Friday, May 4, 2012

BOT စနစ်ဖြင့် နှစ်ရှည်မြှုပ်နှံမည့် ဆိပ်ကမ်းသစ်ကြီးများ တည်ဆောက်မှု မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) သို့တင်ပြကာ ခွင့်ပြုချက်ရယူပြီးမှ လုပ်ကိုင်ရမည်ဟု MIC တာဝန်ရှိသူပြောကြား နိုင်ငံပိုင် အလုံသင်္ဘောကျင်းနေရာတွင် MIC ခွင့်ပြုချက်မရှိဘဲ ပုဂ္ဂလိကမှ ဆိပ်ကမ်းတိုးချဲ့မှုအချို့ စတင်လုပ်ဆောင်နေ

ကစားကွင်းနှင့် ၀န်ထမ်းအိမ်ရာအချို့ ရှိခဲ့သည့်နေရာအား ဆိပ်ကမ်းလုပ်ငန်းများဖြင့် ပတ်သက်၍ တိုးချဲ့ထားစဉ်
BOT စနစ်ဖြင့် နှစ်ရှည်ရင်းနှီးမြှုပ်နှံမည့် ရန်ကုန်မြစ်အတွင်း ဆိပ်ကမ်းသစ်ကြီးများ တည်ဆောက်မှုသည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC သို့တင်ပြကာ ခွင့်ပြုချက်ရယူရမည့် ရင်းနှီးမြှုပ်နှံမှု အမျိုးအစားတွင် ပါဝင်ကြောင်း MIC မှ တာဝန်ရှိသူ တစ်ဦးက ဧပြီလ ၂၉ ရက်နေ့က ပြောကြားခဲ့ပါသည်။
 ဧပြီလ ၂၉ ရက်နေ့က နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည့် တွေ့ဆုံပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက အလုံသင်္ဘော ကျင်းနှင့်ပတ်သက်၍ မေးမြန်းမှုအပေါ် ''အလုံသင်္ဘောကျင်းကတော့ MIC ကို တင်ဖို့ လိုပါတယ်။ ရင်းနှီးမြှုပ်နှံမှုတိုင်းမှာ တချို့လုပ်ငန်းတွေကတော့ MIC ကို တင်စရာ မလိုပါဘူး။ မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ MIC ကို တင်ပြခွင့်ပြုပြီး လုပ်တယ်ဆိုရင် ဥပဒေက ပြဋ္ဌာန်းထားတဲ့အတိုင်း အခွန်သက်သာခွင့်တို့ ဘာတို့ ခံစားခွင့် ရရှိပါတယ်။ အခုလောလောဆယ်တော့ အလုံသင်္ဘောကျင်းနဲ့ ပတ်သက်တာ ကျွန်တော်တို့ဆီကို တင်ပြထားတာ မရှိသေးပါဘူး''ဟု ပြောကြားခဲ့ပါသည်။
ဆက်လက်၍ MIC သို့ တင်ပြပြီးမှ လုပ်ကိုင်ရမည့် စီမံကိန်းများအနေဖြင့် MIC သို့ တင်ပြခွင့်ပြုချက် ရရှိမှသာ တည်ဆောက်မှုလုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်ကြောင်းကို ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက'' MIC က ခွင့်ပြုပြီးမှ စဆောက်ရမှာပါ''ဟု ပြောကြားခဲ့ပါသည်။
သို့သော် သက်တမ်း ၁၀၈ နှစ် ရှိပြီဖြစ်သည့် နိုင်ငံပိုင်(အများပြည်သူပိုင်)အလုံသင်္ဘောကျင်း ဧရိယာအတွင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC မှ ခွင့်ပြုချက်မရှိသေးဘဲ ပုဂ္ဂလိကမှ ဆိပ်ကမ်းတိုးချဲ့မူနှင့် ဆက်စပ်သည့် လုပ်ငန်းတည်ဆောက်မှုအချို့ စတင်နေကြောင်း စုံစမ်းသိရှိရပါသည်။
