Saturday, June 1, 2013

မြန်မာနိုင်ငံ၏ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် ကမ္ဘာ့ဘဏ်မှ ကူညီမည်


6.1.5

ရန်ကုန်မြို့၊ ၆ မိုင်ခွဲရှိ ကမ္ဘာ့ဘဏ်ရုံးအတွင်း တာဝန်ရှိသူများနှင့် မီဒီယာများ တွေ့ဆုံစဉ်

ရေ၊ မီး၊ လမ်းပန်း ဆက်သွယ်ရေးနှင့် ပညာရေး အပါအ၀င် မြန်မာနိုင်ငံ၏ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကမ္ဘာ့ဘဏ်မှ အကူအညီ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

''မြန်မာနိုင်ငံမှာ ရာခိုင်နှုန်း ၇၀ လောက်ရှိတဲ့ ပြည်သူတွေဟာ ကျေးလက်ဒေသမှာ နေထိုင်ကြတဲ့အတွက် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ကျေးလက်ဒေသမှာရှိတဲ့ လူတွေရဲ့ဘ၀ တိုးတက်ဖို့ လုပ်ဆောင်ပေးဖို့လည်း လိုပါတယ်။ အဓိကအားဖြင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ဖို့၊ ရေ၊ မီး ရရှိဖို့ လိုပါတယ်။ ဒါမှ နောက်တစ်ဆင့် အနေနဲ့ ကလေးတွေရဲ့ ပညာရေးအတွက်ကိုပါ အထောက်အကူ ဖြစ်သွားမှာပါ။ တိုင်းပြည်စီးပွားရေး တိုးတက်ဖို့အတွက် ရေရှည်အနေအထား တစ်ရပ်ကို ထည့်သွင်းဆွေးနွေးရင် ပညာရေးကို ချန်လှပ်ထားခဲ့လို့ မရပါဘူး။ ဒါကြောင့်မို့လို့ ကမ္ဘာ့ဘဏ်အနေနဲ့ ပညာရေး ဖွံ့ဖြိုးတိုးတက်ဖို့၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ဖို့ စတဲ့ အခြေခံ အဆောက်အအုံ ကောင်းတွေကို ကူညီပေးသွားမှာ ဖြစ်ပါတယ်'' ဟု ကမ္ဘာ့ဘဏ်၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသ ဒုတိယဥက္ကဋ္ဌဖြစ်သူ Axel van Trotsenburg က မေ ၃၁ ရက်တွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

လက်ရှိအနေအထားတွင်လည်း ကမ္ဘာ့ဘဏ်အနေဖြင့် မြန်မာနိုင်ငံ အစိုးရအား ကဏ္ဍအသီးသီး အကူအညီ အထောက်အပံ့များ ပေးနေကြောင်း နည်းပညာပိုင်းဆိုင်ရာ အကူအညီများအပြင် အစိုးရကိုယ်စားလှယ်များအား ပြည်ပနိုင်ငံများသို့ ပို့ဆောင်ရေး၊ ၎င်းတို့၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း အစီအစဉ်များကို လက်တွေ့ကွင်းဆင်း လေ့လာနိုင်ရန် အကူအညီများလည်း ပေးဆောင်နေကြောင်း အလားတူ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကမ္ဘာ့ဘဏ်နှင့်အတူ IFC (International Finance Corporation) တို့ မှလည်း အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကူအညီပေးနေကြောင်း သိရသည်။

''ကျေးလက်ဒေသတွေတင် မဟုတ်ဘဲ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ရေရရှိရေး၊ တယ်လီဖုန်းဆက်သွယ်ရေး၊ လမ်းပန်းဆက်သွယ်ရေး စတဲ့အခြေခံ အဆောက်အအုံတွေမှာ ရင်းနှီးမြှုပ်နှံခြင်းဟာ ဖွံ့ဖြိုးတိုးတက်မှု လျင်မြန်စေဖို့အတွက် အထောက်အကူ ဖြစ်စေပါတယ်။ လျှပ်စစ်မီး ရရှိအောင် ဆောင်ရွက်ခြင်းအားဖြင့် ကလေးငယ်တွေရဲ့ ပညာရေးအတွက် အများကြီး အထောက်အကူ ဖြစ်ပါတယ်။ ဆေးရုံ၊ ဆေးပေးခန်းတွေ အတွက်လည်း မရှိမဖြစ် လိုအပ်ပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိအနေအထားမှာ စုစုပေါင်း လူဦးရေရဲ့ လေးပုံတစ်ပုံလောက်ကပဲ လျှပ်စစ်မီး ရရှိကြတာပါ။ အဲဒီအတွက် ကမ္ဘာ့ဘဏ်အနေနဲ့ သဘာဝပတ်ဝန်းကျင်နဲ့ သင့်တော်တဲ့ ဓာတ်ငွေ့တာဘိုင်တွေကိုသုံးပြီး လိုအပ်ချက်မြင့်မားတဲ့ လျှပ်စစ်ဓာတ်အားကို ထုတ်ယူနိုင်ဖို့ အတွက်လည်း အကူအညီပေးနေပါတယ်'' ဟု ကမ္ဘာ့ဘဏ် ဒုတိယဥက္ကဋ္ဌက ပြောကြားခဲ့သည်။

မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မီးရရှိရေး ဆောင်ရွက်ရာတွင် ရေတို၊ ရေရှည် စီမံကိန်းများ ချမှတ်၍ ဆောင်ရွက်ရန် လိုအပ်ကြောင်း ကမ္ဘာ့ဘဏ်အနေဖြင့် လတ်တလော အခြေအနေတွင် မွန်ပြည်နယ်၌ လျှပ်စစ်ဓာတ်အား ရရှိရန်အတွက် မဂ္ဂါဝပ် ၁၂၀ ရှိသော ပရောဂျက်တစ်ခုအား စတင်လုပ်ဆောင်နေကြောင်း ရေရှည်အတွက်မူ လျှပ်စစ်ကဏ္ဍတွင် အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်း၍ လုပ်ဆောင်သင့်ကြောင်း ရင်းနှီးမြှုပ်နှံမှုများလည်း လုပ်ဆောင်သင့်ကြောင်းနှင့် ရေရှည်အတွက် ကောင်းမွန်သော စွမ်းအင်ထုတ်လုပ်မှုများကို ဦးစားပေး ထုတ်လုပ်သင့်ကြောင်း ပြောကြားခဲ့သည်။

သမ္မတမှ အခွန်အခများအား နိုင်ငံခြားငွေအစား ကျပ်ငွေဖြင့်ကောက်ခံရန် ညွှန်ကြားထားရာ ကညနမှ ယာဉ်မှတ်ပုံတင်ခကို ကျပ်ငွေဖြင့်လက်ခံရန် စီစဉ်


6.1.7

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနရုံး(ရန်ကုန်) ငွေသွင်းသည့်နေရာအား ဧပြီလ ၂၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဝင်း)

နိုင်ငံတော်သမ္မတ၏ နိုင်ငံခြားငွေဖြင့် ကောက်ခံနေမှုများအစား ပြည်တွင်းသုံး ကျပ်ငွေဖြင့် ကောက်ခံရန် ညွှန်ကြားချက် ထုတ်ပြန်ထားရာ ရထားပို့ဆောင်ရေး ၀န်ကြီးဌာန၊ ကညနမှ ယာဉ်မှတ်ပုံတင်ကြေးအား ကျပ်ငွေဖြင့် ပြောင်းလဲကောက်ခံရန် စီစဉ်နေကြောင်း သိရသည်။

နိုင်ငံတော်သမ္မတမှ နိုင်ငံတော်အတွင်း နိုင်ငံခြားငွေ သို့မဟုတ် အမေရိကန် ဒေါ်လာဖြင့် အခွန်အခများ ကောက်ခံခြင်း၊ ပေးချေခြင်း၊ လက်ခံခြင်း၊ လွှဲပြောင်းခြင်းများသည် ပြည်တွင်းဈေးကွက်တွင် ဒေါ်လာလိုအပ်ချက်ပမာဏ မြင့်မားစေသည့်အပြင် ပြည်တွင်းသုံး ကျပ်ငွေ၏ အသုံးဝင်မှု အခန်းကဏ္ဍကိုလည်း လျော့ကျစေကြောင်း၊ ထို့အတွက် ပြည်သူ့ရေးရာ ၀န်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် သာသနာရေး ၀န်ကြီးဌာနမှအပ ၀န်ကြီးဌာန/အဖွဲ့အစည်းများ အနေဖြင့် အခွန်အခများ ကောက်ခံခြင်း၊ ပေးချေခြင်း၊ လက်ခံခြင်း၊ လွှဲပြောင်းခြင်းများ၌ မြန်မာကျပ်ငွေဖြင့်သာ ကောက်ခံရန် နိုင်ငံတော်သမ္မတက ပြည်ထောင်စုဝန်ကြီး ဌာနများအားလုံးနှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့အားလုံးသို့ မေလ ၃၁ ရက်နေ့က ညွှန်ကြားချက် ထုတ်ပြန်ထားကြောင်းကို နိုင်ငံတော် သမ္မတရုံး ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။


နိုင်ငံခြားငွေ သို့မဟုတ် အမေရိကန် ဒေါ်လာဖြင့် အခွန်အခများ ကောက်ခံခြင်း၊ ပေးချေခြင်း၊ လက်ခံခြင်း၊ လွှဲပြောင်းခြင်းများသည် ပြည်တွင်းဈေးကွက်တွင် ဒေါ်လာလိုအပ်ချက် ပမာဏ မြင့်မားစေသည့်အပြင် ပြည်တွင်းသုံး ကျပ်ငွေ၏ အသုံးဝင်မှု အခန်းကဏ္ဍကိုလည်း လျော့ကျစေကြောင်း...


 

ရထားပို့ဆောင်ရေး ၀န်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနသို့ အများပြည်သူမှ ယာဉ်မှတ်ပုံတင်ကြေး ပေးသွင်းရာတွင် ယခင်က အက်ဖ်အီးစီဖြင့်သာ လက်ခံပြီး နောက်ပိုင်းတွင် အမေရိကန် ဒေါ်လာဖြင့် ပြောင်းလဲကောက်ခံလျက်ရှိရာမှ ယခုအခါ ကျပ်ငွေဖြင့် ပြောင်းလဲကောက်ခံရန် စီစဉ်နေသည်ဟု သတင်းရရှိသည်။

ရထားပို့ဆောင်ရေး ၀န်ကြီးဌာန၏ သတင်းထုတ်ပြန်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက နိုင်ငံတော် သမ္မတရုံးမှလည်း ထုတ်ပြန်ထားကြောင်း၊ ထို့အတွက်ကညနမှ ကောက်ခံနေသည့် ယာဉ်မှတ်ပုံတင်ကြေးအား ကျပ်ငွေဖြင့်သာ လက်ခံရန် ၀န်ကြီးဌာနသို့ အဆင့်ဆင့်တင်ပြကာ စီစဉ်နေကြောင်း သိရသည်။

ယခင်က လက်မခံသည့်အတွက် ကညန သို့ ယာဉ်မှတ်ပုံတင်ကြေး ပေးသွင်းမည့်သူများ အနေဖြင့် အမေရိကန်ဒေါ်လာအား ၀ယ်ယူပေးသွင်းနေရသည့်အတွက် နိုင်ငံတော် သမ္မတ၏ ညွှန်ကြားချက်တွင် ပါဝင်သည့်အတိုင်း ဈေးကွက်အတွင်း ဒေါ်လာလိုအပ်ချက်ကို ဖြစ်ပေါ်စေလျက်ရှိခြင်း၊ ပြည်တွင်း၌ ပေးသွင်းရခြင်း ဖြစ်သော်လည်း မြန်မာနိုင်ငံ ဖြစ်လျက်နှင့် ကျပ်ငွေအသုံးမ၀င် ဖြစ်နေခြင်း၊ ငွေလဲကောင်တာများမှ ၀ယ်ယူပေးသွင်းရခြင်း ဖြစ်ပြီး ငွေလဲကောင်တာများသာ ပိုမိုအမြတ်ရ အလုပ်ဖြစ်နေခြင်းများ ဖြစ်ပေါ်လျက်ရှိသည်။

