Friday, May 4, 2012

ဆင်ဆာ မရှိသင့်ဟု စာနယ်ဇင်းသမားများ တောင်းဆို

ချင်းမိုင် (မဇ္ဈိမ) ။        ။ မြန်မာနိုင်ငံတွင် သတင်းမီဒီယာများအား ဆင်ဆာ ဖြတ်တောက်သည့်စနစ် မရှိသင့်ကြောင်း ကြာသပတေးနေ့တွင် ကျရောက်သည့် ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့တွင် မြန်မာနိုင်ငံ သတင်းစာဆရာအသင်း
ဖြစ်မြောက်ရေး ကော်မတီမှ သဘောထား ထုတ်ပြန်ကြေညာလိုက်သည်။

“သတင်းမီဒီယာများအား မှတ်ပုံတင်သည်မှ ပုံနှိပ် ဖြန့်ချိသည်အထိ အဆင့်တိုင်းတွင် ဆင်ဆာစနစ် မရှိသင့်ပါ” ဟု
ကြေညာချက်တွင် ဖေါ်ပြပါရှိသည်။

ကော်မတီ၏ တွဲဘက်အတွင်းရေးမှူး (၃) Venus News Journal အယ်ဒီတာချုပ် ဦးမျိုးမင်းထိုက်က “ဘယ်စာစောင် မဆို စိစစ်ရေး မရှိဘဲနဲ့ ထုတ်ဝေခွင့် ရှိရပါမယ်။ အဲဒါကို ကျနော်တို့က တောင်းဆိုတာပါ” ဟု မဇ္ဈိမကို ပြောသည်။

ပုံနှိပ်မီဒီယာများနှင့် ပတ်သက်၍ အုပ်စုနှစ်စု ခွဲခြားထားပြီး အုပ်စု (၁) ‘ထုတ်/တင်’ အမျိုးအစားတွင် ပညာရေး၊ စီးပွားရေး၊ နိုင်ငံတကာရေးရာတို့အပြင် အနုပညာ သုတရသ၊ ကျန်းမာရေး၊ အားကစား၊ ကလေး၊ နည်းပညာတို့ ပါဝင်ကာ  ဂျာနယ်နှင့် မဂ္ဂဇင်းပေါင်း ၁၇၈ စောင်ရှိသည်။

အုပ်စု (၂) ဖြစ်သည့် ‘တင်/ထုတ်’ အမျိုးအစားတွင်  သတင်း၊ ဘာသာရေး၊ မူခင်းတို့ ကျန်ရစ်ကာ ဂျာနယ်နှင့် မဂ္ဂဇင်းပေါင်း ၁၈ဝ ကျော်ကို ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိ စာပေစိစစ်ရေးဌာနက စိစစ်ပြီးမှ ထုတ်ဝေခွင့်
ပြုထားသည်။

ကချင်ပြည်နယ်အတွင်း အစိုးရတပ်နှင့် KIO ကချင်လွတ်လပ်ရေးအဖွဲ့ တို့အကြား တင်းမာမှုများဖြစ်ပေါ်နေသည့် အချို့သတင်းများကို စိစစ်ရေးမှ ထုတ်ဝေခွင့်မပြုကြောင်း ဦးမျိုးမင်းထိုက်က ပြောသည်။

သတင်းထောက်များ ပြည်တွင်းပြည်ပ သွားလာခွင့်များကို ကန့်သတ်မှုများ ရှိနေကြောင်းလည်း ၎င်းက ပြောသည်။

“ကျနော်တို့ သတင်းထောက်တွေ သင်တန်းတက်ဖို့ လျှောက်တယ်ဆိုရင် စိစစ်မှုများတယ်။ နိုင်ငံကူးလက်မှတ် လုပ်ဖို့က တော်တော် ခက်တယ်။ သာမန်လူတယောက်လို မဟုတ်ဘဲ အဆင့်များတယ်။ ဂျာနယ်တိုက်က
ထောက်ခံချက် တောင်းတာမျိုး၊ စာပေနဲ့ စာနယ်ဇင်း အဖွဲ့က ထောက်ခံချက် တောင်းတာမျိုး” ဟု ဦးမျိုးမင်းထိုက် က မဇ္ဈိမကို ပြောသည်။

သတ္တုတွင်း ဝန်ကြီးဌာနမှ The Voice ဂျာနယ်ကို တရားစွဲဆိုထားမှုနှင့် ပတ်သက်၍လည်း စာနာထောက်ထားကြောင်း “လွတ်လပ်စွာ ရေးသားထုတ်လွှင့်ဖေါ်ပြခွင့်နှင့်ပတ်သက်၍ မီဒီယာများဖက်မှ ရပ်တည်သွားမည်” ဟု ကော်မတီ
ကြေညာချက်တွင် ဖေါ်ပြထားသည်။

မြန်မာနိုင်ငံသည် စာနယ်ဇင်း လွတ်လပ်မှု အဆိုးရွားဆုံး ကမ္ဘာ့ ၁ဝ နိုင်ငံ၏ အဆင့် ၇ တွင် ရှိနေသည်ဟု အမေရိကန် အခြေစိုက် ကမ္ဘာ့စာနယ်ဇင်းသမားများ ကာကွယ်ရေး ကော်မတီ CPJ ၏ ဗုဒ္ဓဟူးနေ့ အစီရင်ခံစာတွင် ဖေါ်ပြထားသည်။

ထိုအစီရင်ခံစာတွင် မြန်မာနိုင်ငံသည် ရုပ်သံ သတင်းမီဒီယာများကို ချုပ်ကိုင်ထားဆဲ ဖြစ်သကဲ့သို့ ပုံနှိပ်မီဒီယာများ ကိုလည်း အပတ်စဉ်သာ ထုတ်ဝေခွင့်ပြုထားပြီး နေ့စဉ် ထုတ်ဝေခွင့် မပြုသေးဟု ဖေါ်ပြထားသည်။

မေလ ၃ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အခမ်းအနားကို ရန်ကုန်မြို့ Central Hotel တွင် သတင်းစာဆရာအသင်း ဖြစ်မြောက်ရေး ကော်မတီက ကျင်းပခဲ့ပြီး စာနယ်ဇင်းသမား ၁ဝဝ ခန့် တက်ရောက်ခဲ့ကြ သည်။

သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ ရုပ်သံ၊ အီလက်ထရောနစ် မီဒီယာတို့မှ အယ်ဒီတာများ၊ သတင်းထောက်များ၊ ကာတွန်း၊ ကဗျာ၊ ဒီဇိုင်း၊ သရုပ်ဖော်ပန်းချီ၊ စာပြင်ဆရာ စသည့် စာနယ်ဇင်းသမားများ စုပေါင်း၍ ပြည်တွင်း ပြည်ပမှ သတင်းစာ ဆရာများ ပါဝင်သော သီးခြား လွတ်လပ်သည့် မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း ဖြစ်မြောက်ရေး ကော်မတီကို ဧပြီလ ၅ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။

ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အခမ်းအနားတခုကို UNESCO နှင့် ပြန်ကြားရေး ဝန်ကြီးဌာနတို့ ပူးပေါင်း၍ ရန်ကုန်မြို့ The Strand Hotel တွင် ပြုလုပ်ခဲ့သေးသည်။

ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ကို ၁၉၉၂ ခုနှစ်တွင် ကုလသမဂ္ဂအဖွဲ့ကြီးမှ စတင် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။