ဆိပ်ကမ်းလုပ်ငန်းနှင့်ပတ်သက်၍ လုပ်ကိုင်မှုမပြုမီ တွေ့ရသည့် ကစားကွင်းနှင့် ၀န်ထမ်းအိမ်ရာအချို့
လက်ရှိ မြန်မာ့စက်မှုဆိပ်ကမ်း၊ ဆိပ်ခံတံတားနှင့် ကုန်သေတ္တာလွင် ပြင်သိုလှောင်စခန်းအား တည်ဆောက်၍ ဆိပ်ကမ်းဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည့် မြန်မာ့အဏ္ဏ၀ါစွမ်းအားရှင်ဂရုပ်(အက်စ်) ကုမ္ပဏီလီမိတက်မှ အလုံသင်္ဘောကျင်းနေရာအချို့တွင် အချို့အပိုင်းများ တည်ဆောက်မှုကို စတင်နေခြင်းဖြစ်သည်ဟု သိရသည်။
အလုံသင်္ဘောကျင်းဧရိယာ အတွင်း ယခင်က ကလေးကစားကွင်း အဖြစ်ပြုလုပ်ခဲ့သည့်နေရာအား ယခုအခါ သဲဖို့ကာ ပြင်ဆင်ခြင်း၊ လက်ရှိ မြန်မာ့စက်မှုဆိပ်ကမ်း ဆိပ်ခံတံတားနှင့် တစ်ဆက်တည်း ဆက်စပ်၍ ဆိပ်ခံတိုးချဲ့ရန် ပိုင်တိုင်များကို အလုံသင်္ဘောကျင်းဘက်သို့ တိုးချဲ့တည်ဆောက်လာခြင်း၊ သဲဖို့ခြင်း၊ ခြံခတ်ခြင်းများ ပြုလုပ်နေပြီဖြစ်ကြောင်းကို အလုံသင်္ဘောကျင်းဖြင့် နီးစပ်သူများက အထောက်အထားများဖြင့် ပြောကြားခဲ့ကြသည်။ လက်ရှိ အလုံသင်္ဘောကျင်းအား ပြောင်းရွှေ့ရန် သင်္ဘောကျင်း သစ်နေရာကိုလည်း ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်း (တိုင်းရင်းသားကျေးရွာအနီး၊ ပဲခူးမြစ်ကမ်းဘေး)၌ တည်ဆောက်နေပြီဖြစ်သည်ဟုလည်း သိရသည်။
ဆိပ်ခံတံတားအား အလုံသင်္ဘောကျင်းဘက်သို့ တဖြည်းဖြည်း တိုးချဲ့လာစဉ်
မြန်မာ့အဏ္ဏ၀ါစွမ်းအားရှင်ဂရုပ် (အက်စ်)ကုမ္ပဏီလီမိတက်မှ ပို့ဆောင်ရေးဝန်ကြီးဌာနသို့ အလုံသင်္ဘောကျင်းအား တစ်နှစ်လျှင် မြေငှားရမ်းခ ကျပ်သိန်း ၄၀၀ နီးပါးဖြင့် ငှားရမ်းလုပ်ကိုင်ခွင့်ပြုရန်၊ BOT စနစ်ဖြင့် နှစ်ရှည်ငှားရမ်းရန် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလအတွင်းက အဆိုပြုတင်ပြထားကြောင်း၊ အဆိုပြုချက်တွင်မူ ပို့ဆောင်ရေးဝန်ကြီးဌာနမှ ၂၀၁၁ ခုနှစ်အတွင်းကတည်းက BOT စနစ်ဖြင့် ငှားရမ်းခွင့်ပြုပြီးဖြစ်သည်ဆိုသော အချက်ပါဝင်ကြောင်း သိရသည်။
သို့သော် ပို့ဆောင်ရေးဝန်ကြီးဌာနအနေဖြင့် တစ်နှစ်ကျပ်သိန်း ၄၀၀ ဖြင့် ခွင့်ပြုချက်မပေးရသေးဘဲ အေးရှားဝေါလ်နှင့် လက်ရှိ မြန်မာ့စက်မှုဆိပ်ကမ်းများကို ခွင့်ပြုပေးထားသည့် ရာခိုင်နှုန်းဖြင့် ပေးသွင်းစေသည့်စနစ်ဖြင့် ခွင့်ပြုပေးရန် ညှိနှိုင်းနေခြင်း၊ MIC သို့ တင်ပြရန်အတွက်လည်း ရှေ့နေချုပ်ရုံးသို့ တင်ပြဆောင်ရွက်ဆဲအဆင့်သာရှိသေးကြောင်း စသည်ဖြင့် လုပ်ကိုင်ဆဲ အဆင့်သာရှိသေးသည်ဟု ပို့ဆောင်ရေးဝန်ကြီးဌာန တာဝန်ရှိသူများက ပြောကြားထားခဲ့ပါသည်။