နွားအကောင်လိုက် မှောင်ခိုတင်ပို့မှု များပြားနေ


6.1.13

မေလအတွင်းက ကျင်းပခဲ့သည့် ဥက္ကံမြို့ နွားပွဲဈေးအား တွေ့ရစဉ်(ဓာတ်ပုံ - အောင်ရဲကို)

နယ်စပ်ဒေသများတွင် တရားမ၀င် နွားမှောင်ခို သယ်ဆောင်မှုများ ဆက်တိုက်ဖြစ်ပွားနေပြီး တရုတ်နိုင်ငံမှ အေးခဲအမဲသား ၀ယ်ယူမှု ရပ်နားထားပြီးနောက်ပိုင်း နွားအကောင်လိုက် မှောင်ခို တင်ပို့မှု များနေကြောင်း သတင်းရရှိသည်။

နယ်စပ်ဒေသများတွင် တရားမ၀င် နယ်ကျော်နွားများ ဖမ်းဆီးရမိမှု ဆက်တိုက်လိုလို ဖြစ်ပွားနေကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။

မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်မှ အကြံပေး ဒေါက်တာသန်းလှက ''နွားနဲ့ပတ်သက်လို့ နယ်စပ်ကုန်သွယ်တင်ပို့မှုက တစ်ခန်းရပ်သွားပြီ။ ကျွန်တော်တို့ဆီမှာ ဥပဒေက နွားကို အသက်အရွယ် အကန့်အသတ်နဲ့ သတ်ရမယ့် ဥပဒေတွေ ရှိနေတယ်။ နည်းနည်းတော့ ဂွကျတယ်။ မှောင်ခိုတွေကလည်း အလုံးအရင်းနဲ့ သွားနေတယ်။ export အတွက်တောင် တော်တော် နည်းနေတယ်'' ဟု ပြောသည်။

နယ်စပ်ဒေသမှများမှတစ်ဆင့် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံများသို့ နွား၊ ကျွဲ၊ ဆိတ်များကို တရားမ၀င် မှောင်ခိုတင်ပို့ နေမှုများကြောင့် ပြည်တွင်းတွင် အသားနှင့် ခိုင်းနွားများ ရှားပါးလာမှုများနှင့် ကြုံနေမှုများ ရှိလာကြောင်း သိရသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမှ အေးခဲ အမဲသားဝယ်ယူမှု ရပ်တန့်ထားပြီး နောက်ပိုင်းတွင် နယ်စပ်ဒေသများမှတစ်ဆင့် တရုတ်နိုင်ငံသို့ နွားအကောင်အလိုက် မှောင်ခိုတင်ပို့မှုများ များပြားလာကြောင်း သတင်းရရှိသည်။

တချို့သားသတ်လိုင်စင် ရရှိထားသူများသည် လိုင်စင်စီ အခွင့်အရေးကို အသုံးချကာ ကျွဲ၊ နွား၊ တိရစ္ဆာန်များကို ခွင့်ပြုအကောင်ရေထက် ပိုမိုစုဆောင်း သတ်ဖြတ်နေခြင်း၊ တရားမ၀င် သယ်ဆောင်ခြင်း၊ မှောင်ခိုရောင်းဝယ်မှုများ ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ လယ်ယာစိုက်ပျိုးရေ ကဏ္ဍတွင် စက်မှုလယ်ယာစနစ်သို့ ပြောင်းလဲနေသော်လည်း လက်ရှိအချိန်အထိ နယ်မြေဒေသ အတော်တော်များများတွင် ကျွဲ၊ နွားများကိုသာ လယ်ယာစိုက်ပျိုးရေး အတွက် အဓိက အားထားနေရပြီး လုပ်ကိုင်နေရသောကြောင့် ကျွဲ၊ နွားတိရစ္ဆာန်များကို မှောင်ခိုရောင်းဝယ်မှုများ မဖြစ်ရန် ထိန်းသိမ်းကာကွယ် သင့်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပြည်ထဲရေး ၀န်ကြီးဌာနမှ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ရေးဆွဲနေ

ပြည်ထဲရေး ၀န်ကြီးဌာနမှ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ (မူကြမ်း)ကို ရေးဆွဲနေကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ အစည်းအဝေးသတင်း ထုတ်ပြန်ချက်အရ သိရသည်။

အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ (မူကြမ်း)ရေးဆွဲခြင်းနှင့် တရားမ၀င်သော နည်းလမ်းဖြင့် ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများ ထိန်းချုပ်ရေး ဥပဒေပြင်ဆင်ရေးဆွဲခြင်းနှင့် ပတ်သက်၍ မေ ၃၀ ရက်က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်တွင် အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန(စစစ)၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ အကောက်ခွန် ဦးစီးဌာန၊ အာရှ-ပစိဖိတ် ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေး အဖွဲ့တို့မှ တာဝန်ရှိသူများ ယင်းအစည်းအဝေးကို တက်ရောက်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ဒေသအချို့တွင် အကြမ်းဖက်မှုများ၊ ဘာသာရေး၊ လူမျိုးရေးနှင့် ဆက်နွှယ်သည့် ပဋိပက္ခများ ဖြစ်ပွားပြီးနောက်တွင် ယခုကဲ့သို့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ (မူကြမ်း)ရေးဆွဲခြင်းနှင့် ပတ်သက်သည့် သတင်းကို ဖော်ပြခဲ့ခြင်း ဖြစ်သည်။

လူစုလူဝေးများဖြင့် အကြမ်းဖက်မှုများသည် ရခိုင်ပြည်နယ်မှ အစပြု၍ ဖြစ်ပွားခြဲ့ပီး မန္တလေးတိုင်းဒေသကြီး မိတ္ထီလာ၊ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)ရှိ နတ္တလင်း၊ ဇီးကုန်း၊ ကြို့ပင်ကောက် အစရှိသည့် မြို့နယ်များ၊ ရန်ကုန်တိုင်းဒေသကြီး ဥက္ကံမြို့နယ်တွင်ပါ ဆက်လက်ဖြစ်ပွားခဲ့သည်။

လက်ရှိမေလ အတွင်းတွင်ပင် ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် လူစုလူဝေးများဖြင့် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း ဒေသကြီးတွင် ဖြစ်ပွားခဲ့သော လက်ပံတောင်းတောင် အရေးတွင်လည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အင်အားသုံး နှိမ်နင်းခြင်းအပေါ် ဝေဖန်မှုများ၊ အဓိက ရုဏ်းနှိမ်နင်းခြင်းနှင့် ပတ်သက်သည့် နည်းလမ်းများအပေါ် ဝေဖန်မှုများ ပေါ်ထွက်ခဲ့သည်။

အဓိကရုဏ်းများ၊ လူစုလူဝေးဖြင့် အကြမ်းဖက်မှု ဖြေရှင်းခြင်းများကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အောက်ရှိ ရဲတပ်ရင်းများ ကွပ်ကဲရေးအဖွဲ့ရှိ ရဲတပ်ရင်းများမှ အဓိက ဆောင်ရွက်နေကြောင်း သိရသည်။

မြစ်ဆုံစီမံကိန်းအား သမ္မတရပ်ဆိုင်းမှု နှစ်နှစ်မပြည့်ခင် ဆက်လက်လုပ်ဆောင်ရန် ဒေသခံများအား CPI ကုမ္ပဏီ လိုက်လံစည်းရုံး

မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းအား နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ ရပ်ဆိုင်းထားသော်လည်း အဆိုပါ စီမံကိန်းအား နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နောက် ဆက်လက်ဆက်ခံမည့် သမ္မတအသစ် လက်ထက်တွင် ဆက်လက်လုပ်ဆောင်ရန် အဆိုပါ စီမံကိန်းအား ဦးဆောင်လုပ်ကိုင်သည့် တရုတ် CPI ကုမ္ပဏီမှ ဒေသခံများအား စည်းရုံးမှုများ လုပ်ဆောင်နေကြောင်း စီမံကိန်းကြောင့် ပြောင်းရွှေ့ခံရသည့် ဒေသခံများ ဖွဲ့စည်းထားသည့် Mungchying Rawt Jat (MRJ) အဖွဲ့မှ သိရှိရသည်။

''ဒေသခံတွေကို CPI ကုမ္ပဏီက လူတွေက ကွင်းဆင်းပြီး ဒီစီမံကိန်း ဆက်လုပ်ဖို့ ထောက်ခံပေးပါ ဆိုတာမျိုးတွေနဲ့ စည်းရုံးနေသလို ဒေသခံတွေရဲ့ လူမှုရေး၊ စီးပွားရေးတွေကိုပါ ကူညီမယ်ဆိုတာမျိုးနဲ့ လိုက်စည်းရုံးနေပါတယ်။ ကျွန်မတို့က ဒီစီမံကိန်း ရပ်နေပြီ။ ဘာလို့စည်းရုံးနေတာလဲမေးတော့ CPI ကလူတွေက ဒီစီမံကိန်းက ဦးသိန်းစိန် လက်ထက်မှာပဲရပ်တာ နောက်တက်လာမယ့် သမ္မတလက်ထက်မှာ ပြန်လုပ်မယ်လို့ ပြောပါတယ်'' ဟု MRJ အဖွဲ့မှ ဒေါ်ဂျာခေါန်က ပြောကြားသည်။ နိုင်ငံတော်သမ္မတကြီးက မြစ်ဆုံစီမံကိန်းအား ၂၀၁၁ ခုနှစ် စက်တင်ဘာလမှ စတင်၍ ရပ်ဆိုင်းစေခဲ့သော်လည်း ဒေသခံများမှာ စီမံကိန်းများကြောင့် သိမ်းယူခံခဲ့ရသည့် ကျေးရွာနှင့် လယ်မြေများအား လက်ရှိကာလအထိ ပိုင်ဆိုင်မှု မရသေးသည့်အပြင် ရွှေတူးဖော်ခြင်းနှင့် စီမံကိန်းများကြောင့် ဒေသခံများ၏ ဥယျာဉ်ခြံမြေများမှာ ပျက်စီးနေပြီး ဖြစ်ကြောင်းလည်း သိရသည်။

''စီမံကိန်းရပ်လိုက်တယ် ဆိုပေမယ့် ကျွန်မတို့လို ပြောင်းရွှေ့ခံရတဲ့ သူတွေက အခုအချိန်ထိ ကိုယ့်နေရပ်ကိုယ် ပြန်ခွင့်မရပါဘူး။ ဒီစီမံကိန်းကိုလည်း ဆက်လုပ်ဖို့ လုံးဝသဘောမတူပါဘူး။ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်နောက် ဆက်ခံမယ့် သူတွေကိုလည်း ဒီစီမံကိန်း အပြီးသတ်ရပ်ပေးပါလို့ ပြောချင်သလို၊ သမ္မတကြီးကိုလည်း နောက်တက်မယ့် သမ္မတကို ဒီစီမံကိန်း မလုပ်ဆောင်ဖို့ အမှာစကား ပြောပေးပါလို့ တောင်းဆိုချင်ပါတယ်'' ဟု ဒေါ်ဂျာခေါန်က ဆက်လက်ပြောဆိုသည်။

