Sunday, June 10, 2012

 ဥပဒေနှင့် မညီညွတ်ဘဲ အဂတိလိုက်စားကာ စီရင်ချက်ချမှတ်သည့် တရာသူကြီးများအား ထိရောက်စွာ အရေးယူနိုင်မည့် ဥပဒေမူကြမ်းကို လာမည့်ပြည်ထောင်စု လွှတ်တော်တွင် တင်သွင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီဥက္ကဋ္ဌ ပြောကြား

7361
ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီဥက္ကဋ္ဌ သူရဦးအောင်ကို အပါအ၀င်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအား တွေ့ရစဉ်
လက်ရှိကာလတွင် တည်ဆဲ ဥပဒေများ၌ ဥပဒေနှင့် မညီညွတ်သော အဂတိလိုက်စားပြီး စီရင်ချက်များကို ချမှတ်သည့် တရားသူကြီးများကို အရေးယူနိုင်မည့် ဥပဒေမျိုး သတ်သတ်မှတ်မှတ် ပြဋ္ဌာန်းထားခြင်း မရှိသေးသည့်အတွက် ထိုဥပဒေမျိုးကို လာမည့် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြပြဋ္ဌာန်းနိုင်ရန် စီစဉ် လျက်ရှိကြောင်း ပြည်သူ့လွှတ်တော်၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ ဥက္ကဋ္ဌ သူရဦးအောင်ကိုက ဇွန်လ၈ ရက်နေ့တွင် ပြောကြားခဲ့သည်။

ပြည်သူ့လွှတ်တော်၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ ဥက္ကဋ္ဌသူရဦးအောင်ကိုက “များသောအားဖြင့် တရားသူကြီးတွေ မှားယွင်းစီရင်ဆုံးဖြတ်တာကို အရေးယူဖို့အတွက် ကော်မတီအနေနဲ့ သဘောထား မှတ်ချက်ချတာကတော့ ၀တ္တရားကျေ သဘောဖြစ်နေပါတယ်။ တရားသူကြီး မဟုတ်တဲ့ ရှေ့နေတွေ တခြားသူတွေကိုတော့ အရေးယူတဲ့အဆင့်မျိုး တွေ့ရပါတယ်။ ပြီးခဲ့တဲ့ တတိယအကြိမ် လွှတ်တော်ပုံမှန် အစည်းအဝေးမှာလည်း ကျွန်တော် တရားစီရင်ရေးမဏ္ဍိုင် ဖြောင့်မတ်မှန်ကန်ရေး ဆိုပြီး အဆိုတင်ခဲ့ပါတယ်။ အဲဒါကို ကန့်ကွက်မဲ့သူမရှိ အတည်ပြုခဲ့ပါတယ်။ အဲဒါအတည်ဖြစ်ပြီးရင် ပြည်ထောင်စုလွှတ်တော်ကနေ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို ဒီအဆိုက အတည်ပြုခဲ့ပါပြီ။ ထို့ကြောင့် ဒါနဲ့ လိုက်လျောညီထွေရှိမယ့် ဥပဒေကြမ်းတစ်ရပ်ကို ရေးဆွဲပြီး ပြည်ထောင်စုလွှတ်တော်ကို တင်ပြဖို့ တာဝန်ပေးအပ်ရပါတယ်။ ပြည်ထောင်စုလွှတ်တော်ကလည်း အဲဒါကိုဆက်ပြီး စာထွက်တာ မတွေ့ရသေးပါဘူး။ အဲဒီတော့ လွှတ်တော်ကိုယ်စားလှယ် တော်တော်များများက အကြံပြုပါတယ်။ ပြည်ထောင်စု တရားလွှတ်တော်ကို ဒီဥပဒေကြမ်းရေးဆွဲစေမယ် ဆိုရင် အချိန်လွန်စွာ ကြန့်ကြာမယ်။ ပြည်သူတွေက အခု တရားစီရင်ရေး မဏ္ဍိုင်မှာ နစ်နာမှုတွေက များသထက် များနေပြီ။ ဒါကြောင့် တရားလွှတ်တော်ချုပ်က ရေးဆွဲရင်လည်း ရေးဆွဲ၊ သူတို့ရေးဆွဲလို့ နှေးသည်ဖြစ်စေ၊ ကြာသည်ဖြစ်စေ၊ ကျွန်တော်တို့ ဘက်ကလည်းရေးဆွဲရင် ကောင်းမယ်လို့ အကြံပြုကြပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ကော်မတီကနေ ဥပဒေကြမ်းတစ်ခု ရေးဆွဲလိုက်ပါတယ်။ အခုပြည်သူ့လွှတ်တော် ဥပဒေရေးရာ ကော်မရှင်ကို ပို့ထားပါတယ်။ တစ်ခါ ပြည်ထောင်စုလွှတ်တော်ပိုင်းကလည်း အလားတူ တရားရေးသာမကဘဲ ၀န်ထမ်းဌာနတွေ အားလုံးနဲ့ အကျုံးဝင်တဲ့ အဂတိလိုက်စားမှု တားမြစ်ရေးဥပဒေမူကြမ်း ရေးဆွဲနေပြီလို့ ကြားသိရပါတယ်။ ကျွန်တော်တို့ဘက်က ရေးဆွဲထားတဲ့ ဥပဒေကြမ်းနဲ့ ပြည်ထောင်စုလွှတ်တော် ဘက်ကရေးဆွဲထားတဲ့ ဥပဒေကြမ်း ပေါင်းလိုက်ရင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ရေးဆွဲတဲ့ ဥပဒေ ကြမ်း နောက်ကျသည်ဖြစ်စေ၊ မကျသည်ဖြစ်စေ အရေးမကြီးတော့ဘူး။ ကျွန်တော်တို့ကော်မတီက ရေးဆွဲထားတဲ့ ဥပဒေကြမ်းကို လွှတ်တော်နှစ်ရပ်မှာ ညှိနှိုင်းပြီး ပြည်ထောင်စု လွှတ်တော်ကို တင်ဖို့ စီစဉ်ထားပါတယ်။ အခုဇူလိုင်လအတွင်းမှာ ကျင်းပဖို့ရှိတဲ့ လွှတ်တော်အစည်းအဝေးမှာ တင်သွင်းဖို့ စီစဉ်ထားပါတယ်”ဟု ပြောကြားခဲ့သည်။
ပြည်သူ့လွှတ်တော်၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ ၏ အဓိကတာဝန်မှာ နိုင်ငံတော်အတွင်း ဥပဒေနှင့်ညီညွတ်သော၊ ဖြောင့်မတ်မှန်ကန်ပြီး အဂတိတရားကင်း စင်သော တရားစီရင်မှု ဖြစ်ထွန်းလာစေရန် ပံ့ပိုးပေးခြင်း၊ ဥပဒေဘောင် အတွင်း နေထိုင်ကြသည့် ပြည်သူ များ၏ ဘ၀လုံခြုံမှုရရှိရန် ဆောင်ရွက်နေသည့် ပြည်ထောင်စုတရား လွှတ်တော်ချုပ်၏ လုပ်ငန်းများကို ကူညီပံ့ပိုးပေးရန်ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။