ဆိပ်ခံတံတားအား အလုံသင်္ဘောကျင်းဘက်သို့ တဖြည်းဖြည်း တိုးချဲ့ရာတွင် အသုံးပြုသည့် သင်္ဘောအား အလုံသင်္ဘောကျင်း ဆိပ်ခံတံတားတွင် ဆိုက်ကပ်ထားစဉ်
အလုံသင်္ဘောကျင်းနှင့် နီးစပ်သူတစ်ဦးက'' ခြံခတ်တယ်၊ သဲဖို့တယ်။ ဆိပ်ကမ်းချဲ့ဖို့ ပြင်ဆင်တဲ့ အပိုင်းတွေ စလုပ်နေတယ်။ အလုံသင်္ဘောကျင်း ဆိပ်ကမ်းမှာတောင် အခုလက်ရှိ ဆိပ်ကမ်းချဲ့လာတဲ့အခါ ပိုင်တိုင်တွေစိုက်ရင် တန်းပြီး စိုက်မယ့်အနေအထားပြတဲ့ သင်္ဘောကြီးတစ်စင်းတောင် ကပ်ထားတယ်လေ။ ဖယ်ပေးရတော့မယ်။ ဖယ်ပေးဖို့အတွက်လည်း အသစ်နေရာ ပြန်ဆောက်နေတယ်၊ တိုင်းရင်းသားကျေးရွာနားမှာ။ အဲဒါပြီးရင်တော့ ဖယ်ရတော့မယ်နဲ့တူတယ်''ဟု ပြောပြခဲ့သည်။
ယခုစနစ်မှာ ဒီမိုကရေစီစနစ်ဖြစ်သည့်အတွက် နိုင်ငံနှင့်ဆိုင်သော၊ အများနှင့်ဆိုင်သော လုပ်ငန်းများအတွက်မူ လွှတ်တော်တွင် တင်ပြဆွေးနွေးခြင်း၊ ရင်းနှီးမြှုပ်နှံမှုဖြစ်သည့်အတွက် ရင်းနှီးမြှုပ်နှံမှုနှင့်ဆိုင်သည့် နိုင်ငံမှ ဖွဲ့စည်းပေးထားသည့် အဖွဲ့အစည်းများ၏ သဘောတူခွင့်ပြုချက် ရယူခြင်းများဆောင်ရွက်ပြီးမှ လုပ်ငန်းဖော်ဆောင်သင့်ကြောင်း သုံးသပ်မှုများ ရှိနေသည်။
မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ MIC ကို တင်ပြခွင့်ပြုပြီး လုပ်တယ်ဆိုရင် ဥပဒေက ပြဋ္ဌာန်းထားတဲ့အတိုင်း အခွန်သက်သာခွင့်တို့ ဘာတို့ ခံစားခွင့် ရရှိပါတယ်။ အခုလောလောဆယ်တော့ အလုံသင်္ဘောကျင်းနဲ့ ပတ်သက်တာ ကျွန်တော်တို့ဆီကို တင်ပြထားတာ မရှိသေးပါဘူး . . .

''အလုံသင်္ဘောကျင်းကို ဆိပ်ကမ်းအဖြစ်ချဲ့ဖို့ဆိုတာက တစ်ခုတည်းပဲ ရှိသေးတယ်။ ဒီလိုချဲ့ဖို့တွေ အများကြီး ရှိသေးတယ်။ ၀န်ကြီးဌာန ခွင့်ပြုချက်တို့၊ MIC ခွင့်ပြုချက်တို့ ဆိုတာက ဒီလိုဆိပ်ကမ်းကြီးတွေ ရန်ကုန်မြစ်ထဲ ဆောက်သင့် မသင့်၊ ပတ်ဝန်းကျင်ကို ဘယ်လိုထိခိုက်မယ်၊ မထိခိုက်ဘူး၊ ပြင်ဆင်ထားသင့်တာတွေ ဘာတွေပြင်ဆင်ပေးရမယ်ဆိုတာ တွက်ချက်ပြီးမှ ခွင့်ပြုကြတာလို့ မြင်တယ်လေ။ အခု ခွင့်မပြုရသေးဘူးဆိုတော့ ဒါတွေ မပြင်ဆင်ရသေးဘူးလို့ မြင်တယ်။ နောက်တစ်ချက်က ထင်သာ မြင်သာမဖြစ်တဲ့အတွက်လည်း ထောက်ပြစရာရှိတယ်။ ဒီမိုကရေစီစနစ်ကို ရောက်လာပြီ အရေးကြီးတဲ့ အများနဲ့ဆိုင်တဲ့ ကဏ္ဍတွေဆိုရင်တော့ လွှတ်တော်အထိတောင်တင်ပြီး ဆုံးဖြတ်သင့် ဆုံးဖြတ်ရမှာလေ''ဟု အလုံ သင်္ဘောကျင်းနှင့် နီးစပ်သူတစ်ဦးက ပြောပြခဲ့သည်။