မြစ်ဆုံ စီမံကိန်းအား ရပ်ဆိုင်းသည် ဆိုသော်လည်း တရုတ်ကုမ္ပဏီ CPI က မြစ်ဆုံဒေသမှ ထွက်ခွာမှုမရှိခြင်း၊ ဒေသခံများအား စီမံကိန်းဧရိယာအတွင်း သွားလာခွင့် ကန့်သတ်ခြင်း စသည့်ဖြစ်ရပ်များ ကြုံတွေ့နေရသဖြင့် ဒေသခံများမှာ အဆိုပါ ရပ်ဆိုင်းခြင်းအား သံသယ ဖြစ်ပေါ်နေကြောင်းလည်း MRJ အဖွဲ့မှ သိရှိရသည်။

တရုတ်ကုမ္ပဏီ CPI အနေဖြင့် မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းအား မြန်မာတစ်နိုင်ငံလုံး၏ သဘောဆန္ဒအရ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်လက်ထက်တွင် ရပ်ဆိုင်းခဲ့ရသော်လည်း လက်လျှော့မှုမရှိဘဲ လက်ရှိ အာဏာရပါတီ၏ အဓိကပြိုင်ဘက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား စီမံကိန်း ဆက်လက်လုပ်ရန် ချဉ်းကပ်မှုများ ပြုလုပ်ခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရခိုင်မျိုးနွယ်များ မြန်မာနိုင်ငံသို့ ထွက်ပြေးရောက်ရှိလာ

စစ်တွေ (မဇ္ဈိမ)။   ။ ရခိုင်ပြည်နယ်အတွင်း အုပ်စု နှစ်ခုကြား အပြန်အလှန် တိုက်ခိုက်မှုများကို အကြောင်းပြု၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရခိုင်မျိုးနွယ်စုများမှာ ဖိအားပေး ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်ရပြီး  ရခိုင်ပြည်နယ်သို့ ဝင်ရောက်လာလျက်ရှိကြောင်း ဒုက္ခသည်များနှင့် ကူညီ စောင့်ရှောက်နေသူများက ပြောသည်။

ဝင်ရောက်လာသူများမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရွာတော်ခရိုင်မှ အများစု ဖြစ်ပြီး စစ်တကောင်းခရိုင်နှင့် ရင်ဂါမာတီခရိုင်
တို့မှလည်း ပါဝင်သည်။ လက်ရှိတွင် မောင်တောနှင့် ကျောက်တော်မြို့နယ်များတွင် ၎င်းတို့ ခိုလှုံ နေထိုင်လျက် ရှိကြသည်။

"မနှစ်က ဇွန်လမှာ ရခိုင်အရေးအခင်း ဖြစ်ပြီး အောက်တိုဘာ ၄ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်နေ ရခိုင်တွေ
မောင်တောကို စဝင်တယ်။ ဒီဘက်မှာ ဖြစ်တဲ့ ပဋိပက္ခကို အခြေခံပြီးတော့ အဲဒီမှာနေတဲ့ ရခိုင်မျိုးနွယ်စု ဗုဒ္ဓဘာသာဝင်တွေကို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအရ ဖိနှိပ် ခြိမ်းခြောက်မှုတွေ လုပ်လာတာကြောင့် ရခိုင်ပြည်နယ်ထဲကို ဝင်ရောက် ခိုလှုံလာကြတာ ဖြစ်တယ်" ဟု မောင်တောမြို့၊ ဗဟိုကျောင်းတိုက် ဆရာတော် ဦးအာစရ က မိန့်ကြားသည်။

ဆရာတော်က ဆက်လက်၍ "မောင်တောမြို့နယ် တခုထဲထဲမှာ ရောက်နေတဲ့ ဒုက္ခသည် စာရင်းကတော့ အိမ်ထောင်စု
၂၅၇ စု၊ ကျား ၅၂၀၊ မ  ၅၄၇ ဦး ရှိတယ်။ အစောပိုင်းမှာ WFP က ဆန် အနည်းအကျဉ်း လှူခဲ့သေးတယ်။
နောက်ပိုင်းမှာတော့ ဒီလူတွေကို ဒုက္ခသည် မဟုတ်ဘူး ဆိုပြီး ရပ်ပစ်တယ်။ လောလောဆည် ဒုက္ခသည်တွေ ကို နတလ ရွာတွေမှာ ထားတယ်။ ဗဟိုကျောင်းမှာတော့ အိမ်ထောင်စု ၂၉ စု ကျန်နေသေးတယ်။ ဆက်ပြီး
ရောက်လာနေဆဲ ဖြစ်တယ်" ဟု မဇ္ဈိမကို မိန့်ကြားသည်။

၎င်းထွက်ပြေးလာရပုံကို မောင်တောမြို့ ဗဟိုကျောင်းတွင် ခိုလှုံနေသော ရွာတော်ခရိုင်၊ လမမြို့နယ်၊ အုန်းတပင်ရွာမှ ဦးမောင်ပုချေ က "ကျနော်တို့ ထွက်ပြေးမှာကို ကြိုသိလို့ (ဘင်္ဂလားဒေ့ရှ်) အာဏာပိုင်တွေက လမ်းတွေကို ပိတ်ဆို့ထားတယ်။ ည ၈နာရီလောက်မှာ ကျနော်တို့ ရခိုင်စုစုပေါင်း ၁၅ ယောက်ဟာ တယောက် လမ်းကြောင်း
တခုစီနဲ့ ရွာကနေ ခိုးထွက်ပြီး လမ်းမှာ ဆုံတယ်။ ညအမှောင်ထဲမှာ တောလမ်းက ဖြတ်ကြရတယ်။ လုံခြုံရေးနဲ့ မတွေ့အောင် ရှောင်ပြီး နှစ်ရက်တိုင်တိုင် လာခဲ့ရတယ်" ဟု ဆိုသည်။

၎င်းတို့ နေထိုင်ခဲ့ရာအရပ်တွင် ကြုံတွေ့ခဲ့ရသည့် အဓမ္မမှုများနှင့်ပတ်သက်၍ "ဒေသ အာဏာပိုင်တွေက ကျနော်တို့ ရခိုင်တွေကို မူဆလင်ဘာသာကို အတင်းဝင်ခိုင်းတယ်။

ယောက်ျားတွေကို အဓမ္မ တောက်ကျာ ဆောင်းခိုင်းတယ်။ စီးပွားရေးလုပ်ခွင့် မရဘူး။ မိန်းမတွေကိုလည်း ဆာရီ ဝတ်ခိုင်းတယ်။ အဲလိုမလုပ်ရင် ပြဿနာလုပ်တယ်။ မိန်းခလေးတွေ ကိုလည်း ကိုယ်ထိလက်ရောက်
စော်ကားကြတယ်။ အာဏာပိုင်တွေကို တိုင်ပြန်တော့လည်း ဘာမှလုပ်မပေးဘူး" ဟု ကျောက်တော်မြို့၊
ရွှေကျောင်း၌ ခိုလှုံနေသော ရင်ဂါမာတီမြို့နယ်၊ ပါးလူရွာမှ ဦးဆိုးရီ က ပြောသည်။

အစ္စလာမ် ဘာသာဝင် အများစုရှိရာ မောင်တောမြို့တွင် မနေဘဲ ကျောက်တော်မြို့အထိ ၇၄ ဦး ရောက်ရှိ လာကြောင်း ရခိုင်အမျိုးသမီးကွန်ယက်မှ ဒေါ်ညိုအေး က ပြောသည်။

"ရပ်မိရပ်ဖ၊ လူမှုကွန်ယက်များ၊ ရခိုင်မျိုးသမီး ကွန်ယက်တို့က ကူညီ စောင့်ရှောက်နေပါတယ်။ ပြည်နယ် အစိုးရကလည်း လာရောက် အားပေးစကားပြောပါတယ်" ဟု ဆိုသည်။

မောင်တော ဗဟိုကျောင်းနှင့် မြို့နယ်တွင်း အခြားဒုက္ခသည်စခန်းတွင်လည်း ပြည်နယ်အစိုးရ အပါအဝင် လူမှုအဖွဲ့အစည်းများက လာရောက်လှူဒါန်းနေပြီး မိုးတွင်း၌ ဒုက္ခသည်များ စားသောက်ရေး အကူအညီများ ထပ်မံလိုအပ်နေကြောင်း ဆရာတော် အာစရ က အမိန့်ရှိထားသည်။

၎င်းဒုက္ခသည်များအား ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာရုံး UNHCR က တရားဝင် ဒုက္ခသည်အဖြစ် သတ်မှတ်ရန်
နှောင့်နှေးကြန့်ကြာနေသည်ဟု သွားရောက်ကူညီနေသည့် ဝံလက် ဖောင်ဒေးရှင်းမှ ဒါရိုက်တာ ဦးဇော်ဇော်ထွန်း က ဝေဖန်လိုက်သည်။

"ဒုက္ခပေါင်းစုံနဲ့ ထွက်ပြေးလာတဲ့ ဒီဒုက္ခသည်တွေအပေါ်မှာ UNHCR အနေနဲ့ကူညီ ဆောင်ရွက်ဖို့ ငြင်းဆန်နေ တာဟာ တရားမျှတမှု မရှိသလို ဖြစ်နေတယ်။ တဖက်နိုင်ငံက လူ့အခွင့်အရေးချိုး ဖောက်ခံရပြီး နည်းမျိုးစုံနဲ့
ရောက်လာသူတွေကို ပြည်နယ်အစိုးရက လူသားချင်း စာနာမှုအပြည့်နဲ့ ခိုလှုံခွင့်ပေးနေချိန်မှာ ကုလသမဂ္ဂ တာဝန်ရှိအဖွဲ့အစည်းက ဒီလို တာဝန်မဲ့တဲ့ လုပ်ရပ်မျိုး လုပ်နေတဲ့အပေါ် အလွန်ပဲစိတ်ပျက်မိတယ်" ဟု
ထောက်ပြပြောဆိုသည်။

ပြည်နယ်အစိုးရအဖွဲ့ ပြန်ကြားရေးနှင့် သတင်းထုတ်ပြန်ရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင် ကလည်း
"ပြည်နယ်အစိုးရအနေနဲ့ ဒီဒုက္ခသည်တွေ အမိုးအကာအောက်မှာ ကောင်မွန်စွာနေထိုင်နိုင်ရေးအတွက် တတ်နိုင်သမျှ
စီစဉ်ပေးနေပါတယ်။ ဒါဟာ အစိုးရရဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာကြောင်းပြသခြင်း ဖြစ်သလို၊ လူသားချင်း စာနာမှုကိုလည်း ဖော်ညွှန်းခြင်း ဖြစ်ပါတယ်" ဟု ပြောဆိုသည်။

ရခိုင်မျိုးနွယ်စုများမှာ ယခု ဘင်္ဂလားဒေ့ရှ်နိုင်ငံ မပေါ်ပေါက်မီကတည်းကပင် အဆိုပါဒေသ၌ နှစ်ပေါင်းများစွာ ရပ်တည်နေထိုင်လာခဲ့ပြီး ယခုအခါ စစ်တကောင်း၊ ဖလောင်းချိတ်၊ ဗောဓိသျှ၊ ပေါက်တောခလီ၊ ဖခရာရှိုးရိ၊ ရင်ဂါမာတီ၊ ရွာတော် ခရိုင်နှင့် အခြားဒေသများများတွင် ယနေ့တိုင် နေထိုင်လျက်ရှိကြကြောင်း  ရခိုင်သမိုင်း သုတေသီ အရှင်ပညာစာရ က ဆိုသည်။

