Friday, April 20, 2012

ကချင်ပြည်နယ်၊ ဆိုင်းတောင်ဗလီနေရာတွင် ခြံရှင်များအား ပြန်လည်နေထိုင်ခွင့်ပေး

ကချင်ပြည်နယ်၊ ဆိုင်းတောင်ဗလီနေရာတွင် ခြံရှင်များအား ပြန်လည်နေထိုင်ခွင့်ပေး



ကချင်ပြည်နယ် ဆိုင်းတောင်(ဆိပ်မူ)ကျေးရွာ သာယာကုန်းရပ်ကွက်၌ ဆောက်လက်စဗလီ ဖြိုချဖျက်ဆီးခံရသည့် ၎င်းနယ်မြေတွင် မူလခြံရှင်များအား ပြန်လည်နေထိုင်ခွင့်ပြုလိုက်ကြောင်း သိရှိရသည်။

“မကျူးကျော်ရ ဆိုင်းဘုတ် ခုတော့ မတွေ့တော့ဘူး။ ဗလီက ခြံပိုင်ရှင်တွေကိုလည်း ပြန်နေထိုင်ခွင့်ပေးလိုက်ပြီ” ဟု သာယာကုန်းကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။

အစိုးရမှ ဗလီတည်ဆောက်ခွင့် ပိတ်ပင်ထားသည့်ကြားမှ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတင်ထွဋ်နှင့် ညှိနှိုင်းကာ ဗလီတည်ဆောက်နေခြင်းကို ဖားကန့်မြို့နယ်ရှိ ကျောင်းထိုင်ဘုန်းကြီးများမှ ဧပြီ ၁၂ရက်နေ့တွင် လာရောက် ဖြိုချဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။
 
 “NLD ပါတီကလူငယ်တွေလည်း ပါတယ်။ အများကြီးပဲ လာဖျက်ကြတာ။ ဘုန်းကြီးတွေ၊ ရဲတွေက ဦးဆောင်ပြီး ဖျက်ကြတာ” ဟု မျက်မြင်တွေ့ခဲ့ရသူ ဒေသခံကချင်အမျိုးသမီးတစ်ဦးက ပြောသည်။
 
အဆိုပါ အစ္စလမ်ဘာသာဝင်များ ၀တ်ပြုရာကို ဖျက်ဆီးရာတွင် ကျောင်းထိုင်ဘုန်းကြီး (၇)ပါး၊ သံဃာတော်အပါး (၂၀၀)၊ NLDပါတီ လူငယ်အချို့နှင့်တာဝန်ရှိ ရဲဝန်ထမ်းများ ဖျက်ဆီးခဲ့သည်ဟု ဒေသခံများက ပြောဆိုသည်။
 
“ကျတော်တို့ NLD ပါတီက လူငယ်တွေတော့ မပါပါဘူး။ ကျတော် မေးကြည့်ပါတယ်။ သူတို့ တကယ် မပါ တာပါ။ ဘုန်းကြီးတွေနဲ့ ရဲတွေပါပဲ။ ဒီကျောင်းလည်း ဆောက်ခွင့် မရှိဘူးလေ။ သူတို့ဟာ သူတို့ ခိုးဆောက် ကြတော့ ဖျက်မှာပေါ့။” ဟု ဖားကန့်မြို့နယ် NLDပါတီ ကိုယ်စားလှယ် ဦးလဆိုင်းက မြစ်မခသို့ ပြောဆိုသည်။
 
 
အဆိုပါ ခြံဝင်းတွင် အစ္စလာမ်မိသားစုဝင်များနေထိုင်ခဲ့သည်မှာ နှစ် (၂၀)ခန့်ကြာပြီဖြစ်ကာ ၎င်းတို့အနေဖြင့် ဝတ်ပြုဆုတောင်းစီစဉ်များ အမြဲပြုလုပ်ခဲ့ကြောင်း သိရသည်။  လာရောက်ဝတ်ပြု ဆုတောင်းနေကြသည့် ဒေသခံများမှာ တစတစ များလာသဖြင့် ဗလီကျောင်းတော်ကြီး တည်ဆောက်ရန် သက်ဆိုင်ရာ အစိုးရထံ ခွင့်တောင်းခဲ့ခြင်း ဖြစ်သည်။
 
သက်ဆိုင်ရာ တာဝန်ရှိသူများမှ ၎င်းနယ်မြေအား “မကျူးကျော်ရ” ဆိုင်းဘုတ်တပ်ဆင်ထားပြီး တားမြစ်စည်း တားဆီးထားအပေါ် ယမန်နေ့ကမှ ယင်းခြံဝင်းအား ပြန်လည်နေထိုင်ခွင့်ပေးလိုက်ခြင်းဖြစ်သည်။



ဂျာတော့ပ်(မြစ်မခ- ကချင်ပြည်နယ်)
by Myit Makha Mediagroup 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။