Friday, May 4, 2012

ဓါတ်ငွေပိုက်လိုင်းဖြတ်သန်းရာလမ်းရှိ ပြင်ဦးလွင်ဒေသခံများ ဒုတိယအရစ်နစ်နာကြေး မရသေး

ဓါတ်ငွေ့ပိုက်လိုင်းဖြတ်သန်းသွားသော ပြင်ဦးလွင်မြို့နယ်က ဒေသခံများအနေဖြင့် ဆုံးရှုံးလယ်ယာမြေ တန်ဖိုးတစ်ဝက်ခန့် ရရှိပြီးဖြစ်သော်လည်း ကျန်ရှိနေသော တန်ဖိုးထက်ဝက်အား မရရှိသေးကြောင်း ဒေသခံများထံက သိရသည်။


အဆိုပါ ဓါတ်ငွေ့ပိုက်လိုင်းမှာ ပြင်ဦးလွင်မြို့နယ် ရပ်ကွက်(၂၀)ရှိ လယ်ယာမြေများကို ဖြတ်သန်းသွားသဖြင့် ၂၀၁၁ ခုနှစ်   အောက်တိုဘာလ  အတွင်းက မြေပိုင်ရှင်(၁၀)ဦးအား ပထမအရစ်လျော်ကြေးပေးခဲ့ပြီး ကျန်ရှိ နေသော လယ်ယာမြေပိုင်ရှင်များကိုမူ ၂၀၁၂ခုနှစ် မတ်လတွင် နစ်နာကြေး ပထမအရစ်ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ယခုလက်ရှိတွင် ဒုတိယအရစ် နစ်နာကြေးမရရှိသူများ အယောက် (၁၅) ဦးခန့် ကျန်ရှိနေပြီး၊ အခြားနယ် များတွင်လည်း ဒုတိယအရစ်နှင့်ပတ်သက်၍ မည်သည့်သတင်းအစအနမှ မရရှိသေးကြောင်း သိရှိရသည်။

“ကျွန်တော်တို့က လိုက်နိုင်လွန်းလို့ လျော်ကြေးရခဲ့တာပါ။ လျော်ကြေးရတဲ့လကတော့ ၃ လပိုင်းကရတာ၊ သင်္ကြန်ပြီးရင် ကျန်တဲ့ပိုက်ဆံပေးမယ်ဆိုပြီး အခုထိတော့ မရသေးပါဘူး” ဟု ပထမအရစ်နစ်နာကြေးရရှိပြီးသူတစ်ဦးကပြောသည်။


မြေကွက်များကို ပိုက်လိုင်ဖြတ်သန်းသွားသော အကျယ်အ၀န်းများမှာ အများအားဖြင့် အနံပေ(၁၀၀)၊ အလျားပေ  (၂၀၀)မှ (၃၀၀)၀န်းကျင်ရှိကြောင်း သိရှိရသည်။

“သူတို့ဘာလို့ကျန်တဲ့ ပိုက်ဆံမပေးသေးလည်းတော့ မသိဘူးဗျ၊ ကျွန်တော်ထင်တာကတော့ နိုင်ငံရေး အပြောင်းအလဲကြောင့်   အလုပ်နည်းနည်းရှုပ်နေကြလို့ထင်တာပဲ။” ဟု နစ်နာကြေးရရှိပြီးသူတစ်ဦးက ပြောသည်။
 
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ သွယ်တန်းမည့် ဓါတ်ငွေပိုက်လိုင်းစီမံကိန်းသည် ရခိုင်ပြည်နယ်မှ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းတို့ကို အဓိကဖြတ်သန်း၍ တရုတ်ပြည် ကူမင်း မြို့တော်အထိ သွယ်တန်းမည်ဖြစ်သည်။
 
ကီလိုမီတာ -၂၈၀၀ ၀န်းကျင် ရှည်လျားမည့် ဓါတ်ငွေပိုက်လိုင်းဖြတ်သန်းမှုစီမံကိန်းတွင် ဓါတ်ငွေ့ ပိုက်လိုင်းနှင့်အတူ ရေနံပိုက်လိုင်း၊ မီးရထားလမ်းများလည်း ပါဝင်မည်ဖြစ်ကြောင်း ဒေသခံ များထံမှ သိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။