လက်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရခိုင်မျိုးနွယ်စု လူဦးရေ ၃ သိန်းကျော် ရှိကြောင်း ခန့်မှန်းပြောဆိုကြသည်။

KIO နှင့် ကုလ ကိုယ်စားလှယ်များ စစ်ပြေးဒုက္ခသည်များထံ သွားရောက် အားပေး

(မဇ္စျိမ)။   ။ ကချင်ပြည်နယ် မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ စစ်ပြေး ဒုက္ခသည်များအား ကချင် လွတ်လပ်ရေးအဖွဲ့ (KIO) ငြိမ်းချမ်းရေး ကိုယ်စားလှယ်များနှင့် ကုလမသဂ္ဂ အထူး ကိုယ်စားလှယ်တို့ ယနေ့ သွားရောက် အားပေး စကားပြောဆိုခဲ့ကြသည်ဟု ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလမိုင်ဂမ်ဂျာ က ပြောသည်။

Kachi-Warrefugee-Camp-1

(ဓာတ်ပုံ - မိုင်းမိုင်၊ မဇ္ဈိမ)


KIO ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဆွမ်းလွှတ်ဂွမ်မော်နှင့် ဗိုလ်မှူးကြီး ဇော်တောင်တို့က နံနက် ၁၁ နာရီမှစတင်၍ ဝိုင်းမော်မြို့နယ် မုန်နာ စစ်ပြေးဒုက္ခသည်စခန်းသို့ သွားရောက်ခဲ့သည်။

"ပြန်လည်တွေ့ဆုံ ရတဲ့အတွက် ဝမ်းသာတယ်လို့ ပြောလိုပေမယ့် ဒုက္ခသည်စခန်းမှာ တွေ့ရတဲ့အတွက် ဝမ်းသာတယ်လို့ ပြောရတာက သိပ်တော့မကောင်းလှပါဘူး။ ဒါပေမယ့် ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းပါတယ်" ဟု ဗိုလ်ချုပ်ဂွမ်မော် က ပြောသည်။

KIO နှင့် ကုလ ကိုယ်စားလှယ်များအား စခန်းရှိ ထောင်နှင့်ချီသော လူထုက ကြိုဆိုခဲ့ကြပြီ တနာရီခွဲကြာ
တွေ့ဆုံခဲ့သည်။

"ဒီနေ့တော့ တကယ်ဝမ်းသာတယ်။ IDP (ပြည်တွင်းဒုက္ခသည်စခန်း)မှာ ကူညီနေရတာ တကယ်ကျေနပ် သွားပြီ၊ ဒု-စစ်ဦးစီးချုပ် ကိုယ်တိုင် လာရောက် တွေ့ဆုံတဲ့အတွက်။ တချို့  IDP လူထုက စကားတွေ အများကြီး ပြောချင်တယ်။ ဒါပေမယ့် တွေ့ဆုံချိန် နည်းတယ်" ဟု စခန်းတာဝန်ခံ ဦးခေါင်ဒေါင် က ပြောသည်။

ထို့နောက် စစ်ပြေး ဒုက္ခသည်ကလေးများအတွက် ကချင်နှစ်ခြင်းအသင်းတော်မှ ဖွင့်လှစ်ထားသော
ဘော်ဒါ ကျောင်းဆောင်သို့ သွားရောက်ကာ အားပေးခဲ့ကြသည်။

"မင်းတို့ရဲ့ အလုပ်က စာသင်မယ်။ ကိုယ်တတ်ရမယ့် စာကို သေချာမှတ်ဖို့၊ ဟိုမှာ တိုက်ပွဲ ဖြစ်နေတယ်။
ဟိုမှာ ဘာဖြစ်နေတယ်ဆိုတာတွေ သိထားရင် ပြီးပြီ။ ကျနော်တို့ ကူညီသွားမယ်။ မင်းတို့ ကျောင်းသားတွေ စာသင်နိုင်ဖို့၊ လုံခြုံစွာ စာသင်ဖို့၊ ငြိမ်းချမ်းစွာ စာသင်နိုင်ဖို့ ကျနော်တို့ ကူညီထောက်ပံ့သွားမယ်" ဟု ဗိုလ်ချုပ် ဂွမ်မော် က ပြောဆိုခဲ့သည်။

ထိုဘော်ဒါဆောင်တွင် စစ်ပြေးဒုက္ခသည် ကျောင်းသား/သူ ၁၅၃ ဦး ရှိသည်။

"တချိန်ချိန်မှာ တဦးချင်း တိုးတက်မှု အမျိုးမျိုးရှိလာမယ်။ နံပါတ် ၂ က လိမ္မာရမယ်။ လိမ္မာတယ်ဆိုတာက နာခံမှုရှိရမယ်။ ဒီနေ့ မင်းတို့ ၁၅၃ တနေ့မှာ ပညာတတ်ဖြစ်လာမယ်။ ဘာလို့လဲဆိုတော့ ခုလို ဒုက္ခရောက်တဲ့အချိန် ချစ်ခြင်းမေတ္တာနဲ့ မင်းတို့ တာဝန်ယူနေတယ်။ တနေ့မှာ အမျိုးသားရေးအတွက် တိုင်းပြည်အတွက် ကောင်းတဲ့မျိုးစေ့ ဖြစ်တယ်" ဟု KIO ဒု-စစ်ဦးစီးချုပ်က ပြောဆိုခဲ့သည်။

အစိုးရငြိမ်းချမ်းရေး လုပ်ငန်းကော်မတီ နှင့် KIO ကိုယ်စားလှယ်အဖွဲ့ တို့၏ မေလ ၃၀ ရက်နေ့က သဘောတူညီပြီးဖြစ်သည့် နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်သည့် ပြည်သူများအတွက် ပြန်လည်
ထူထောင်ရေး ကိစ္စရပ်များကို ညှိနှိုင်းကာ ဆက်လက် ဆောင်ရွက်သွားရာတွင် ရပ်မိရပ်ဖများနှင့် ဒုက္ခသည်များ သဘောထား ဆွေးနွေးချက်များပေါ် မူတည်၍ ဖြစ်နိုင်ခြေရှိသည့် ကျေးရွာများကို
ရွေးချယ်ပြီး ပြန်လည်နေရာချထားသွားမည်ဟုလည်းပြောဆိုသွားသည်။

စစ်ပြေးဒုက္ခသည်များထံ လာရောက်တွေ့ဆုံကာ အားပေးစကားပြောကြားပေး၍ အားတက်ရကြောင်း ဝိုင်းမော်မြို့နယ် ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းတော်မှ အတွင်းရေးမှူး ဆရာဒေါင်ခေါင်း က မဇ္စျိမကို ပြောသည်။

"KIO ခေါင်းဆောင်တွေ၊ UN က လူကြီးတွေ ကျနော်တို့ဆီ လာရောက်အားပေးလို့ အရမ်း ကျေးဇူးတင်တယ်။ ခုပဲ UN ကနေ ပြောနေတယ်။ ကလေးတွေကို ကူညီမယ်။ ဗိုလ်ချုပ် ဂွမ်မော်ကလည်း ပညာရေးကြိုးစားပါ။ မင်းတို့ လုပ်ရမှာက စာကြိုးစားဖို့ပဲ ဆိုပြီး ပြောလို့ ကလေးတွေလည်း အားတက်တယ်။ ကျနော်တို့ လုပ်နေတဲ့ လူတွေလည်း အရမ်း အားရ ကျေနပ်တယ်" ဟု သူက ပြောသည်။

အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဘီးယား ကလည်း အစိုးရနှင့် KIO တို့အကြား ယမန်နေ့က သဘောတူညီချက်များသည် နှစ်ဖက် တိုက်ပွဲလျှော့ရန်နှင့် နိုင်ငံရေး ဆက်လက် ဆွေးနွေးရန် အထောက်အကူပြုသော ကတိကဝတ်ဖြစ်၍ ထိုကတိကဝတ်ကို ကုလသမဂ္ဂ အပါအဝင် ကမ္ဘာက
စောင့်ကြည့်နေသည်ဟု ပြောဆိုသည်။

"စစ်ပွဲကြောင့် ပြည်သူတွေ ခုလို ကိုယ့်မြေကနေ ပြောင်းရွှေ့ပြီး ဒုက္ခရောက်နေရတယ်ဆိုတာ သိပါတယ်။ မနေ့က စည်းဝေးက သဘောထားတွေကို နှစ်ဖက်စလုံး သဘောထားကြီးကြီးနဲ့ မကြာခင်မှာ လုပ်ဆောင်ပြီး စစ်ပြေး ဒုက္ခသည်တွေလည်း ကိုယ့်နေရပ်ကို အဆင်ပြေချောမွေ့စွာ ပြန်နေထိုင်နိုင်လိမ့်မယ်ဆိုတာ ယုံကြည်တယ်။ ကျနော်တို့လည်း ခင်ဗျားတို့နဲ့အတူ ရှိမှာပါ။ ငြိမ်းချမ်းရေးရဖို့ ကုလသမဂ္ဂက ပြည်သူနဲ့ရော၊ အစိုးရနဲ့ရော KIO အားလုံးနဲ့ သဘောတူ လုပ်ဆောင်သွားမယ်လို့ ကျနော်ယုံကြည်ပါတယ်" ဟု မုန်နာ စစ်ပြေး ဒုက္ခသည်စခန်းတွင် ပြောကြားခဲ့သည်။

နှစ်နှစ်တာ ကာလ ပြည်တွင်းစစ်ပွဲတွင် KIO စစ်သား ၃၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရပြီး ၆၀၁ ဦး ဒဏ်ရာရ ခဲ့ကာ ၈ ဦးမှာ အဖမ်းခံရပြီး ၈ ဦး ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း KIO ဒု-စစ်ဦးစီးချုပ်က ရှင်းပြသည်။ ထို့အတူ ကျေးရွာစွန့်ခွာ ထွက်ပြေးလာသူ တသိန်းထက် မနည်းရှိနေပြီး အများစုမှာ မိခင်နှင့်ကလေးငယ်များ
ဖြစ်ကာ အချို့ ကလေးများ ကျောင်းထွက်နေရကြောင်းနှင့် KIO တာဝန်ယူနေရသော ဒေသတွင်
ကျောင်းသားဦးရေ နှစ်သောင်းကျော်ရှိနေပြီး ကျောင်းဆောင်နှင့် ဆရာ/ဆရာမများ အခက်အခဲ ရှိနေကြောင်း ဗိုလ်ချုပ် ဂွမ်မော် က ပြောကြားခဲ့သည်။

ထို့အတူ ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့လည်း ပြည်နယ်အစိုးရအဖွဲ့များနှင့် ကုလ ကိုယ်စားလှယ်များ လိုက်ပါလျက် ဝိုင်းမော်မြို့ နယ် မုန်နာ ကက်သလစ်ကျောင်း ဒုက္ခသည်စခန်းသို့ သွားရောက်တွေ့ဆုံ အားပေးခဲ့ကြသည်။

အလားတူ KIO ငြိမ်းချမ်းရေးကိုယ်စားလှယ် ခေါင်းဆောင် ဆရာကြီး ဦးဆွမ်းလွတ်ဂမ်၊ ဗိုလ်မှူးကြီး
လှအောင်၊ ဗိုလ်မှူးကြီး ခွန်းနောင်တို့က မြစ်ကြီးနားမြို့ပေါ်ရှိ စစ်ပြေးဒုက္ခသည်စခန်းများအား သွားရောက်၍ အားပေးခဲ့ကြသည်။

