Friday, May 4, 2012

မေလမှစတင်ကာ နိုင်ငံခြားသုံးငွေနှင့်ပတ်သက်သည့် တားမြစ်ချက်များအား ဖြေလျှော့

နိုင်ငံခြားငွေလဲလှယ်နှုန်းပေါင်းစည်းရေးအတွက် ဆောင်ရွက်လျက်ရာတွင် နိုင်ငံခြားသုံးငွေနှင့်ပတ်သက်သည့် တားမြစ် ကန့်သတ်ချက်များအား အဆင့်အလိုက်ဖြေလျှော့သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သိရှိရသည်။  

 
မေလ(၁)ရက်နေ့မှ စတင်ကာ နိုင်ငံပိုင်ဘဏ်များတွင် စာရင်းအပ်နှံဖွင့်လှစ်ထားသည့် နိုင်ငံခြားငွေစာရင်း လက်ကျန်ငွေ အားလုံးကို ပို့ကုန်ရငွေများအဖြစ် သတ်မှတ်လိုက်ကြောင်း သိရှိရသည်။
 
ကုန်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနက သွင်းကုန်လိုင်စင်ထုတ်ပေးရာတွင်လည်း ပို့ကုန်မှရငွေ ဟုတ်၊ မဟုတ်ကို စိစစ်ခြင်းမရှိတော့ကြောင်း သိရသည်။
 
“ဒီလိုဆောင်ရွက်မှုကြောင့် ပြည်တွင်းလုပ်ငန်းတွေက စာရင်းဖွင့်အပ်နှံထားတဲ့ မြန်မာနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဘဏ် MFTB ၊မြန်မာရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးဘဏ် MICB၊ မြန်မာ့စီးပွားရေးဘဏ် MEB စတဲ့  နိုင်ငံပိုင် ဘဏ်တွေမှာရှိတဲ့   နိုင်ငံခြားငွေစာရင်းအားလုံးကို  ပို့ကုန်ရငွေတန်ဖိုးအဖြစ် သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။” ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်  တာဝန်ရှိသူ တစ်ဦးက ပြောသည်။
 
ပြည်တွင်းရှိ နိုင်ငံခြားငွေလဲနှုန်းများအား ပေါင်းစည်းနိုင်ရန်အတွက် ယခုကဲ့သို့ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ကိုလည်း သိရှိရသည်။
 
 “သတ်မှတ် လိုက်ခြင်းဟာ ပြည်တွင်းမှာ အမျိုးမျိုး ဖြစ်ပေါ်လျက်ရှိတဲ့ နိုင်ငံခြား ငွေလဲလှယ်နှုန်းတွေကို ပေါင်းစည်းနိုင်ဖို့ အတွက် ဆောင်ရွက်ခြင်း ဖြစ်တယ်လို့။” မြန်မာနိုင်ငံတော် ဗဟိုဘဏ် တာဝန်ရှိသူတစ်ဦး၏ ပြောပြချက် အရသိရှိရသည်။
 
နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ခြင်းအတွက် ပြည်တွင်းအခွန်သို့ ပေးသွင်းရသည့် ၀င်ငွေခွန် ၂ ရာခိုင်နှုန်း ကိုလည်း ဖြတ်တောက်ခြင်း မပြုတော့ကြောင်း သိရသည်။
 
ထိုကဲ့သို့ လျှော့ချပေးမှုအား မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ညွှန်ကြားချက် အမှတ် ၉/၂၀၁၂ အရ မေလ (၁) ရက်နေ့တွင် စတင်အကျုံးဝင်ပြီဖြစ်ကြောင်းသိရှိရသည်။
 
ယနေ့ မေလ(၂)ရက်နေ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်သည့် နိုင်ငံခြား ငွေလဲလှယ်နှုန်းမှာ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၈၂၄ ကျပ်၊ သတ်မှတ်ထားကြောင်း သိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။