀န်ထမ်းအိမ်ရာနှင့် နီးကပ်လျက်ရှိနေကြောင်းနှင့် ၀န်ထမ်းအိမ်ရာများမှ ဆရာ/ဆရာမများကို မြို့တွင်းသို့ ရွေ့ပြောင်း ပေးထားကြောင်း သိရပါသည်။ဇွန်လ ၉ ရက် ညနေ ၅ နာရီ
မောင်တောမြို့ပြင်ရှိ မီးရှို့ခံရသည့် ကျေးရွာအချို့မှ ရွာသူ/ရွာသားများကို စစ်တပ်အကူအညီဖြင့် မြို့တွင်းရှိ အောင်ဗောဓိကျောင်း ကယ်ဆယ်ရေးစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါ ရွာသူ/ရွာသားများမှာ သီရိကုန်းဘောင်၊ ကိုင်းကြီး၊ ကန်သာယာ၊ ခရေမြိုင်၊ မောရ၀တီ၊ ဗောဓိကုန်းအစရှိသော ကျေးရွာများမှ ဖြစ်ကြောင်း သိရပါသည်။ လက်ရှိအချိန်တွင် အောင်မြေဗောဓိ ကယ်ဆယ်ရေးစခန်းသို လူ ၄၀၀ ခန့် ရောက်ရှိနေကြောင်း သိရှိရပါသည်။ဇွန်လ ၉ ရက် ညနေ ၅ နာရီ ၀၇ မိနစ်
မောင်တောမြို့ပေါ်၌ ကယ်ဆယ်ရေးစခန်း သုံးခုဖွင့်လှစ်ထားပြီး ပရဟိတကျောင်း၊ အောင်မြေဗောဓိ ကျောင်းနှင့် ဗဟိုကျောင်းတို့ ဖြစ်ကြကြောင်း သိရပါသည်။
မောင်တောဖြစ်စဉ်နှင့် ပတ်သက်ပြီး သတင်းအမှန်များကို နိုင်ငံတကာမှ သိရှိစေရန် အတွက် Eleven Media Group မှပေးပို့ခဲ့သော သတင်းကို ထိုင်းနိုင်ငံ The Nation ၀က်ဘ်ဆိုက်တွင်လည်း ဖော်ပြခဲ့ပါသည်။ ထို့အပြင် အာရှဒေသတွင်း (၁၈) နိုင်ငံမှ သတင်းစာ အစောင် (၂၁) ဖြင့် ဖွဲ့စည်းထားသော ANN သတင်းကွန်ယက်တွင်လည်း မကြာသေးမီ အချိန်က ဖော်ပြလိုက်ပါသည်။ဇွန်လ ၉ ရက် ညနေ ၅ နာရီ ၅၂ မိနစ်
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ဖြစ်ရပ်များနှင့် ပတ်သက်ပြီး ရခိုင်အမျိုးသားကွန်ရက်မှ ဇွန်လ ၉ ရက်နေ့ရက်စွဲဖြင့် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါကြေညာချက်တွင် အချက်လေးချက်ပါဝင်ပြီး ၎င်းတို့မှာ ပျောက်ဆုံးနေသော ရခိုင်လူမျိုးများကို အမြန်ဆုံးရှာဖွေပေးပြီး အသေအပျောက်စာရင်းကို တိကျစွာ သတင်းထုတ်ပြန်ရန်၊ စားနပ်ရိက္ခာ၊ ရေ၊ ဆေးဝါးနှင့် လိုအပ်သော အသုံးအဆောင်ပစ္စည်းများကို အမြန်ဆုံး ကူညီပေးရန်၊ လက်ရှိအစိုးရအနေဖြင့် ရခိုင်လူမျိုးတို့၏ အသက်၊ အိုးအိမ်စည်းစိမ်ကို လုံခြုံစိတ်ချရသည်အထိ ကာကွယ်စောင့်ရှောက်ပေးရန်နှင့် အကြမ်းဖက်ဘင်္ဂါလီများကို အမြန်ဆုံးရှာဖွေပေးပြီး ဥပဒေကြောင်းအရ ထိရောက်စွာ အမြန်ဆုံးအရေးယူ ဆောင်ရွက်ပေးရန်တို့ဖြစ်ကြောင်း သိရသည်။ဇွန်လ ၉ ရက် ညနေ ၆ နာရီ ၁၈ မိနစ်
စစ်တွေမြို့တွင်း ၀င်ရောက်ရန်ကြိုးစားနေသော ဘင်ဂါလီ ရိုဟင်ဂျာ ၄၀၀ ခန့် သည် ယနေ့ ညနေ ၆ နာရီခန့်တွင် ၎င်းတို့နေထိုင်ရာသို့ ပြန်လည် ထွက်ခွာသွားကြောင်းနှင့် ဒေသခံ ၁၅၀ ခန့်က စောင့်ကြည့်ကာ လုံခြုံရေးတာဝန်ယူထားကြောင်း စစ်တွေမြို့မှ ဒေသခံတစ်ဦးက ပြောကြားသည်။ဇွန်လ ၉ ရက် ည ၇ နာရီ ၃၅ မိနစ်
စစ်တွေမြို့ မင်းဂံရပ် အကွက် ၁၅ ရှိ ရခိုင်တိုင်းရင်းသား နေအိမ်ကို ဘဂါင်္လီများက ည ၇နာရီ ကျော်ခန့် အချိန်တွင် မီးရှို့ခဲ့ပြီး နေအိမ် သုံးအိမ်လောင်ကျွမ်းခဲ့ကြောင်း စစ်တွေ ဒေသခံတစ်ဦးက ပြောကြားခဲ့ပါသည်။ဇွန်လ ၉ ရက် ည ၈ နာရီ ၂၅ မိနစ်
မောင်တောမြို့၏ ယနေ့ ညပိုင်း (ည ၈နာရီ) အခြေအနေမှာ ငြိမ်သက်နေကြောင်း၊ ပုဒ်မ ၁၄၄ (ညမထွက်ရအမိန့်) ထုတ်ထားသည့် အတွက် အသွားအလာ မရှိဘဲ ငြိမ်သက်နေခြင်း ဖြစ်ကြောင်း မောင်တော ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ ကယ်ဆယ်ရေး စခန်းများတွင် လာရောက် ခိုလှုံသူများ ညနေပိုင်းတွင် ထပ်မံ ရောက်ရှိလာကြောင်း သိရသည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။