မနက်ဖြန် ဇွန်လ ၁ ရက်နေ့တွင် KIO ငြိမ်းချမ်းရေးကိုယ်စားလှယ်များ ၎င်းတို့ ဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့သို့ ပြန်လည် ထွက်ခွာမည် ဖြစ်ရာ ၎င်းတို့အား ကချင်ငြိမ်းချမ်ရေး အကျိုးဆောင်အဖွဲ့ (PCG) ကိုယ်စားလှယ်များနှင့် ကုလသဂ္ဂ ကိုယ်စားလှယ် မစ္စ မာရီယန်တို့က လိုက်ပါ ပို့ဆောင်မည် ဖြစ်ကြောင်း သိရသည်။

ဒေသန္တရ အမိန့်ကို ရခိုင်ပြည်နယ် ၈ မြို့နယ်ရှိ NLD ထောက်ခံကြောင်း ထုတ်ပြန်

စစ်တွေ (မဇ္ဈိမ)။   ။ ရခိုင်ပြည်နယ်ရှိ ၈ မြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မြို့နယ် အဖွဲ့ဝင်များက မောင်တောခရိုင်အတွက် လူဦးရေ မွေးဖွားနှုန်း ကန့်သတ်ရန် ထုတ်ပြန်ထားသည့် ဒေသန္တရ အမိန့်ကို ထောက်ခံကြောင်း သဘောထားကို မေလ ၃၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။

ရခိုင်ပြည်နယ်တွင် ၁၇ မြို့နယ် ရှိသည့်အနက် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်၊ မင်းပြား၊ မြေပုံ၊ မြို့နယ်များရှိ မြို့နယ် NLD များက သဘောထား ထုတ်ပြန်ကြခြင်း ဖြစ်သည်။

"ပြည်နယ်အစိုးရက မောင်တောခရိုင်မှာ အိမ်ထောင် တစုကို သားသမီး ၂ ယောက်ပဲ ယူရမယ်။ တကြိမ်သာ လက်ထပ် ထိမ်းမြားရမယ်ဆိုတဲ့ ဒေသန္တရအမိန့် ထုတ်ပြန်တာကို မီဒီယာတွေက တဆင့် ကြားသိရတယ်။ ရခိုင်ပဋိပက္ခ စုံစမ်းရေး ကောက်မရှင်ကလည်း အကြံပြုထားတာ ရှိတယ်။

ဒီအမိန့် ထုတ်ပြန်လိုက်တာဟာ ဒေသအခြေအနေနဲ့ သဟဇာတ ဖြစ်တဲ့အတွက် ကျနော်တို့ ၈ မြို့နယ်က အဖွဲ့ချုပ် အဖွဲ့ဝင်တွေ ဆန္ဒအရ အလေးအနက် ထောက်ခံကြောင်း သဘောထား ထုတ်ပြန်ရတာ ဖြစ်တယ်" ဟု စစ်တွေမြို့နယ် ဥက္ကဋ္ဌ ဦးစံရွှေထွန်း က မြို့နယ်ရုံး၌ သတင်းထောက်များအား ယနေ့ ပြောကြားလိုက်သည်။

ထို့ပြင် အဆိုပါ ဒေသန္တရ အမိန့်မှာ" ရခိုင်ပြည်နယ်၏ ပထဝီနိုင်ငံရေးနှင့် အမျိုးသားလုံခြုံမှု အရလည်းကောင်း အလွန်လိုအပ်နေပါသောကြောင့် ကျွန်ုပ်တို့အနေဖြင့် အလေးအနက် ထောက်ခံပါသည်" ဟု ကြေညာချက်တွင် ဖော်ပြပါရှိသည်။

ယနေ့ထုတ်ပြန်ချက်မှာ NLD ဗဟိုနှင့် ပြည်နယ်၏ ညွှန်ကြားချက်အရ မဟုတ်ဘဲ ၎င်းတို့ဒေသဋ္ဌ နိုင်ငံရေး၊ စည်းရုံးရေး အခြေအနေအပေါ် မူတည်၍ မြို့နယ်အလိုက် ထုတ်ပြန်ရခြင်းဖြစ်ကြောင်း ပုဏ္ဏားကျွန်းမြို့နယ် NLD ဥက္ကဌ ဦးကျော်အေး က မှတ်ချက်ပြု ပြောဆိုသည်။

အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ NLD ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်လည်းဖြစ်၊ ရခိုင်ပြည်နယ် ဥက္ကဋ္ဌလည်း ဖြစ်သည့် ဦးညီပု ထံ မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ ယခုထုတ်ပြန်ချက်အား ပြည်နယ်နှင့်ဗဟိုမှ မသိရှိကြောင်းနှင့် မိမိအနေဖြင့် မှတ်ချက်တစုံတရာ မပေ လိုကြောင်း တုန့်ပြန်ပြောဆိုသည်။

ထုတ်ပြန်ချက်တွင် ဖော်ပြထားသည့် မိတ္တူပေးပို့ခြင်းတွင် NLD ဗဟို အပါအဝင် ပြည်နယ် အစိုးရအဖွဲ့နှင့် အခြား နိုင်ငံရေး၊ လူမှုရေးအဖွဲ့အစည်းများ ပါဝင်သည်။

ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် မောင်တောခရိုင်အတွင်း ဒေသန္တရအမိန့် ထုတ်ပြန်ခြင်းမှာ ခွဲခြားဆက်ဆံမှု ဖြစ်ပြီး လူ့အခွင့်အရေး ချိုးဖောက်ကြောင်း မေလ ၂၇ ရက်နေ့က မီဒီယာများသို့ ပြောဆို ထားပြီး လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့ (HRW) ကလည်း ဝေဖန်ထောက်ပြမှုများ ရှိနေသည်။

ထို့ပြင် ဗဟိုအစိုးရ ပြန်ကြားရေး ဒု-ဝန်ကြီး ဦးရဲထွဋ် ကလည်း အဆိုပါ ဒေသန္တရအမိန့်အား ပြန်လည်သုံးသပ်
ရန်ရှိကြောင်း ဗွီအိုအေ အမေရိကန် အသံသို့ ပြောဆိုထားသည်။

မောင်တောခရိုင်တွင် မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တို့ ပါဝင်ပြီး မူဆလင်အများစု နေထိုင်ရာ
ဒေသလည်း ဖြစ်သည်။

"ကုန်ခဲ့တဲ့ ရက်ပိုင်းကပဲ မောင်တောခရိုင်မှာ ဒီအမိန့်ကို ထပ်မံ ထုတ်ပြန်လိုက်တာပါ။ ဒါက အခုမှ ပြဋ္ဌာန်းတဲ့ အမိန့် မဟုတ်ဘူး။ အရင်ကတည်းက ရှိပြီးသား ဖြစ်တယ်။ စုံစမ်းရေး ကော်မရှင်ကလည်း မောင်တောခရိုင်မှာ တရားမဝင် ကလေးပေါက်ပွားနှုန်း အရမ်းများနေတာကို ထောက်ပြထားတာလည်း ရှိတယ်။ ဒီအမိန့်ကို အကောင်အထည်ဖော်ခြင်းဟာ လူ့အခွင့်အရေး ချိုးဖောက်ရာ မရောက်ဘူး။ နိုင်ငံ တည်ငြိမ်အေးချမ်းရေး အတွက် ဥပဒေနဲ့အညီ ဆောင်ရွက်တာ ဖြစ်တယ်။ တရုတ်နိုင်ငံမှာလည်း ကလေး နှစ်ယောက်ထက် ပိုမယူရ ဥပဒေကို တနိုင်ငံလုံးမှာ ပြဋ္ဌာန်းထားတာရှိတယ်။ ဘယ်သူမဆို မိမိတို့ နေထိုင်ရာနိုင်ငံရဲ့ တည်ဆဲဥပဒေတွေ ကို လိုက်နာကြရတာပဲလေ" ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းပြန်ကြားရေးနှင့် မှတ်တမ်း စုဆောင်းရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင် က မေလ ၂၂ ရက်နေ့က မဇ္ဈိမကို ပြောဆိုခဲ့သည်။

၁၇ (၁) ဦးဘရန်ရှောင်အမှု စီရင်ချက်ချပြီး တပတ်အတွင်း လွှတ်ပေးမည်ဟု ဦးအောင်မင်း ပြော

ချင်းမိုင်(မဇ္စျိမ)။   ။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO အဖွဲ့ဝင်ဟု စွပ်စွဲ၍ ဖမ်းဆီးခံထားရသော စစ်ပြေးဒုက္ခသည် ဦးဘရန်ရှောင်အား တရားလွှတ်တော်၏ စီရင်ချက်ချပြီးနောက် တပတ်အတွင်း လွှတ်ပေးမည်ဟု ဝန်ကြီး ဦးအောင်မင်း က ယနေ့ ပြောဆိုခဲ့ကြောင်း ဂျန်မိုင်ကောင်း နှစ်ခြင်း အသင်းတော်မှတဆင့် သိရသည်။

ယနေ့ နံနက် ၉ နာရီကျော်တွင် ဝန်ကြီး ဦးအောင်မင်းနှင့် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ နမ်ဘီးယားတို့က မြစ်ကြီးနားမြို့ရှိ ဂျန်မိုင်ကောင်း ဒုက္ခသည်စခန်းသို့ လာရောက်စဉ် ဖမ်းဆီးခံထားရသော ဦးဘရန်ရှောင်အား စစ်မှန်သော နည်းလမ်းဖြင့် ပြန်လွှတ်ပေးရန် တင်ပြခဲ့သည့် အပေါ် ဝန်ကြီးက ပြန်လည်
ဖြေကြားခဲ့ခြင်း ဖြစ်သည်။

"ကျနော် တောင်းဆိုတာက စစ်မှန်တဲ့နည်းနဲ့ ဖြေရှင်းပေးဖို့ တောင်းဆိုတယ်။ တပတ်အတွင်း လွှတ်ပေးမယ်လို့ ကတိပေးသွားတယ်။ ဒါပေမယ့် တပတ်အတွင်း ဆိုတာက တရား လွှတ်တော်ရုံးက စီရင်ချက်ကို အရင်ချပြီးမှ
နောက်မှာမှ တပတ်အတွင်း လွှတ်ပေးမယ်လို့ ပြောတယ်" ဟု အသင်းတော်မှ ဆရာအောင်မြတ် က မဇ္စျိမကို ပြောသည်။

အသင်းတော်နှင့် တွေ့ဆုံစဉ် ဝန်ကြီးက KIO နှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများကို ရှင်းလင်းပြောကြားခဲ့ပြီး ယခင်က KIO ကို မတရားအသင်းအဖြစ် သတ်မှတ်ထားကြောင်း အကယ်၍ ငြိမ်းချမ်းသွားလျှင် မတရားအသင်း ၁၇(၁) ဖြင့် ဖမ်းဆီး ထားသူများ အားလုံးကို ပြန်လည် လွတ်မြောက်သွားနိုင်မည်ဟု
ပြောဆိုခဲ့သည်ဟု သူက ပြန်ပြောပြသည်။

"နိုင်ငံတော်ရဲ့ ဖွဲ့စည်းပုံကို ပြောပါတယ်။ တရားလွှတ်တော်ရဲ့ လုပ်ပိုင်ခွင့်နဲ့ နိုင်ငံတော် အုပ်ချုပ်ရေး အပိုင်းက လုပ်ပိုင်ခွင့် သီးခြားစီ ရှိတယ်ဆိုတဲ့အကြောင်း ထည့်ပြောပြီးမှ တရားလွှတ်တော်ထဲမှာ အမှုရင်ဆိုင်နေတဲ့ လူတွေကို ဒီနိုင်ငံတော်က ဝင်ရောက် စွက်ဖက်ပိုင်ခွင့် မရှိဘူး။ အဲဒီကနေ စီရင်ချက်ချပြီးမှပဲ ဝင်စွက်ခွင့်ရှိ တယ်" ဟု ဆရာအောင်မြတ် က ပြောသည်။

