Thursday, August 29, 2013

သံတွဲမှာ လုံခြုံရေးတိုးချထား

ရခိုင်ပြည်နယ်က သံတွဲမှာ မနေ့က ဘာသာရေး တင်းမာမှု ဖြစ်ခဲ့လို့ အစိုးရက လုံခြုံရေးယူပြီး အချိန်မီ ထိန်းလိုက်နိုင်ခဲ့ပါတယ်။ လောလော ဆယ်မှာ ထပ်ဖြစ်မယ့် လက္ခဏာတွေ မတွေ့ရ ပေမယ့် သံတွဲမှာ လုံခြုံရေး တိုးမြှင့်ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒီပြဿနာဟာ ဘုန်းကြီးကျောင်းဝင်းထဲကို အစ္စလာမ်ဘာသာဝင် မြင့်ထွန်းရဲ့ ဆိတ်တွေ ဝင်ရောက်ရာကနေ ဘုန်းကြီးကို မချေမငံ ဆက်ဆံတယ် ဆိုပြီး စဖြစ် ခဲ့ပါတယ်။ စွပ်စွဲခံရသူကို ဒီနေ့ တရားရုံးမှာ ရုံးထုတ်ပြီး စစ်ဆေးခဲ့တယ်လို့ သံတွဲခရိုင် ရဲတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

သြဂုတ်လ ၂၆ ရက်နေ့ကလည်း ရန်ကုန် တောင်ဥက္ကလာနဲ့ ဧရာဝတီတိုင်း ပန်းတနော်တို့မှာ တင်းမာမှုတွေရှိ ခဲ့သလို အစ္စလာမ်နဲ့ ဗုဒ္ဒဘာသာဝင်တွေ အတူနေကြတဲ့ မြန်မာနိုင်ငံက နေရာဒေသတွေမှာ တစ်ဖက်နဲ့တစ်ဖက် မယုံသင်္ကာမှုတွေ မြင့်လာနေပါတယ်။ မနေ့ကတော့ သံတွဲမှာ ဘုန်းတော်ကြီးကို ဆဲဆိုပြီး ကိုယ်ထိ လက်ရောက် ကျူးလွန်တယ်လို့ သတင်းများ ထွက်လာပြီး ဒေသခံ ၆၀ ခန့်က အဲဒီနေရာကို ရောက်လာတဲ့အတွက် ရဲတပ်ဖွဲ့နှင့် ဒေသခံ အခိျု့က ဝိုင်းဝန်း ထိန်းသိမ်းခဲ့ရပါတယ်။

ဒေသတခိျု့မှာတော့ ဖြစ်ပွားနေတဲ့ ဘာသာရေးနဲ့ လူမျိုးရေး အသွင်ဆောင်တဲ့ တင်းမာမှုတွေကို မပြန့်ပွားအောင် အစိုးရက ထိန်းသိမ်းနိုင်တယ် ဆိုပေမယ့် တစ်နိုင်ငံလုံးမှာ အစိုးရက ထိန်းထားနိုင်ပြီလို့ ပြောလို့မရသေးပါဘူး။ ဒီလို ပြဿနာတွေ ဖြစ်နိုင်တဲ့ အခြေနေတွေ ဖြစ်အောင်လုပ်နေတဲ့သူတွေ ရှိတယ်လို့လည်း အစိုးရဘက်က ထုတ်ပြောထားပေမယ့် တခိျု့ကတော့ အစိုးရကိုယ်တိုင် သိလျက်နဲ့လွှတ်ထားတာလို့ စွပ်စွဲ ပြောဆိုတာတွေ ရှိပါတယ်။

စာရေးဆရာ စည်သူအောင်မြင့်ကတော့ အမုန်းတရားတွေ ပွားများအောင် ဟောပြောလှုံ့ဆော်မှုတွေကြောင့် အခုလို အကြမ်းဖက်မှုတွေ ဖြစ်ရပြီး တရာဝန်ရှိသူတွေဘက်က အရေးယူမှုပိုင်းမှာ နှေးကွေးတာ အားနည်းတာတွေ တွေ့ရကြောင်း သုံးသပ်ပါတယ်။

ဒါ့အပြင် တိုင်းပြည်မှာ အပြောင်းအလဲတွေ လုပ်နေချိန်မှာ သြဇာအာဏာ တည်မြဲလိုသူ တခိျု့က အခြေအနေ မတည်ငြိမ်အောင် လှုံ့ဆော်တာမျိုးလည်း ဖြစ်နိုင်တယ်လို့ စည်သူအောင်မြင့်က သုံးသပ်သွားပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။