Friday, May 4, 2012

နေပြည်တော် သီရိမြို့နယ်များတွင် အိမ်ခြံမြေဈေးကွက် အရောင်းထက် အငှားသွက်

နေပြည်တော် အိမ်ခြံမြေဈေးကွက်အတွင်းတွင် နှစ်လကျော်မှစ၍ ရောင်းချလိုသူများသာရှိခဲ့ပြီး ၀ယ်ယူစုဆောင်း ရင်းနှီးမြုပ်နှံမှုလို မရှိသလောက်နည်းပါးခဲ့ကြောင်း ဒေသခံများနှင့် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းများထံက သိရှိရသည်။

 
“ဒီမှာဘယ်နေရာပဲဖြစ်ဖြစ် အိမ်ခြံမြေဈေးက ကျနေတယ်။ မေးသူ တောင်မရှိဘူး။ နှစ်လပိုပိုလောက်ရှိပြီ အရောင်းအ၀ယ်မဖြစ်တာက ရာဇာဌာနီလမ်းမကြီးဘေးမှာဆိုရင် ပေ ၄၀×၆၀ ကို ကျပ် သိန်း ၂၂၀၀ လောက်နဲ့ခေါ်တာတောင် ၀ယ်သူမရှိ၊ မေးသူမရှိဘူး” ဟု နေပြည်တော် ရွှေက္ကို အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းမှ ဦးစန်းဌေးကပြောသည်။
 
ဖေဖော်ဝါရီလပိုင်းတွင် နေပြည်တော် ရာဇာဌာနီလမ်းကြီးဘေးဝဲယာရှိ ပေ ၄၀×၆၀ တစ်ကွက်လျှင် ကျပ်သိန်း ၂၅၀၀-၃၀၀၀   ဖြင့်အရောင်းအ၀ယ်ဖြစ်ပေါ်ခဲ့သော်လည်း လက်ရှိတွင် ကျပ်သိန်း ၂၂၀၀-၂၃၀၀ သို့ဈေးကွက် ကျဆင်းခဲ့နေသော်လည်း ၀ယ်ယူမရှိသလို မေးမြန်းမူများလည်းမရှိကြောင်း သိရသည်။
 
အလားတူ သီရိမြို့နယ်များတွင် အိမ်ခြံမြေဈေးကွက်တည်ငြိမ်နေပြီး ပုပ္ဗသီရိမြို့နယ်ရှိ ပေ ၈၀×၆၀ တစ်ကွက် လျှင် ကျပ်သိန်း ၂၀၀ ၀န်းကျင်၊ ပေ၄၀×၆၀ တစ်ကွက်လျှင် ကျပ်သိန်း ၁၅၀ ၀န်းကျင်ဖြင့် အဆိုပါမြို့နယ်တွင် ဖေဖော်ဝါရီလပိုင်းထက် မြေကွက်တည်နေရာ၊ အကျယ်အ၀န်းပေါ်မူတည်၍ ကျပ်သိန်း ၃၀-၅၀ ၀န်းကျင်သို့ ကျဆင်းခဲ့ကြောင်း သိရသည်။
 
“မြေကွက်က အရောင်းအ၀ယ်မဖြစ်ပါဘူး။ ဈေးကွက်ထဲမှာ ရောင်းလိုသူတွေများပြီး ဈေးကျနေတာတောင် စုံစမ်းတာတောင်မရှိဘူး။   ဈေးကလည်းတော်တော်လေးကျလာတယ်” ဟု နေပြည်တော် ပျဉ်းမနား ရာဇာဌာနီ လမ်းမကြီးအနီး ပန်းခင်း (၃) တွင်နေထိုင်သူ ကိုသူရထွန်း ကပြောသည်။
 
နေပြည်တော် အိမ်ခြံမြေဈေးကွက်တွင်း ဈေးကွက်ကျဆင်းရခြင်းမှာ ရင်းနှီးမြုပ်နှံလိုသူနည်းပါခြင်း၊ ရောင်းလို အားမြင့်တက်နေခြင်း၊   ဈေးကွက်အကျဘက်သို့ဦးတည်နေခြင်းကြောင့် စီးပွားရေးလုပ်ကိုင်လိုသူများအနေဖြင့် ဈေးစောင့်ဆိုင်းနေခြင်း၊ လက်ရှိတွင်ဈေးကွက် ခန့်မှန်းရန် ခက်ခဲနေကြောင်း အိမ်ခြံမြေအကျိုးဆောင်တို့က ဆိုသည်။
 
 “အခုအရောင်းအ၀ယ်ကခန့်မှန်းရခက်နေတယ်။ သင်္ကြန်မပြီးခင်က သင်္ကြန်ပြီးရင်တက်မယ်လို့ မျှော်လင့်ထား တယ်၊ ခန့်မှန်း ထားတယ်။   ဒါပေမယ့်ဖြစ်မလာဘူး”ဟု ဘောဂသီရိရပ်ကွက်နေ ဦးစိုးတင့်က ပြောသည်။
 
လက်ရှိတွင် နေပြည်တော် သီရိမြို့နယ်များ၌ အိမ်ခြံမြေဈေးကွက်ကျဆင်းနေသော်လည်း ၀ယ်ယူနေထိုင် မှုထက် ဌားရမ်းနေထိုင်မှု များသာ   ရှိကြောင်းသိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။