ပထမ ဖြောင့်ချက်ရယူခဲ့သူ မြို့နယ် ဒု-တရားသူကြီး ဦးဇော်မင်းကို သက်သေ သို့မဟုတ် ရုံးခေါ်သက်သေ အဖြစ် စစ်ဆေးခွင့်ပြုရန် ဦးဘရန်ရှောင်၏ ရှေ့နေ ဦးဂျီမာခါးဘက်မှ လျှောက်ထားချက်ကို တတိယကြိမ်
မြောက်အဖြစ် ယမန်နေ့က ပြည်နယ် တရားလွှတ်တော်မှ ပယ်ချခဲ့သည်ဟု သိရသည်။ မြို့နယ် တရားရုံးနှင့် ခရိုင် တရားရုံးများမှလည်း ပယ်ချခဲ့ပြီး ဖြစ်သည်။

ယမန်နှစ် ဇွန်လ ၂၈ ရက်နေ့က ဒု မြို့နယ်တရားသူကြီး ဦးဇော်မင်းက ဖြောင့်ချက်ယူစဉ် ဦးဘရန်ရှောင်၏ မျက်နှာတွင် ဒဏ်ရာများရနေခြင်းနှင့် ဗိုက်တွင် အသံဖမ်းစက် ကပ်ပေးထားမှုကို စစ်ဆေးတွေ့ရှိခဲ့သဖြင့် ထိုနေ့မှာဘဲ စစ်ဆေးမှု ရုပ်သိမ်းလိုက်သည်။

သူ့ကို ယမန်နှစ် ၂၀၁၂ ခုနှစ် ဇွန်လက ဂျန်မိုင်ကောင်း စစ်ပြေးဒုက္ခသည်စခန်းမှ ဖောက်ခွဲမှုဖြင့် အမှတ် (၁) ရဲစခန်းမှ ဒုစရိုက်နှိမ်နှင်းရေးအဖွဲ့ ဒု-ရဲအုပ် ကျော်မျိုးနိုင်နှင့် အဖွဲ့က ဖမ်းဆီးခဲ့ပြီး စရဖ ထံလွှဲပြောင်းပေးခဲ့စဉ်
နှိပ်စက်ခံရသည်ဟု ကာယကံရှင်က ထုတ်ဖော်ပြောဆိုခဲ့သည်။ နောက်ပိုင်းတွင် ၁၇ (၁) ဖြင့် ပြောင်းလဲ စွဲဆိုထားခြင်းသည်။

ပီနံအိတ်စက်ရုံ လုပ်သားများ အစာငတ်ခံ ဆန္ဒပြမှု ငါးရက်ရှိသော်လည်း မပြေလည်သေး

ရန်ကုန် (မဇ္ဈိမ)။   ။ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ငွေပင်လယ် ရေလုပ်ငန်း စက်မှုဇုန် အတွင်းရှိ စံကောင်း ပီနံအိတ် စက်ရုံ အလုပ်သမားများ အစာငတ်ခံဆန္ဒပြမှု ငါးရက်မြောက် နေ့အထိ တောင်းဆိုသည့် အချက်များကို စက်ရုံဘက်မှ လာရောက်ညှိနှိုင်းခြင်း မရှိကြောင်း ထိုစက်ရုံ အလုပ်သမား သမဂ္ဂခေါင်းဆောင် ကိုဝင်းထွန်းအောင် က မဇ္စျိမကို ပြောသည်။

"လှိုင်သာယာမြို့နယ် အလုပ်သမားရုံးကလည်း အလုပ်သမားဥပဒေတွေ ဘာတွေ ထုတ်ပြန်ထားတယ် ဆိုတာကိုပဲ ဆန္ဒဖော်ထုတ်တဲ့နေရာကို လာပြောတာရှိတယ်။ ဘာညှိနှိုင်းမှုမှ လုပ်ပေးတာ မရှိဘူး" ဟု ပြောသည်။

အချိန်ပိုကြေး ပေးရန်နှင့် လုပ်ခ၊ လစာ တိုးမြှင့်ပေးရန် တောင်းဆိုမှုဖြင့် စက်ရုံအလုပ်သမား ၄၇ ဦးကို စက်ရုံပိုင်ရှင်မှ ဧပြီလတွင် အလုပ်ထုတ်ပစ်ခဲ့ရာမှ အလုပ်သမား ၅၀၀ ကျော် ဆန္ဒပြမှုများ မေလ ၁၁ ရက်နေ့က ဖြစ်ပွားလာခဲ့သည်။

ယခု အလုပ်သမား ၁၆ ဦး အစာငတ်ခံ ဆန္ဒပြခြင်းကို စံကောင်းစက်ရုံရှေ့တွင် မေလ ၂၇ ရက်နေ့က စတင်ခဲ့ခြင်းဖြစ်ပြီး ဆန္ဒပြ အမျိုးသမီးတဦး ကျန်းမာရေး ချွတ်ယွင်းလာကာ အင်းစိန်ဆေးရုံသို့ ဆေးဝါးကုသမှု ခံယူထားရသည်ဟု အစာငတ်ခံ ဆန္ဒပြနေသူ မခင်စောသီတာ က ပြောသည်။

"ကျမက စံကောင်းစက်ရုံ ရက်ကန်း အလုပ်သမားပါ။ အစာငတ်ခံဆန္ဒဖော်ထုတ်တာ ငါးရက် ရှိသွားပြီ။
ရေသောက်တာကလွဲပြီး ဘာမှ ကျမတို့ မစားဘူး။ အလုပ်ထုတ်ခံရတဲ့ ဘဝတူ အလုပ်သမားတွေ အားလုံးကို အလုပ်ပြန်ရဖို့ပဲ ကျမရင်ထဲမှာ ဆန္ဒရှိနေတယ်" ဟု ဆိုသည်။

အထုတ်ခံထားရသည့် အလုပ်သမား ၄၇ ဦး အလုပ်ပြန်ဆင်းခွင့် ရရေး၊ ဝန်ထမ်းများကို အလုပ်ထုတ်လိုပါက အလုပ်သမားသမဂ္ဂနှင့် အလုပ်သမားဝန်ကြီးဌာန၏ သဘောတူညီချက်များကို ရရှိပြီးမှသာ ထုတ်ပယ်ရန်၊ စက်ရုံအတွင်းရှိ ဝန်ထမ်းများ၏ လစာတိုးမြှင့်ပေးရန် စသည့် အချက်များကို တောင်းဆိုထားသည်။

ထိုစက်ရုံ စီမံခန့်ခွဲမှု ဒါရိုက်တာ ဦးခင်မောင်မြတ် ကမူ ထိုစက်ရုံတွင် အလုပ်သမား ၁,၀၀၀ ကျော်သည့်အနက် ၄၅၀ သာ အလုပ်ပြန်ဆင်း၍ စက်ရုံလည်ပတ်ရန် အခက်အခဲရှိနေကြောင်း မေ ၃၁ ရက်နေ့က ကန်တော်ကြီးရှိ Royal Garden restaurant တွင် ပြုလုပ်သည့် စာနယ်ဇင်းရှင်းလင်းပွဲတွင် ပြောဆိုသွားသည်။

"အလုပ်သမား ၄၇ ဦးကိစ္စကို ကျနော်တို့ဘက်က ခုံသမာဓိ အဆုံးအဖြတ်ကို ခံယူသွားမှာပါ၊ ခုစက်ရုံရှေ့မှာ ဆန္ဒဖော်ထုတ်နေတဲ့ စက်ရုံအလုပ်သမားတွေကိုလည်း အလုပ်က ထုတ်လည်း မထုတ်သေးပါဘူး။ သူတို့ မဝင်ဘူးဆိုရင်တော့ နေ့စားအလုပ်သမားတွေ ခေါ်ပြီး လုပ်ငန်း ပြန်လည်ပတ်နိုင်အောင် ဆောင်ရွက်ရမှာပါ" ဟု ပြောဆိုသွားသည်။

အလုပ်သမားများဘက်မှလည်း တောင်းဆိုသည့် အချက်များကို ရရှိရန် ဆက်လက် ဆန္ဒပြသွားမည်ဟု သမဂ္ဂခေါင်းဆောင် ကိုဝင်းထွန်းအောင် က ပြောသည်။

"ဆန္ဒဖော်ထုတ်သူတွေ အလုပ်ပြန်ဆင်းရင် ဆင်းခွင့်ပေးမယ်ဆိုတာ ခုချိန်ထိ ကျနော်တို့ဆီ လာညှိနှိုင်း
ပြောတာ မရှိသေးပါဘူး။ စက်ရုံဘက်က တရားဝင် လာအကြောင်းမကြားသေးဘဲနဲ့ အလုပ်သမားသမဂ္ဂ
ခေါင်းဆောင်တွေ စက်ရုံဝင်းထဲကို ဝင်ရင် စက်ရုံဘက်ကနေ တရားစွဲဆိုမှုတွေ ရှိလာနိုင်ပါတယ်" ဟု
ထောက်ပြပြောဆိုသည်။

"ခေါင်းတွေ မူးနေတယ်။ ရင်တွေ တုန်နေတာတော့ ရှိနေတယ်။ လဲကျသွားတာလောက် အထိတော့ ကျမ မဖြစ်သေးပါဘူး" ဟု အစာငတ်ခံ ဆန္ဒပြနေသူ စတိုခန်းအလုပ်သမား မမြတ်စိုးစိုးသွယ် က ပြောသည်။

လှိုင်မြို့နယ်၊ ဦးဖိုးမှန်လမ်းရှိ စက္ကူစက်ရုံမီးလောင်မှုဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ အင်းစိန်လမ်းမကြီးနှင့် ပါရီမီလမ်းထောင့် ဘုရားလမ်းမှတ်တိုင်အနီး ဦးဖိုးမှန်လမ်း၌ မေလ (၃၀)ရက်နေ့ ည (၉)နာရီ (၃၀) မိနစ်အချိန်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရှိ ရသည်။

"စက္ကူစက်ရုံမီးလောင်တာပါ။ မီးကဘေးတွေကို မကူးပါဘူး။ စက္ကူစက်ရုံဆိုတော့ အတွင်းထဲမှာ လှိုက်လောင် နေတာ။ မီးသတ်ကားအ၀င်ခက်တော့ နည်းနည်းကြာသွားတာပါ။"ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။

အဆိုပါမီးလောင်မှုသည် စက္ကူစက်ရုံမှ ၀ါယာရှော့ဖြစ်ပွားရာမှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့ဝင် များနှင့် ဒေသခံများက ပြောဆိုသည်။

မီးလောင်မှုကို ည ၁၀ နာရီ ၁၅ မိနစ်ဝန်းကျင်တွင် ငြိမ်းသတ်နိုင်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်နှစ်သိန်းဖြစ်ကြောင်း လှိုင်မြို့နယ် တာဝန်ကျရဲဝန်ထမ်းတစ်ဦးထံက သိရှိရသည်။


သရုပ်ဆောင် ရဲတိုက် တရားရုံးအာမခံဖြင့် ပြန်လည်လွတ်မြောက်လာ

ရုပ်ရှင်သရုပ်ဆောင် ရဲတိုက်သည် ဘာသာ ၊ သာသနာ ညိုးနွမ်းစေသည့် ဥပဒေပုဒ်မ (၂၉၅)(က)ဖြင့် တရားစွဲခံထားရာမှ မေလ(၃၁)ရက်နေ့တွင် ဗိုလ်တစ်ထောင်ရဲစခန်းမှ အာမခံဖြင့် ပြန်လည်လွှတ်ပေးလိုက်ကြောင်း သိရှိရသည်။

