Friday, May 4, 2012

KIA တောင်းဆိုမှုကြောင့် ကန်ပိုင်တီကားလမ်းပြေးဆွဲမှု ရပ်ဆိုင်းထား

တရုတ်- ကချင်နယ်စပ်ရှိ ကန်ပိုင်တီ ကားလမ်း ပြေးဆွဲမှု မေလ(၂)ရက်နေ့မှစတင်ကာ ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း သိရသည်။ 

 
“မေ ၁ ရက်နေ့က မြစ်ကြီးနားက ကား ၂ စီးသွားတယ်။ အဲ့တာ KIA တပ်က ဒီ (၁၀) ရက်အတွင်း  မတက်လာပါနဲ့လို့ ပြောတယ်။ မနေ့က စပြီး လုံးဝ မသွားတော့ဘူး။” ဟု ကန်ပိုင်တီလမ်းတွင် ကားပြေးဆွဲနေသူ ကိုဇော်မျိုးလင်းက ပြောသည်။
 
ကချင်ပြည်နယ်မှ တရုတ်နယ်စပ်သို့ သွားသည့် ကန်ပိုင်တီကားလမ်းမကြီးပေါ်မှ ဆံဒုံရေတံခွန်းအနီးရှိ တံတားအား ဧပြီ (၂၅) ရက်နေ့တွင် လက်သည်မပေါ်သည့် တရားခံများ ဗုံးပေါက်ကွဲခဲ့ပြီးနောက် ကုန်တင် ကားများ ဖြတ်သန်းသွားလာ၍ မရတော့ပေ။
 
သို့သော် ဗင်မော်တော်ယာဉ်၊ သုံးဘီးဆိုင်ကယ်နှင့် ဆိုင်ကယ် ယာဉ်သေးများသည် ပုံမှန်ဖြတ်သန်းသွား လာခဲ့ ကြောင်း ဒေသခံများထံက သိရသည်။
 
မေလ (၁) ရက်မှစကာ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)မှ ကားပြေးဆွဲသူများအား ၎င်းတို့ လုံခြုံရေး အတွက် ယခုရက်ပိုင်းအတွင်း ကားသွားလာခွင့်အား ရပ်တန့်ပေးရန် ပြောဆိုခဲ့ခြင်းဖြစ်သည်။
 
ယခင် ကန်ပိုင်တီ ကားလမ်းတွင် ပြေးဆွဲနေသည့် မြစ်ကြီးနား၊ ဝိုင်းမော်မြို့မှ လိုင်းကားများမှာ တစ်နေ့လျှင် အစီး (၃၀)ကျော်ခန့် ပြေးဆွဲလျှက်ရှိပြီး ယခုတွင် မည်သည့်မော်တော်ယာဉ်မှ ဖြတ်သန်းခြင်းမရှိတော့ကြောင်း သိရသည်။
 
တရုတ်ကုန်တင်ပို့ရောင်းချနေသည့် မြစ်ကြီးနား ကုန်သည်တစ်ဦးမှလည်း တရုတ်ကုန်ပစ္စည်းများအား ထိမ်းချုပ်ရောင်းချကြောင်းကိုလည်း သိရသည်။
 
“ကန်ပိုင်တီလမ်းက လုံးဝ ပျက်တောက်သွားပြီ။ သွားလို့ မရတော့ဘူး။ ကျတော်တို့ တရုတ်ပစ္စည်း ကုန်တင် ကားလည်း သွားလို့မရတော့ တရုတ်ကုန် မဝင်တော့ဘူး။ လက်ကျန်ကို ကုန်တွေကိုလည်း ဈေးမမြင့်ချင်ဘူး။ ကချင်ပြည်နယ်က ဒုက္ခရောက်နေပါတယ်ဆိုမှ   ဈေးမြင့်လိုက်ရင် ပိုဆိုးမှာတော့မှာ။” ဟု ဆိုသည်။
 
ကချင်ပြည်နယ်တွင် တရုတ်ပြည်မှ စားသောက်ကုန်များနှင့် အိမ်ဆောက်ပစ္စည်းများ အများဆုံးဝင်ရောက်ပြီး မြစ်ကြီးနားမြို့မှ အခြားမြို့များသို့ ဖြန့်ချီရောင်းဝယ်ကြခြင်းဖြစ်သည်။
 
ကန်ပိုင်တီ ကားလမ်းမ မောင်းနှင်၍ မရတော့သဖြင့် ယာဉ်မောင်းသူများ၏ မိသားစုများသည် စားဝတ်နေရေး အခက်အခဲ ရင်ဆိုင်နေရကြောင်း ကားဆရာများက ဆိုသည်။
 
“ကားပြေးဆွဲဖို့က ဖားကန့်လမ်း တစ်လမ်းကျန်အုံးမယ်။ ဒါမယ့် ဖားကန့် လမ်းကလည်း နောက်ပိုင်းတော့ ပိတ်မယ်လို့ ကြားတယ်။ ကျတော်တို့ ဘာလုပ်ရမလဲ မစဉ်းစားတက်တော့ပါဘူး။ မိသားစုက ရှိသေးတယ်” ဟု ဇော်မျိုးလင်းက ဆက်ပြောသည်။
 
မြစ်ကြီးနားမြို့မှ ဖားကန့်မြို့သို့ ယခင် ပုံမှန် တစ်နေ့လျှင် ကားအစီး (၃၀- ၅၀) ကြား ပြေးဆွဲနေပြီး လက်ရှိတွင် တစ်နေ့ ကား ၅ စီးခန့်သာ မောင်းနှင်နေကြောင်း မြစ်ကြီးနား ကားဂိတ်မှ သိရသည်။
 
“အလုပ်က မဖြစ်တော့ဘူး၊ရာဇာမင်းကားဂိတ်က ဆို ဒီနေ့ ၃ကားထွက်တယ်၊ ချမ်းမြေဆီဂိတ်က ၁စီး အဲ့လိုပေါ့။ ဖားကန့်က ခရီးသည်တွေမရှိတော့လို့ပေါ့။” ဟု မြစ်ကြီးနား ကားဂိတ်မှ ဖားကန့်ကားပြေးဆွဲသူ တစ်ဦးက ပြောသည်။
 
ကချင်ပြည်နယ်တွင် ကေအိုင်အိုနှင့် မြန်မာစစ်တပ်မတော် နှစ်ဖက်ကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပေါ် နေခြင်းကြောင့် ခရီးသွားပြည်သူများနှင့် မော်တော်ယာဉ်ပြေးဆွဲနေသူများ အခက်အခဲဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။