Friday, May 4, 2012

ဟိုတယ်ခမြင့်တက်မှုကြောင့် ခရီးစဉ် ဖျက်သိမ်းမှုများရှိလာ

မေလ ၃ ရက်၊ ၂၀၁၂ ခုနှစ်-ပိုင်ပိုင် (YPI)
 
ဟိုတယ်အခန်းခ ဈေးနှုန်းမြင့်တက်လာမှုကြောင့် လာမည့် ခရီးသွားရာသီအတွက် နိုင်ငံခြားခရီးသည်များ၏ ခရီးစဉ်တချို့ ဖျက်သိမ်းခဲ့ကြသည်ဟု ခရီးသွားလုပ်ငန်းဖြင့် အသက်မွေးသူများက ပြောသည်။

"  ခရီးသည်တွေလာချင်တဲ့သူများတယ်။ ဒါပေမယ့် ဈေးနှုန်းပြဿနာဖြစ်နေတယ်။ ပထမလာမယ် လုပ်ထားတဲ့သူတွေက နောက်မှဈေးတွေ အရမ်းမြင့်လာတော့ ပြန်ရှောင်သွားကြတယ်"ဟု မြန်မာနိုင်ငံဧည့်လမ်းညွှန်အသင်းမှ တာဝန်ရှိသူ ဦးသန်းထွန်းဦးကပြောသည်။

ရန်ကုန်မြို့တွင် ဟိုတယ်ဈေးနှုန်းများ ယခင်နှစ်ထက် နှစ်ဆခဲ့မြင့်တက်ခဲ့သည်ဟု ခရီးသွားကုမ္ပဏီ အချို့က ပြောဆိုလျှက်ရှိသကဲ့သို့  ငွေဆောင်ဇုန်ရှိ ဟိုတယ်များတွင်မူ ယခင်နှစ် ဈေးနှုန်းထက် အမေရိကန်ဒေါ်လာ ၅ ဒေါ်လာမှ ၂၀ ဒေါ်လာအတွင်းသို့ မြင့်တက်သွားခဲ့ကြောင်း ငွေဆောင်ကမ်းခြေရှိ Emerald Sea Resort ဟိုတယ်မှ မန်နေးဂျင်း ဒါရိုက်တာ ဦးကျော်ထွန်းက ပြောသည်။

"ဈေးနှုန်းတက်တဲ့နေရာမှာ သင့်တင့်တဲ့နှုန်းနဲ့ အချိုးကျကျတက်စေချင်တယ်။ ရေရှည်မှာတော့ customer (ခရီးသည်တွေ)ကပဲ ဆုံးဖြတ်လိမ့်မယ်"ဟု မြန်မာနိုင်ငံဧည့်လမ်းညွှန်အသင်းမှ တာဝန်ရှိသူ ဦးသန်းထွန်းဦးက ဝေဖန်ပြောဆိုသည်။

အခြားဝါရင့် ဧည့်လမ်းညွှန်တစ်ဦးကလည်း"ဒီမှာ နှစ်ပတ်နေတဲ့စရိတ်က ဗီယက်နမ်မှာဆိုရင် တစ်လလောက်နေလို့ရတယ်"ဟု နှိုင်းယှဉ်ပြောဆိုသည်။

နိုင်ငံခြား ခရီးသည်ပါးသည့် ယခင်နှစ်များက တရက်လျှင် ၃၆ ဒေါ်လာဝန်းကျင်နှုန်းထား ရှိသည့် ရန်ကုန်မြို့မှ ဟိုတယ်တခုမှာ ယခုနှစ်ဆန်းပိုင်းတွင်  ဒေါ်လာ ၈၀ ၀န်းကျင်သို့ရောက်ရှိခဲ့သည်ဟု  အဖွဲ့အစည်းကိစ္စဖြင့် လာရောက်သူ နိုင်ငံခြားသား တဦးကပြောသည်။

ဟိုတယ်ဈေးနှုန်းများမြင့်တက်သွားရခြင်း အကြောင်းနှင့် ပတ်သက်၍ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများက ပြောဆိုရာတွင် ၀င်လာသည့် ခရီးသည်အရေအတွက်နှင့် ရှိသည့်တည်းခိုခန်း အရေအတွက် မမျှခြင်း၊ ဟိုတယ်များတွင် လျှပ်စစ်မီး အချိန်ပြည့်မရရှိသဖြင့် ဒီဇယ်ဆီအစားထိုးရခြင်း၊ အလတ်စားနှင့်အသေးစား ဟိုတယ်များတွင် နိုင်ငံခြားသားများတည်းခိုရန် ခက်ခဲခြင်း စသည်တို့ကြောင့်ဖြစ်သည်ဟု ပြောသည်။

၂၀၁၂ခုနှစ်တွင် ကမ္ဘာလှည့်ခရီးသည်များ လည်ပတ်နိုင်ရန် လမ်းညွှန်ထားသည့် ၄၅ နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံသည် တတိယနေရာတွင်ရှိကြောင်း New York Times သတင်းစာတွင်ဖော်ပြထားပြီး၊ အမေရိကန်အခြေစိုက် အာရှပစိဖိတ်ခရီးသွားလုပ်ငန်းကလည်း ၂၀၁၂ ခုနှစ်သည် မြန်မာခရီးသွားလုပ်ငန်း နံပတ်တစ်နေရာရောက်မည်ဖြစ်သည်ဟု ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ကြောင့် မြန်မာနိုင်ငံအား စိတ်ဝင်စားမှု မြင့်တက်လာခြင်းနှင့် ယခင်ကထက် ခရီးသွားဗီဇာရရှိရန် လွယ်ကူလာသည့် အချက်တို့က နိုင်ငံခြားခရီးသွား ၀င်ရောက်မှုများပြားလာစေသည်ဟု ခရီးသွားလုပ်ငန်းများမှ ကောက်ချက်ချ ပြောဆိုသည်။

ယခုနှစ် မြန်မာနိုင်ငံသို့ ခရီးသည်ဝင်ရောက်မှုသည် ငါးသိန်းခန့်ရှိပြီး ယခင်နှစ်ကထက် ၂၆ ရာခိုင်နှုန်းကျော်တိုးမြင့်လာခဲ့ကြောင်း၊ တနိုင်ငံလုံး အတိုင်းအတာအရ ဟိုတယ် ၇၃၁လုံး၊ အိပ်ခန်းပေါင်း ၂၅၀၀၀ ကျော်ရှိကြောင်း နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။

ယခုနှစ်အတွင်း မြန်မာနိုင်ငံသို့လာရောက်သူအများစုမှာ အရှေ့တောင်အာရှနိုင်ငံများနှင့် ဥရောပနိုင်ငံများမှဖြစ်ပြီး ပုံမှန်လာရောက်သူများနှင့် စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရန် လာရောက် လေ့လာသူများဖြစ်ကြောင်း ဦးသန်းထွန်းဦးကပြောသည်။       ။
နိုင်ငံခြား ခရီးသွားများ စိတ်ဝင်စားရာ နေရာတခုဖြစ်သည့် ပုဂံမြို့ရှိဘုရားတဆူတွင် တွေ့ရသည့် နိုင်ငံခြားခရီးသည်များ
Yangon Press International

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။