 

မေလ (၂၈) ရက်နေ့တွင် သရုပ်ဆောင် ရဲတိုက်သည် စိန့်မေရီကာသီဒြယ် ခရစ်ယာန်ကက်သလစ် ဘုရားကျောင်းသို့ ပထမအကြိမ် ၀င်ရောက်ရာတွင် ဦးထုပ်ဆောင်း၍ ၀င်ခြင်း၊ ရုပ်တုအား နောက်ကျောပေး ၀တ်ပြုခြင်းတို့ကြောင့် ဘုရားကျောင်းမှ တာဝန်ရှိသူတစ်ဦးက တားမြစ်သည့်အခါ ရဲတိုက်မှ ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

 

"၂၈ ရက်နေ့ နေ့လည် သုံးနာရီခွဲလောက်မှာ ရဲတိုက်ကို ထိန်းသိမ်းခဲ့တယ်၊ အခု တရားရုံးက အာမခံ ပေးလို့ လွှတ်ပေးလိုက်တာပါ" ဟု ဗိုလ်တစ်ထောင်မြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

သရုပ်ဆောင် ရဲတိုက်ကို သက်သေအထောက်အထား စစ်ဆေးရန်အတွက် ဆက်လက်ထိန်းသိမ်းထားရန် ချုပ်မိန့် ရမန် တောင်းခံခဲ့ရာ ဗိုလ်တစ်ထောင် တရားရုံးမှ ၂၉ ရက်နေ့ မွန်းလွဲပိုင်းတွင် ချုပ်မိန့် ရမန် ပေးခဲ့ခြင်း ဖြစ်သည်။

 

 "ရဲတိုက်က ဘုရားကျောင်းက သတ်မှတ်ထားတဲ့ စည်းကမ်းနဲ့ မညီညွတ်လို့ ၀င်ခွင့်မပြုခဲ့တာပါ၊ ဘယ်သူမဆို   နိုင်ငံခြားသား ပဲ ဖြစ်ဖြစ် နိုင်ငံသားပဲ ဖြစ်ဖြစ် ဘာသာရေးနဲ့ဆိုင်တဲ့ အဆောက်အအုံ တစ်ခုကို ၀င်မယ်ဆိုရင် အဲဒီ ဘာသာရေး အဆောက်အအုံက သတ်မှတ်ထားတဲ့ စည်းကမ်းကိုတော့ လိုက်နာရမှာပဲလေ" ဟု စိန့်မေရီကာသီဒြယ် ဘုရားကျောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

သရုပ်ဆောင်ရဲတိုက်သည် မေလ (၂၈)ရက် နေ့မှ စတင်ကာ ထိန်းသိမ်းခံခဲ့ရခြင်းဖြစ်ပြီး (၃၁)ရက်နေ့ နေ့လည် (၃း၀၀)နာရီကျော်တွင် ဗိုလ်တစ်ထောင်ရဲစခန်းမှ တရားရုံး အာမခံဖြင့် ပြန်လည်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

 

" ဒီသတင်းတွေကို အွန်လိုင်းမှာလည်း ဖတ်ရတယ်၊ ဂျာနယ်တွေမှာလည်း ဖတ်ရတယ်၊ ဒီလိုမျိုးကတော့ မဖြစ်သင့်ဘူး၊ သရုပ်ဆောင် ဆိုတာမျိုးက Popular ဖြစ်တဲ့ လူတန်းစားထဲကဆိုတော့ သူ့ကို အတုယူနေတဲ့ သူတွေ ရှိမယ်၊ သူ့အတိုင်း လုပ်လိုက်နေတဲ့သူတွေ ရှိမယ်" ဟု ရန်ကုန်မြို့နေ မကျော့ကေခိုင်က ပြောသည်။

 

ဘုရားကျောင်းမှ သရုပ်ဆောင် ရဲတိုက်အား လူသိရှင်ကြား ပြန်လည် တောင်းပန်ပါက ကျေအေးပေးမည် ဆိုခြင်းကြောင့် ရဲတိုက်မှလည်း ပြန်လည်တောင်းပန်ခဲ့ကြောင်း သိရှိရသည်။


၃၁.၅.၂၀၁၀ မှ ၆.၆.၂၀၁၃ ရက်အထိ ၇ရက်သား၊သမီးများအတွက် အထူးဟောစာတမ်း

တနင်္ဂနွေ

အတွေးများ၊စိတ်ကူးယဉ်မှုများ၊ရည်ရွယ်ချက်များဖြင့်သာရှိနေလိမ့်မည်။အကောင်အထည်ဖော်နိုင်မှု အားနည်းနေ လိမ့်မည် ။စွန့်စားမှု၊စူးစမ်းမှုများမပြုလျှင်ကောင်းဦးမည် ။ရည်ရွယ်ချက်မရှိဘဲသွားရသောခရီးများရောက်ဖြစ်မည် ။အကြီးအကဲနှင့်သင်၏အသိုင်းအ၀ိုင်းတို့၏အပြစ်တင်၊အထင်လွဲခံရမည်။အလုပ်အကိုင်ထစ်ငေါ့ပြီးမှအောင်မြင်မည်။ စာမေးပွဲ၊အင်တာဗျူးတို့အောင်မြင်မည်။ထီထိုးပါ။ထီပေါက်မည်။အချစ်ရေးအဆင်ပြေမည်။

အကျိုးပးဂဏန်း.....၁၊၃၊၆

အထူးဟော.......အထစ်အငေါ့အတိုက်အခံများမည်။

ယတြာ....လမ်းပေါ်တနင်္ဂနွေနံနက်တွင်ငွေ၁၀၀ကျပ်ပံ့သကူပြုပါ။

 

တနင်္လာ

သင်၏စိတ်ကူးယဉ်မှုများအကောင်အထည်ဖော်ဖြစ်မည်။ပူပင်တွေးတောနေမှုများပျောက်ကွယ်မည်။ စိုးရိမ်စရာများ အားလုံး ၀မ်းသာစရာများနှင့်ကြုံတွေ့လိမ့်မည်။မရောက်ဘူးသောခရီးများရောက်မည်။ငယ်ပေါင်းများ၊လူခင်၊အဟောင်းမိတ်ဆွေများပြန် ဆုံတွေ့ကြမည်။မိတ်ဆွေသစ်တွေတွေ့မည်။လူချစ်လူခင်များမည်။စာမေးပွဲထူးချွန်စွာအောင်မြင် မည်။ဂုဏ်ထူးပါမည် ။အင်တာဗျူးအောင်မြင်မည်။လုပ်ငန်းသစ်၊နေရာသစ်ရမည်။အိမ်ပြောင်းရွှေ့မှုဖြစ်မည်။အိမ်ထောင်ကျမည်။အချစ်ရေးကောင်း မည်။ထီပေါက်မည်။အနောက်တောင်ခရီးမသွားသင့်ပါ။

 အကျိုးပေးဂဏန်း၂၊၄၊၈

အထူးဟော......ကံကောင်းချမ်းသာမည်။

ယတြာ.....အရှေ့ရပ်ရှိသံဃာကိုဆွမ်းလှူပါ။

 

အင်္ဂါ

စိတ်လေနေမည်။ထွေရာလေးပါးအလုပ်ရှုပ်မည်။အရာရာမှာကိုယ်ကဦးဆောင် ရသလိုဖြစ်နေမည်။သင်သံ သယဖြစ်နေသူမှာ သင်ထင် သလို မဟုတ်မှန်းသိရမည်။ပစ္စည်းပျောက်မည်။ လူလိမ်၊ငွေလိမ်ခံရမည်။ရွှေ၊စက်၊မြေထွက်မည်။အသစ်ပြန်ဝင်မည်။အချစ် သစ်တွေ့ မည် ။အချစ်ဟောင်းသို့မဟုတ်အိမ်ထောင်ဖက်၏အပြစ်တင်၊အထင်လွဲခံရမည်။စပ်တူရှယ်ယာ ရမည်။ငွေကြေးကိစ္စ္စရှုပ်မည်။ခြေ၊လက်တို့ခိုက်မိတတ်သည်။ပညာရေးကောင်းသည်။

 

အကျိုးပေးဂဏန်း၃၊၆၊၉

အထူးဟော.......အိမ်ထောင်ရေးအနှောက်အယှက်ဖြစ်မည်။

ယတြာ........အင်္ဂါနေ့နံနက်တွင်သံဃာတော်သက်စေ့ဆွမ်းလောင်းပါ။

 

ဗုဒ္ဓဟူး

မရောက်ဖူးသောခရီးဝေးများရောက်မည်။အပေါင်းအသင်းများနှင့်ခရီးထွက်ဖြစ်မည်။ပညာရေးအောင်မြင်မည်။စီးပွားရေးအောင်မြင် မည်။အချစ်ရေးကောင်းမည်။ချစ်သူများလာမည်။အလုပ်အကိုင်သစ်များလုပ်ဖြစ်မည်။ရှယ်ယာလုပ်ငန်းများ အဆင်ပြေ မည်။လုပ်ဖြစ်မည်။ဝမ်းဗိုက်၊အစာအိမ်ရောဂါဖြစ်တတ်သည်။ဂရုစိုက်ပါ။စက်ပစည်းများ၊ကား၊ယာဉ်၊မြေ၊အိမ်တို့ပြောင်းလဲဝင်ထွက်မည်။

 

အကျိုးပေးဂဏန်း၂၊၄။၆

အထူးဟော.....အောင်မြင်မှုတွေရမည်။

ယတြာ......ဗုဒ္ဓဟူးနေ့နံနက်တွင်မြတ်စွာဘုရားကိုရွှေသင်္ကန်းကပ်လှူပါ။

 

ကြာသပတေး

 

စိတ်ဓာတ်နှင့်စာရိတ္တတို့ပြုပြင်မှု၊ပြောင်းလဲမှုများပြုလုပ်လာမည်။ကြိုးစားမှုနှင့်တိုးတက်မှုတွေရှိလာမည်။ဘက်စုံထူးချွန်သူဖြစ် လာမည်။ခရီးယာယီများမည်။သူတပါးလေးစားလာအောင်နေလာမည်။လုပ်ငန်း၊ရာထူးတိုးတက်မည်။မိဘ၊သားချင်းတို့၏အချစ်ရေး ၊အိမ်ထောင်ရေးမှာကန့်ကွက်မှုတွေရှိလာမည်။မရောက်ဖူးသောခရီးတွေရောက်မည်။အိမ်ပြင်၊အိမ်ပြောင်းတို့ဖြစ်မည်။စက်၊ယာဉ် တို့ဝင်၊ထွက်မည်။ရုတ်တရက်ခိုက်မိမည်။သူတပါးအရှုပ်ကိုယ့်အရှုပ်ဖြစ်တတ်သည်။ဂရုစိုက်ပါ။

 

အကျိုးပေးဂဏန်း ၅၊၀၊၉

အထူးဟော......အဆင်ပြေအောင်မြင်မည်။

ယတြာ.....ကြာသပတေးနံနက်တွင်ကြာသပတေးနံဘုရားကိုမုန့်ဆွမ်းလှူပါ။

 

သောကြာ

 

