Thursday, August 29, 2013

မန္တလေးတိုင်းအတွင်း ကမ်းပါးပြိုမှုများအတွက် ယာယီထိန်းသိမ်းရေးသာ လုပ်ဆောင်ထားပြီး နိုဝင်ဘာလတွင် မြေထိန်းနံရံများ စတင်တည်ဆောက်မည်


E-29-8

ယက္ခဒီပ ကျေးရွာတွင် သဲမှုတ်သောင်တူးစက်ဖြင့် သဲများပြန်ဖြည့်နေစဉ်

မန္တလေးတိုင်းဒေသကြီး အတွင်း၌ ဧရာဝတီမြစ် ရေတက်ချိန်တွင် မြစ်တစ်လျှောက်ရှိ ကမ်းပါးပြိုကျမှုဒဏ် ခံရသော ကျေးရွာများအား ယာယီကာကွယ်ရေး လုပ်ငန်းများဖြင့် ကမ်းပါးပြိုကျမှု သက်သာစေရန် ဆောင်ရွက်ထားပြီး မြစ်ရေကျချိန်ဖြစ်သော နိုဝင်ဘာလတွင် စတင်ကာ မြေထိန်းနံရံများ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်း မန္တလေးတိုင်းဒေသကြီး အစိုးရ ငွေလုံးငွေရင်း ခွင့်ပြုငွေဖြင့် ဧရာဝတီမြစ်တစ်လျှောက် မန္တလေးတိုင်း ဒေသကြီးအတွင်း ပါဝင်သော စဥ့်ကူးမြို့နယ်၊ မတ္တရာမြို့နယ်၊ ပုသိမ်ကြီးမြို့နယ်၊ ငါးဇွါန်နှင့် မြင်းခြံမြို့နယ်များရှိ ကျေးရွာကိုးရွာတွင် အခိုင်အမာ မြေထိန်းနံရံများ တည်ဆောက်၍ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး ယခုအခါ ရေတက်ချိန်တွင် ရွာခုနစ်ရွာ၌ ယာယီကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ထားကြောင်း သိရသည်။

"ရေတက်ချိန် ဖြစ်နေတာကြောင့် ကမ်းပါးပြိုကျတာ သက်သာစေဖို့ ကမ်းပါးပြိုကျမှု အများဆုံး ဖြစ်ပေါ်နေတဲ့ ရွာ ၇ ရွာကို ယာယီကာကွယ်ထိန်းသိမ်းရေးတွေ လုပ်ဆောင်ခဲ့တယ်။ ယက္ဓဒီပ ကျေးရွာမှာဆိုရင် ရွာတစ်ဖက်ကမ်းက သဲသောင်ပြင်ကနေ သဲမှုတ်သောင်တူးစက်နဲ့ သဲတွေကို တူးယူပြီး ဖို့ပေးခဲ့တယ်။ အခိုင်အမာ နံရံတည်ဆောက်ရေးတွေကိုတော့ ရေကျချိန် နိုဝင်ဘာလ လောက်မှာစပြီး အသေးစိတ်တိုင်းတာ၊ အချက်အလက် စုဆောင်းပြီး တည်ဆောက်မှု အပိုင်းတွေ ပြုလုပ်သွားမှာပါ" ဟု ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန (မန္တလေး)မှ တိုင်းဦးစီးမှူးက ပြောကြားသည်။

ဧရာဝတီမြစ် တစ်လျှောက်ရှိ ကမ်းပါးပြိုကျမှု ကာကွယ်ရေး လုပ်ငန်းများအတွက် တိုင်းဒေသကြီး အစိုးရမှ ကျပ်သိန်းပေါင်း ၁၄၀၆၀ အသုံးပြု ဆောင်ရွက်သွားမည်ဖြစ်ကာ ယာယီထိန်းသိမ်းရေး လုပ်ငန်းများအား ဇူလိုင် ၁ ရက်မှ ဇူလိုင် ၁၃ ရက်အထိ ရွာငါးရွာအား လည်းကောင်း၊ သြဂုတ် ၂ ရက်မှ သြဂုတ် ၁၆ ရက်အထိ ရွာနှစ်ရွာတွင် လည်းကောင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယာယီကာကွယ်ရေး လုပ်ငန်းများကို ဆီသည်၊ ထီးကုန်း-သာယာဝတီ၊ ဟင်္သာမ၊ သဖန်းထောင့်၊ ညောင်ပင်သာ၊ ဆားကြူးအလယ်ရွာနှင့် ယက္ခဒီပ ကျေးရွာတို့တွင် သစ်ခက်ဖြည့် ၀ါးကရစ်ကွက်များ ပြုလုပ်ခြင်း၊ အောက်ခြေရေတိုက်စားမှု ကာကွယ်ရန် ရေတောင်ဝှေ့ချခြင်း၊ သဲအိတ်စီခြင်းနှင့် သဲမှုတ်သောင်တူးစက်ဖြင့် ကမ်းပါးတစ်လျှောက် သဲဖို့ခြင်းများ ဆောင်ရွက်ခဲ့သည်။

ဧရာဝတီမြစ်သည် တစ်နှစ်ထက်တစ်နှစ် အနယ်ပို့ချမှု များလာသောကြောင့် ရေလမ်းကြောင်း ပြောင်းလည်းကာ ကမ်းပါးပြိုမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

ကမ်းပါးပြိုမှုကြောင့် ရွာလုံးကျွတ် ရွှေ့ပြောင်းရခြင်းများ ရှိနေပြီး မြစ်ရိုးတစ်လျှောက် နေထိုင်သူများ အနေဖြင့် နိုင်ငံတော် အစိုးရမှ မြစ်ကြောင်းထိန်းသိမ်းမှုကို ယခုထက်ပိုမို ပြုလုပ်ပေးရန် မျှော်လင့်နေကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။