ထို့ပြင် ရန်ကုန်မြစ်အတွင်း  ပုဂ္ဂလိကမှ ဆိပ်ကမ်းတိုးချဲ့ တည်ဆောက်မည့် စီမံကိန်းများစွာ ရှိနေသေးကြောင်း၊ ဆိပ်ခံတံတားကြီးများ၊ ဆိပ်ကမ်းကြီးများ တည်ဆောက်ကာ တန်ချိန် ၃၅၀၀၀ ရှိ ရေယာဉ်ကြီးများ ဆိုက်ကပ်နိုင်သည်အထိ တိုးချဲ့ရန် စီစဉ်ထားကြောင်း၊ ထိုသို့ စီမံကိန်းကြီးများအတွက် ခွင့်ပြုချက်ထက် လုပ်သင့် မသင့် အကျိုးအပြစ်မှာ ပို၍အရေးကြီးကြောင်း၊ ထိုသို့ ချိန်ဆပြီးမှ လုပ်သင့်ကြောင်းကိုလည်း စီမံကိန်းများအပေါ် သိရှိထားသူများက ပြောကြားခဲ့သည်။
''ရန်ကုန်ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေး ပင်မစီမံချက် (Port Master Plan) ဆိုပြီး ရေးဆွဲထားတာ ရှိတယ်။ အဲဒီမှာ အလုံသင်္ဘောကျင်း တစ်ခုတည်း မဟုတ်ဘူး၊ သိမ်ဖြူသင်္ဘောကျင်းတို့၊ အလုံသစ်တောဝင်းတို့လို နေရာတွေတောင် ဆိပ်ကမ်းတိုးချဲ့ တည်ဆောက်ဖို့ ရှိတယ်လို့ ပါတယ်။ ဆိပ်ကမ်းနေရာလွတ်တောင် နောက်ကျန်မှာ မဟုတ်ဘူး၊ စီမံကိန်းမှာပါတာ။ အဓိကအချက်ကတော့ တန်ချိန် ၃၅၀၀၀ ရှိတဲ့ ရေယာဉ်တွေ ရန်ကုန်မြစ်ထဲဝင်ဖို့ အဲဒီအတွက် ဆိပ်ကမ်းတွေ တိုးချဲ့တည်ဆောက်တာ၊ ကုန်စည်ပိုသယ်ယူနိုင်အောင်လို့ဆိုပြီး ပါတယ်။ လက်ရှိ တန်ချိန် ၁၅၀၀၀ ရှိတဲ့ ရေယာဉ်တွေတောင် ရေပြည့်ချိန်စောင့်ပြီးမှ ၀င်ထွက်နေရတာလေ။ ရန်ကုန်မြစ်ထဲမှာ ဧရာဝတီမြစ်ဝကျွန်းပေါ်က ရေယာဉ်တွေ အများကြီး သွားလာနေရတာ။ တန်ချိန် ၃၅၀၀၀ ရှိတဲ့ သင်္ဘောဝင်ထွက်ဖို့နဲ့ အဲဒီရေယာဉ်ငယ်လေးတွေအတွက် စီစဉ်ပြီးပြီလား။ တန်ချိန် ၃၅၀၀၀ ရှိတဲ့ ရေယာဉ်က ရိုက်ခတ်လာမယ့်အားက ရန်ကုန်ဘက်ကမ်းအပြင် ဒလဘက်ကမ်းပါ ရိုက်ခတ်မှာပဲ။ ရန်ကုန်ဘက်ကမ်းက ပိုင်တိုင်တွေ အခိုင်အမာ ရိုက်နိုင်တယ်ဆိုရင်တောင် ရန်ကုန်တစ်ဖက်ကမ်းကို ဘယ်သူက ကမ်းမပြိုအောင် ရေထိန်းနံရံ ဆောက်ပေးမလဲ။ ဒီစီမံကိန်းက နိုင်ငံအတွက် အရမ်းအကျိုးရှိပါတယ် ဆိုရင်တောင်မှ ထင်သာမြင်သာရှိရမှာ ဖြစ်သလို Procedure ရှိရမယ်။ နောက်တစ်ချက်က စီမံကိန်းကောင်းကြောင်းပြပြီး ဦးအောင်နေရာယူထားတဲ့ခေတ်၊ နီးစပ်ရာယူတဲ့ခေတ်ကတော့ ကုန်သင့်ပြီ။ အကျိုးနဲ့အပြစ်ကို ချပြပြီးမှ အကောင်အထည်ဖော်သင့်တယ်။ လွှတ်တော်ကိုယ်စားလှယ်တွေလည်း ဒီလိုကြီးမားတဲ့ အများနဲ့ဆိုင်တဲ့ စီမံကိန်းမျိုးတွေကို လွှတ်တော်ထဲမှာ ဆွေးနွေးသင့်တယ်'' ဟု စီမံကိန်းအား လေ့လာထားသူတစ်ဦးက ပြောကြားခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။