ပြီးခဲ့သောရက်များကစိတ်တိုင်းမကျသော်လည်းယခုရက်ပိုင်းအတွင်းအဆင်ပြေအောင်မြင်မှုများဖြစ်လာမည်။စူးစမ်းမှု ၊စမ်းသပ်မှုများအောင်မြင်မည်။ကွက်ကျော်မြင်အကဲခတ်ကောင်းမှုများကြောင့်ထူးချွန်စွာအောင်မြင်မည်။အချစ်ရေးမှာ အပြောင်းအလဲရှိသည်။ခရီးဝေး၊ယာယီတွေရောက်မည်။ကြိုးစားမှုများအဆင်ပြေအောင်မြင်မည်။ကျန်းမာရေးအနည်းငယ်ချုချာမည် ။ထီပေါက်ကိန်းရှိသည်။ထီထိုးပါ။အိမ်ထောင်ရေးကံကောင်းမည်။အလုပ်အကိုင်၊စီးပွားရေးအဆင်ပြေမည်။အကူအညီပေးသူပေါ်မည်။

 

အကျိုးပေးဂဏန်း၆၊၈၊၁

အထူးဟော.....ကံကောင်းမည်။

ယတြာ......သစ်သီး၉မျိုးကိုသောကြာနံဘုရားအားလှူပါ။

 

စနေ

 

ဝမ်းသာရမှာလား၊၀မ်းနည်းရမှာလားဝေခွဲမရသောကာလမှဝမ်းသာစရာတွေကြုံလာပါမည် ။မျှော်လင့်ချက်တွေအောင်မြင်လာမည်။ထီပေါက် ကိန်းရှိသည်။ထီထိုးပါ။မြောက်အရပ်ကဆိုင်ကိုမထိုးပါနှင့် ။အရှေ့ရပ်၊တောင်အရပ်ကဆိုင်ကိုထိုးပါ။အချစ်ရေးကောင်းသည်။လက်ထပ်ဖြစ်မည်ကိုယ်ပိုင်အလုပ်၊၀န်ထမ်း အလုပ်တို့အဆင်ပြေမည်။ကျန်းမာရေးကောင်းမည်။စက်၊ရွှေ၊မြေတို့ဝင်မည်။စီးပွားတက်မည်။ကျော်ကြားမည်။စာမေးပွဲ မုချအောင်မြင်မည်။

 

အကျိုးပေးဂဏန်း၇၊၀၊၂

အထူးဟော......အောင်မြင်မည်။

ယတြာ.......အိမ်ဘုရားကိုရေသက်စေ့လှူပါ။


Thursday, May 30, 2013

ရဲဓါးပြနှစ်ဦးအား ဖမ်းဆီးလက်ထိပ်ခတ်သော ရွာလူကြီးကို ၀ိုင်းမော်ရဲမှူးကပြန်လည် ခြိမ်းခြောက်

ကချင်ပြည်နယ် ၀ိုင်းမော်မြို့ မုတ်ကြိတ်ကျေးရွာတွင် ဓါးပြတိုက်သော အစိုးရ ရဲနှစ်ဦးကို ဖမ်းဆီးလက်ထိပ် ခတ်ပြီး ၀ိုင်းမော်ရဲစခန်းသို့ အပ်နှံပေးခဲ့သော ရွာလူကြီးအား ပြန်လည်တရားစွဲမည်ဟု ရဲမှူးကြီးက  ခြိမ်းခြောက်လိုက်ကြောင်း သိရသည်။

မေလ ၁၂ ရက်နေ့က မုတ်ကြိတ်ကျေးရွာ ဒေါ်နုတ်မျှော်တို့အိမ်တွင် ဓါးပြလာတိုက်သော မြစ်ကြီးနားမြို့ အမှတ် (၃၃) ရဲစခန်းမှ ဦးအောင်အောင်နှင့် ဦးမိုးလွင်ဦးအား ဒေသခံရွာသား ၄ ဦးက ဖမ်းဆီးကာ ၄င်းတို့၏ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးယိန်းခေါထံအပ်ခဲ့သည်။ ဦးယိန်းခေါက ၄င်းဓါးပြအား ၀ိုင်းမော်မြို့ရဲစခန်းသို့ သွားအပ်နှံခဲ့ရာမှ ထိုသို့ခြိမ်းခြောက်ခံရခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

မုတ်ကြိတ်အုပ်ချုပ်ရေးမှူးက ထိုသို့အပ်နှံခဲ့ပြီး ၎င်းကိစ္စနှင့် ၀ိုင်းမော်ရဲစခန်းသို့ ရုံးချိန်းသွားခဲ့ရာ ၀ိုင်းမော်ရဲမှူးချုပ်က ၄င်းအား -  ရဲကို လက်ထိပ်ခတ်တာ တရားစွဲနိုင်တယ်- ဟု  ပြန်လည်ခြိမ်းခြောက်ပြော ဆိုခဲ့သည်ဟု အမည်မဖော်လိုသူ မုတ်ကြိတ်ဒေသခံတစ်ဦးကပြောသည်။

"ရွာလူကြီးက ရဲစခန်းကိုသွားတော့ ရဲတွေကိုင်တဲ့လက်ထိပ်  ဘာဖြစ်လို့ ရဲကိုပြန်ခတ်သလဲ။ ခင်ဗျားကိုဖမ်းလို့ ရတယ် ဆိုပြီး အုပ်ချုပ်ရေးမှူးယိန်းခေါကို ပြန်ခြောက်လိုက်တာတဲ့။"

ထိုမုတ်ကြိတ်ကျေးရွာသို့ ဓါးပြလာတိုက်သော ရဲနှစ်ဦးသည် ၎င်းရွာတွင် တနင်္ဂနွေနေ့တိုင်း ကျေးရွာသားများအား သွားရောက်လက်ထိပ်ခတ်ခြိမ်းခြောက်ကာ  ငွေများ ဓါးပြတိုက်ယူသည်မှာ ၁၁ ကြိမ်ရှိပြီဖြစ်ကြောင်း၊ ၎င်းတို့ ဓါးပြတိုက် ယူဆောင်သွားသော ရွှေလက်စွပ်၊ ဆွဲကြိုးနှင့် ငွေသားများပေါင်းလိုက်လျင် ကျပ်သိန်း ၁၀၀ ကျော်တန်ဖိုးရှိကြောင်း အထက်ပါဒေသခံကပြောသည်။

"တနင်္ဂနွေနေ့တိုင်း ဓါးပြလာတိုက်တာဟုတ်တယ်။ ရွာကလူတွေလဲ အစက ကြောက်လို့ ဘယ်သူမှ မပြောရဲပဲ နေတာ။ အဲဒီနေ့က ဒေါ်နုတ်မျှော်ရဲ့အိမ်မှာ ရဲ ၂ ယောက် ၀င်လာတဲ့အချိန် အိမ်ဘေးနားကလူက ခိုးထွက်သွားပြီး ရွာကလူတွေကိုသွားခေါ်တယ်တဲ့။ ရွာကလူ ၄ ယောက်ဝင်လာတော့ ဒေါ်နုတ်မျှော်ကို အကျီချွတ်ပေးပြီး။ ငွေထုတ်ခိုင်းနေတာတဲ့။ အဲဒီမှာ ရွာလူတွေ ဖမ်းလိုက်တာ ။"

၎င်းဓါးပြအဖွဲ့သည် ရုံးရောက်စစ်ဆေးသည့်အချိန် ၇ ဦးဖြစ်နေကြောင်း ၇ ဦးလုံးအား ရဲကဖမ်းဆီးထားကြောင်း သိရသည်။

"ဓါးပြတိုက်တဲ့နေ့က ၂ ယောက်ကိုတော့ အိမ်ဘေးနားမှာတွေ့တယ်တဲ့ ဒါပေမဲ့  မေးကြည့်တော့ ဧည်သည်တွေပါဆိုလို့ ရွာသားတွေက လွှတ်ပေးလိုက်တာ ။ ၃ ယောက်က တောလမ်းမှာစောင့်နေတာတဲ့။ ရုံးမှာစစ်တော့ အားလုံး ရဲတွေဖြစ်ပြီး အဲဒီထဲက တစ်ယောက်က ၂ ပွင့်ရဲ " ဟု အထက်ပါဒေသခံကပြောသည်။

ယခုချိန် မုတ်ကြိတ်ကျေးရွာအုပ်ချုပ်ရေးမှူးယိန်းခေါကို ၀ိုင်းမော်ရဲစခန်းမှ ရဲကိုင်ဆောင်သော လက်ထိပ်နှင့် ရဲကို ပြန်လည်လက်ထိပ်ခတ်သည်ဟု တရားစွဲရန်ခြိမ်းခြောက်မှု များပြုလုပ် နေပြီး ကျေးရွာဒေသခံများ စိုးရိမ်နေရကြောင်း သိရသည်။

သီးခြား ကချင်နိုင်ငံတည်ထောင်ရန် KNO ကြေညာချက် ထုတ်ပြန်

မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တို့ မေလ ၂၈ ရက်နေ့ ငြိမ်းချမ်းရေးဆွေးနွေးနေချိန် ပြည်ပအခြေစိုက် အကြီးဆုံး ကချင်အဖွဲ့အစည်း KNO မှ  သီးခြားလွတ်လပ်သော ကချင်နိုင်ငံတော်တည် ထောင်ရန် သဘောထား ကြေညာချက် ထုတ်ပြန်ခဲ့သည်။

၎င်းကြေညာချက်ကို UK နိုင်ငံတွင်ကျင်းပသည့် ကချင်အမျိုးသားအစည်းအရုံး (Kachin National Organization - KNO) ဗဟိုလူကြီးများ၏ အစည်းအဝေးမှ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

"KNO ရည်ရွယ်ချက် ပန်းတိုင်ကို ကျနော်တို့ လက်တွေ့လုပ်ဆောင်လာချိန် တခါတလေစိတ်ကူးထားတာနဲ့ လွဲတာရှိတယ်။ အဲဒါကြောင့် မလွဲဖို့အတွက် အမြဲတမ်းသတိရစေဖို့ ဆွေးနွေးတယ်။ ဆုံးဖြတ်တယ်။ ပြီးတော့ သဘောထား ထုတ်ပြန်တာဖြစ်တယ်" ဟု KNO အထွေထွေအတွင်းရေးမှူး ဒူဝါ မခေါခွန်ဆာက  KNG ကချင်သတင်းဌာန သို့ပြောသည်။

၎င်းကြေညာချက်တွင် ကချင်ပြည်နယ်တွင် ကိုယ်ပိုင်အချုပ်အချာအာဏာနှင့်ပြည့်စုံသော သီးခြားလွတ် လပ်သောနိုင်ငံတည်ထောင်ပြီး ထိုနိုင်ငံတွင် ဒီမိုကရေစီအုပ်ချုပ်ရေးစနစ် ကျင့်သုံးသွားမည်ဟု ဆိုထားသည်။

သို့သော် ကချင်၊ ကရင်၊ ကရင်နီ၊ ရခိုင်၊ ရှမ်း၊ ချင်း၊ မွန်နှင့် မြန်မာ တိုင်းရင်းသားများ အားလုံးပါဝင်ပြီး စစ်မှန်သောဖယ်ဒရယ် ပြည်ထောင်စု တည်ထောင်သွားမည်ဆိုပါက KNO အနေဖြင့် ပါဝင်ကြိုးပမ်းသွား မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

မေလ ၂၈ ယမန်နေ့ မြန်မာအစိုးရနှင့် KIO ကြား ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မနောကွင်း မဂျွယ်ခန်းမ ဆောင်တွင် ငြိမ်းချမ်းရေးဆွေးနွေးနေချိန် KNO ဗဟိုအစည်းအဝေးမှ ယခုလို ကြေညာချက်ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

KNO နှင့် KIO သည် "ကချင်အမျိုးသားလွတ်မြောက်ရေး" အတွက် အတူပူးပေါင်းရန် ၂၀၁၁ ဇန်န၀ါရီ ၂၂ ရက်က သဘောတူလက်မှတ် ရေးထိုးခဲ့သည်။