Friday, May 4, 2012

မော်လမြိုင်တွင် ရော်ဘာခြံများ ဈေးကောင်းနေ

ရော်ဘာခြံများအမြင့်ဈေးဖြင့် ၀ယ်လိုအားမြင့်နေသော်လည်း ဈေးကွက်တွင် ရောင်းချသူမရှိသလောက် နည်းပါးနေကြောင်း   မော်လမြိုင်ရော်ဘာစိုက်ပျိုးခြံပိုင်ရှင်များထံက သိရသည်။
 

 “ဒီနှစ်ကို မုဒုံတို့ သံဖြူဇရပ် တို့ဘက်က သူဌေးတွေက အ၀ယ်လိုက်တဲ့အတွက် ရော်ဘာခြံဈေးတွေ မြောက် လာတယ်။ အခုတောင် အစေးခြစ်အရွယ်(တစ်မိုးသား) အပင်တစ်ထောင်ကို (၁၀)ရက်ခြစ်ရင် ၇သိန်း လောက် ရတယ်၊ အဲ့ဒါကြောင့် ခြံဈေးတွေမြောက်လာ တာပါ ”   ဟု မော်လမြိုင်မြို့ ရွှေဝါချောင် ကျေးရွာနေ ရာဘာလုပ်ငန်းရှင် ဒေါ်သီတာက ပြောသည်။ 
 
၂၀၁၂ခုနှစ် ရော်ဘာလုပ်ငန်းရပ်နားချိန်အနီးတွင် စီးပွားရေးလုပ်ငန်းရှင်များက ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်ရန် အတွက် ၀ယ်လိုအားမြင့်တက်ခြင်းကြောင့် မြေရိုင်း တစ်ဧက မြေလွတ် တစ်ခြံလျှင် ကျပ် (၄) သိန်းဝန်းကျင်ထိ ဈေးပေး ၀ယ်ယူနေကြောင်း၊ မြေရိုင်း (၁၀)ဧကလျှင် ကျပ် (၅၀၀) ၀န်းကျင်အထိ   ဈေးကောင်းရရှိနေကြောင်း သိရှိရသည်။ 
 
ရော်ဘာခြံဈေးနူန်းများမြင့်တက်လာခြင်းမှာ ရော်ဘာလုပ်ငန်းလုပ်ကိုင်ရန်စိတ်ဝင်စားသူများ ပြားလာခြင်းကြောင့် သူထက်ငါ ဈေးကောင်းပေးဝယ်ယူလာခြင်းကြောင့်လည်းကောင်း၊ ရင်းနှီးမြှပ်နှံလိုသူများသည်ရော်ဘာပြန်လည် ထုတ်လုပ်ချိန်တွင် ပြည်ပမှ ဈေးကောင်း ပေးဝယ်ယူများရှိလာနိုင်ခြင်းတို့ကြောင့် ရော်ဘာခြံဈေးမြင့်တက် နေခြင်းဖြစ်ကြောင်းရော်ဘာခြံရှင်များက ဆိုသည်။
 
ယခင် ၂၀၁၁ ခုနှစ် ရော်ဘာလုပ်ငန်းရပ်နားချိန်အနီးတွင် မြေရိုင်း (၁) ဧက တစ်ခြံလျှင် ၂သိန်းဝန်းကျင်သာ ရှိခဲ့ပြီး အရောင်းအ၀ယ်မဖြစ်ပေါ်ခဲ့ကြောင်း၊ လက်ရှိတွင် မြေရိုင်း (၁) ဧက တစ်ခြံလျှင် ၅သိန်းဝန်းကျင်အထိ ဈေးကွက်   ဖြစ်ပေါ်နေပြီး ဈေးကွက်အတွင်း ၀ယ်လိုအားမြင့်တက်နေပြီး ရောင်းလိုအားကျဆင်း နေကြောင်း သိရသည်။
 
“မနှစ်ကရော်ဘာလုပ်ငန်းတွေ ခေတ္တနားချိန် (မိုးတွင်းအစ)ကထက်ကို အခုနှစ်က တစ်ပေါင်ကို ကျပ် ၂၀၀ လောက်ဈေးပိုရတယ်။   ရော်ဘာခြံတွေလဲ ဈေးကောင်းပေးဝယ်ကြတယ်။ မနှစ်ကဆိုရင် ကျွန်တော်တို့ တစ်ခြံ ကျော်ကဆိုရင် သိန်း ၂၂ လောက်နဲ့ ၀ယ်ထားတာ  အခု သိန်း ၅၀ လောက်အထိဈေးရလာတယ်”ဟု မော်လမြိုင်၊ ကျိုက်မရောမှ ရာဘာခြံလုပ်ငန်းလုပ်ကိုင်သူ ဦးဝင်းနိုင်က ပြောသည်။
 
လက်ရှိရော်ဘာဈေးကွက်၌ အထူးတစ်ပေါင်လျှင် ကျပ် ၁၂၀၀-၁၅၀၀ ၀န်းကျင်၊ အပါးတစ်ပေါင်လျှင် ကျပ် ၁၆၀၀-၁၇၀၀ ၀န်းကျင်၊ အကြည်တစ်ပေါင်လျှင် ကျပ် ၁၇၅၀-၁၈၅၀ ၀န်းကျင်ဖြင့် အရောင်း အ၀ယ် ပြုလုပ်နေရ ကြောင်းသိရသည်။

ယမင်း (မြစ်မခ) by Myit Makha Mediagroup

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။